ယောဟန် ၁၃:၁-၃၈

၁၃  ယေရှုသည် ဤလောကမှ ခမည်းတော်ထံသို့ ကြွသွားရမည့်အချိန် ရောက်သည်ကို ပသခါပွဲမခံမီ သိတော်မူ၏။ ဤလောကရှိ မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။ ၂  ညစာစားနေကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏စိတ်နှလုံး၌ ကိုယ်တော်ကို အပ်နှံမည့်အကြံအစည် ထည့်သွင်းထားနှင့်ပြီ။ ၃  ခမည်းတော်သည် အရာခပ်သိမ်းကို မိမိလက်သို့ အပ်ပေးတော်မူကြောင်း၊ မိမိသည် ဘုရားသခင်ထံမှ ထွက်လာ၍ ဘုရားသခင်ထံသို့ ကြွသွားရမည်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူ၏။ ၄  ထို့နောက် စားပွဲမှထ၍ ဝတ်လုံတော်ကို ချွတ်ပြီးလျှင် ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ ၅  ထို့နောက် ရေကို အင်တုံ၌ထည့်၍ တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသော ပဝါနှင့် သုတ်တော်မူ၏။ ၆  ရှိမုန်ပေတရုထံသို့ ရောက်သော် ထိုသူက “သခင်၊ ကျွန်ုပ်၏ခြေကို ဆေးတော်မူမည်လော” ဟုမေးလျှောက်၏။ ၇  ယေရှုကလည်း “သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေးသော်လည်း နောင်မှ နားလည်လိမ့်မည်” ဟုမိန့်တော်မူ၏။ ၈  ပေတရုကလည်း “ကိုယ်တော်သည် ကျွန်ုပ်၏ခြေကို ဘယ်သောအခါမျှ ဆေးတော်မမူရ” ဟုလျှောက်သော်၊ ယေရှုက “သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့်မဆိုင်” ဟုမိန့်တော်မူ၏။ ၉  ရှိမုန်ပေတရုကလည်း “သခင်၊ ကျွန်ုပ်၏ခြေကိုသာမက လက်နှင့် ဦးခေါင်းတို့ကိုပါ ဆေးတော်မူပါ” ဟုလျှောက်ပြန်၏။ ၁၀  ထိုအခါ ယေရှုက “ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံး စင်ကြယ်ပြီးဖြစ်၍ ခြေမှတစ်ပါးဆေးရန် မလို။ သင်တို့သည် စင်ကြယ်ကြ၏။ သို့သော် သင်တို့အားလုံး စင်ကြယ်ကြသည်မဟုတ်” ဟုမိန့်တော်မူ၏။ ၁၁  မိမိအား အပ်နှံမည့်သူကို သိတော်မူသောကြောင့် “သင်တို့အားလုံး စင်ကြယ်ကြသည်မဟုတ်” ဟုမိန့်တော်မူခြင်းဖြစ်၏။ ၁၂  ထိုသို့ သူတို့၏ခြေကို ဆေးတော်မူပြီးမှ ဝတ်လုံကိုဝတ်၍ ထိုင်ပြီးနောက် “သင်တို့၌ ငါပြုခဲ့သောအမှုကို သိကြသလော။ ၁၃  သင်တို့သည် ငါ့ကို ‘ဆရာ၊ သခင်’ ဟူ၍ ခေါ်တတ်ကြ၏။ ထိုသို့ခေါ်ခြင်းသည် လျောက်ပတ်ပေ၏။ အကြောင်းမူကား သင်တို့ ခေါ်ကြသည့်အတိုင်း ငါမှန်၏။ ၁၄  ထို့ကြောင့် ငါသည် သခင်ဖြစ်လျက်၊ ဆရာဖြစ်လျက်နှင့် သင်တို့၏ခြေကို ဆေးပေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကို ဆေးပေးသင့်၏။ ၁၅  ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့လည်း ပြုရမည်အကြောင်း ပုံသက်သေကိုပြခဲ့ပြီ။ ၁၆  ငါအမှန်အကန်ဆိုသည်ကား ကျွန်သည် သခင်ထက် သာ၍ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခံရသူသည်လည်း စေလွှတ်သောသူထက် သာ၍ကြီးမြတ်သည်မဟုတ်။ ၁၇  ဤအရာများကို သင်တို့သိ၍ သိသည့်အတိုင်းကျင့်လျှင် ပျော်ရွှင်ကြ၏။ ၁၈  သင်တို့အားလုံးကို ရည်ဆောင်၍ ငါပြောသည်မဟုတ်။ ငါရွေးကောက်ထားသော သူတို့ကို ငါသိ၏။ သို့ရာတွင် ‘ငါ၏မုန့်ကို စားသောသူသည် ငါ့ကိုခြေနှင့် ကန်လေပြီ’ ဟူသော ကျမ်းစကား ပြည့်စုံရမည်။ ၁၉  ထိုအမှုရောက်သောအခါ ငါသည် ထိုသူဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန် ထိုအမှုမရောက်မီ ယခုပင် သင်တို့အား ငါပြောနှင့်ပြီ။ ၂၀  ငါအမှန်အကန်ဆိုသည်ကား ငါစေလွှတ်သောသူကို လက်ခံသူသည် ငါ့ကိုလည်း လက်ခံ၏။ ငါ့ကိုလက်ခံသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း လက်ခံ၏” ဟုမိန့်တော်မူ၏။ ၂၁  ယေရှုသည် ထိုသို့မိန့်တော်မူပြီးမှ စိတ်နှလုံးတော်ပူပန်၍ “ငါအမှန်အကန်ဆိုသည်ကား သင်တို့တွင် တစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်” ဟုမိန့်တော်မူ၏။ ၂၂  မည်သူကို ရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့ တပ်အပ်မသိသောကြောင့် အချင်းချင်း ကြည့်ကြ၏။ ၂၃  ထိုအခါ ယေရှုချစ်တော်မူသော တပည့်တော်တစ်ပါးသည် ယေရှု၏နံဘေးတွင်* ထိုင်နေသဖြင့်၊ ၂၄  ရှိမုန်ပေတရုသည် ထိုတပည့်တော်အား မျက်ရိပ်ပြလျက် “မည်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကို ပြောပါ” ဟုမေးစေ၏။ ၂၅  ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ “သခင်၊ အဘယ်သူနည်း” ဟုမေးလျှောက်၏။ ၂၆  ယေရှုကလည်း “ဤမုန့် တစ်လုတ်စာကို ငါနှစ်၍ ပေးသောသူဖြစ်၏” ဟုမိန့်တော်မူပြီးလျှင် မုန့်တစ်လုတ်စာကိုနှစ်ပြီး ရှိမုန်ရှကာရုတ်၏သား ယုဒအား ပေးတော်မူ၏။ ၂၇  မုန့်တစ်လုတ်စာကိုယူပြီးသော် စာတန်သည် ထိုသူအထဲသို့ ဝင်လေ၏။ ယေရှုကလည်း “သင်ပြုစရာရှိသည်ကို အမြန်ပြုလော့” ဟုသူ့အား မိန့်တော်မူ၏။ ၂၈  အဘယ်ကြောင့် ထိုသို့မိန့်တော်မူကြောင်း စားပွဲတွင်လျောင်းနေသူ တစ်ယောက်မျှ မသိ။ ၂၉  အချို့က ယုဒသည် ငွေသေတ္တာကို ဆောင်သောကြောင့် “ပွဲတော်အတွက် ငါတို့လိုအပ်မည့်အရာများကို ဝယ်လော့၊” သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။ ၃၀  ထိုအခါ ယုဒသည် မုန့်တစ်လုတ်စာကိုယူပြီးမှ ချက်ချင်းထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။ ၃၁  ထိုသူထွက်သွားပြီးနောက် ယေရှုက “ယခုတွင် လူသားသည် ဘုန်းထင်ရှားလေပြီ။ ဘုရားသခင်သည်လည်း လူသားကြောင့် ဘုန်းတော်ထင်ရှားလေပြီ။ ၃၂  ဘုရားသခင်ကိုယ်တော်တိုင် ထိုသူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ မကြာမီ သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ ၃၃  ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ‘ငါသွားရာအရပ်သို့ သင်တို့ မလာနိုင်ကြ’ ဟုဂျူးတို့အား ငါပြောသကဲ့သို့ ယခု သင်တို့အားလည်း ငါပြော၏။ ၃၄  သင်တို့အချင်းချင်း ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့ဟူသော ပညတ်သစ်ကို ငါပေး၏။ ၃၅  သင်တို့ အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ၃၆  ရှိမုန်ပေတရုက “သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်း” ဟုမေးလျှောက်လျှင်၊ ယေရှုက “ငါသွားရာအရပ်သို့ ယခု သင်မလိုက်နိုင်ရာ။ နောက်မှ လိုက်ရလိမ့်မည်” ဟုမိန့်တော်မူ၏။ ၃၇  ပေတရုကလည်း “သခင်၊ ကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခု မလိုက်နိုင်သနည်း။ ကိုယ်တော့်အတွက် ကျွန်ုပ်အသက်*ကို စွန့်ပါမည်” ဟုလျှောက်လျှင်၊ ၃၈  ယေရှုကလည်း “ငါ့အတွက် သင်၏အသက်*ကို စွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား ကြက်မတွန်မီ သင်သည် သုံးကြိမ်တိုင်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်” ဟုမိန့်တော်မူ၏။

အောက်ခြေမှတ်ချက်များ

သို့မဟုတ်၊ “ယေရှု၏ရင်ခွင်တော်ရှေ့တွင်။”
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။