ယာကုပ် ၄:၁-၁၇
၄ သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းတို့သည် အဘယ်ကဖြစ်သနည်း။ ထိုအရာတို့သည် သင်တို့ကိုယ်အင်္ဂါများတွင် ဆိုင်ပြိုင်နေသော အလိုဆန္ဒများပြင်းပြသောကြောင့် ဖြစ်သည်မဟုတ်လော။
၂ သင်တို့သည် အလိုဆန္ဒရှိသော်လည်း မရရှိကြ။ လူ့အသက်ကိုသတ်၍ တပ်မက်သော စိတ်ရှိနေသော်လည်း မရနိုင်ကြ။ ရန်တွေ့၍ စစ်တိုက်နေကြ၏။ သင်တို့သည် မတောင်းလျှောက်သောကြောင့် မရရှိကြ။
၃ သင်တို့သည် တောင်းလျှောက်သော်လည်း မရရှိကြ။ အကြောင်းမူကား ပြင်းပြသော အလိုဆန္ဒများအတွက် အသုံးချနိုင်ရန် ရည်ရွယ်ချက်လွဲမှားစွာ တောင်းလျှောက်သော ကြောင့်ဖြစ်၏။
၄ ဖောက်ပြန်သောသူတို့၊ လောကနှင့် မိတ်ဆွေဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ရန်ငြိုးဖွဲ့ခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်၍ လောကနှင့်မိတ်ဆွေဖြစ်လိုသူ မည်သူမဆိုသည် မိမိကိုယ်ကို ဘုရားသခင်၏ရန်သူ ဖြစ်စေ၏။
၅ “ငါတို့၌ရှိသော ငြူစူစိတ်သည် အမျိုးမျိုးသောအရာများကို အဆက်မပြတ် တောင့်တလျက်ရှိ၏” ဟူသော ကျမ်းစကားသည် အချည်းနှီးဖြစ်၏ဟု သင်တို့ ထင်ကြသလော။
၆ သို့ရာတွင် ကိုယ်တော်ပေးသနားသော မဟာကရုဏာတော်သည် သာ၍ကြီးမြတ်၏။ ထို့ကြောင့် “ဘုရားသခင်သည် မောက်မာသောသူတို့ကို ဆန့်ကျင်၍ စိတ်နှိမ့်ချသောသူတို့ကို မဟာကရုဏာတော် ပေးသနားတော်မူသည်” ဟု ဆိုထား၏။
၇ သို့ဖြစ်၍ ဘုရားသခင်ကို လက်အောက်ခံကြလော့။ မာရ်နတ်ကိုမူ ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်။
၈ ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့၏လက်ကို သန့်ရှင်းစေကြလော့။ စိတ်နှစ်ခွရှိသူတို့၊ သင်တို့၏စိတ်နှလုံးကို စင်ကြယ်စေကြလော့။
၉ စိတ်ဆင်းရဲခြင်း၊ ညည်းတွားခြင်းနှင့် ငိုကြွေးခြင်းတို့ ပြုကြလော့။ သင်တို့၏ရယ်မောခြင်းကို ညည်းတွားခြင်း၊ ဝမ်းမြောက်ခြင်းကို ဝမ်းနည်းခြင်းဖြစ်စေလော့။
၁၀ ယေဟောဝါဘုရား၏ရှေ့တော်တွင် မိမိကိုယ်ကို နှိမ့်ချကြလော့။ ကိုယ်တော်သည် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။
၁၁ ညီအစ်ကိုတို့၊ အချင်းချင်း ကဲ့ရဲ့ရှုတ်ချခြင်းကို မပြုကြနှင့်။ ညီအစ်ကိုကို ကဲ့ရဲ့ရှုတ်ချသူဖြစ်စေ၊ စီရင်သူဖြစ်စေ ပညတ်တရားကို ကဲ့ရဲ့ရှုတ်ချ၍ စီရင်ရာရောက်၏။ ယခုမူကား သင်သည် ပညတ်တရားကို စီရင်မည်ဆိုလျှင် ပညတ်တရားကို ကျင့်သောသူမဟုတ်။ စီရင်သောသူဖြစ်၏။
၁၂ ပညတ်တရားပေးပိုင်သောအရှင်၊ တရားစီရင်ပိုင်သောအရှင် တစ်ပါးတည်း ရှိတော်မူ၏။ ကိုယ်တော်သည် ကယ်တင်ခြင်း၊ ဖျက်ဆီးခြင်းတို့ကို ပြုနိုင်တော်မူ၏။ သို့ သော် သင်သည် မည်သူဖြစ်၍ လူသားချင်းကို စီရင်ရသနည်း။
၁၃ “ငါတို့သည် ယနေ့ သို့မဟုတ် မနက်ဖြန် ဤမည်သောမြို့သို့သွား၍ ထိုတွင် တစ်နှစ် ပတ်လုံးနေမည်။ စီးပွားလုပ်၍ အမြတ်ရှာကြမည်” ဟုဆိုတတ်သောသူတို့ လာကြလော့။
၁၄ နက်ဖြန်နေ့၌ သင်တို့အသက်သည် မည်သို့ဖြစ်မည်ကို မသိကြ။ အကြောင်းမူကား သင်တို့သည် မြူခိုးကဲ့သို့ ခဏထင်ရှားပြီးနောက် ပျောက်ကွယ်သွားလိမ့်မည်။
၁၅ သို့ဖြစ်၍ “ယေဟောဝါဘုရား အလိုတော်ရှိလျှင် ငါတို့သည် အသက်ရှင်၍ ဤအမှု၊ ထိုအမှုတို့ကိုလည်း ပြုကြမည်” ဟုသင်တို့ ပြောဆိုသင့်၏။
၁၆ ယခုမူကား သင်တို့သည် မာနထောင်လွှားလျက် ဝါကြွားနေကြ၏။ ထိုသို့သော ဝါကြွားမှုရှိသမျှသည် ဆိုးညစ်၏။
၁၇ ထို့ကြောင့် မှန်ရာကို မည်သို့လုပ်ဆောင်ရမည်အကြောင်း သိလျက်နှင့် မလုပ်ဆောင်သောသူသည် အပြစ်ရှိ၏။