ယောဟန် ၁၆:၁-၃၃
၁၆ “သင်တို့သည် တိုက်မိ၍မလဲစေရန် ဤစကားကို ငါဟောပြော၏။
၂ လူတို့သည် သင်တို့ကို တရားဇရပ်မှ နှင်ထုတ်ကြလိမ့်မည်။ သင်တို့ကို သတ်သောသူတိုင်းက ဘုရားဝတ်ကိုငါပြုပြီဟု ထင်မှတ်သောကာလ ရောက်လိမ့်မည်။
၃ သူတို့သည် ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုအမှုအရာများကို ပြုကြလိမ့်မည်။
၄ ထိုအချိန်ကာလရောက်သောအခါ ဤသို့ ငါပြောခဲ့သည်ကို သင်တို့သတိရစေရန် ငါပြော၏။
“အစက သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောခဲ့။
၅ ယခုမူ ငါ့ကိုစေလွှတ်တော်မူသော အရှင်ထံသို့ ငါသွားတော့မည်။ သို့သော်လည်း ‘အဘယ်အရပ်သို့ သွားမည်နည်း’ ဟုသင်တို့တစ်ဦးမျှ ငါ့ကိုမမေးကြ။
၆ ဤအကြောင်းအရာများကို ငါပြောသောကြောင့် သင်တို့သည် အလွန်ဝမ်းနည်းကြ၏။
၇ ငါအမှန်အကန်ဆိုသည်ကား သင်တို့အကျိုးအတွက် ငါသွားရမည်။ ငါမသွားလျှင် ကူညီမစသူ*သည် သင်တို့ဆီသို့ အလျှင်းလာမည် မဟုတ်။သွားလျှင်မူကား ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။
၈ ကူညီမစသူ ရောက်လာလျှင် ပြစ်မှားခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားစီရင်ခြင်းအကြောင်းတို့ကို လောကအား ထင်ရှားစွာဖော်ပြမည်။
၉ သူတို့သည် ငါ့ကိုမယုံကြည်ကြသောကြောင့် ပြစ်မှားခြင်းအကြောင်းကို ဖော်ပြမည်။
၁၀ ငါသည် ခမည်းတော်ထံသို့သွား၍ သင်တို့သည် ငါ့ကို မြင်ရတော့မည်မဟုတ်သောကြောင့် ဖြောင့်မတ်ခြင်းအကြောင်းကိုဖော်ပြမည်။
၁၁ ဤလောကကို အုပ်စိုးသူသည် တရားစီရင်ခြင်းကိုခံရပြီဖြစ်၍ တရားစီရင်ခြင်းအကြောင်းကို ဖော်ပြမည်။
၁၂ “သင်တို့အား ငါပြောစရာ များစွာ ရှိသေးသော်လည်း သင်တို့သည် ယခု မခံယူနိုင်ကြ။
၁၃ သို့သော် အမှန်တရားကိုဖော်ပြသော စွမ်းအားတော် ရောက်လာသောအခါ အမှန်တရားကို သင်တို့ အပြည့်အဝနားလည်စေရန် သွန်သင်ပြသလိမ့်မည်။ အကြောင်းမူကား ထိုစွမ်းအားတော်သည် ကိုယ့်သဘောအတိုင်း ဟောပြောမည်မဟုတ်။ ကြားသမျှကိုဟောပြောလိမ့်မည်။ နောင်ဖြစ်လာမည့် အမှုအရာများကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။
၁၄ ထိုစွမ်းအားတော်သည် ငါ့ထံမှရရှိသော စကားများကို သင်တို့အား ဖော်ပြမည်ဖြစ်သောကြောင့် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။
၁၅ ခမည်းတော်၌ရှိသမျှသည် ငါပိုင်ဆိုင်ရာဖြစ်၏။ ထို့ကြောင့် ထိုသူသည် ငါ့ထံမှရရှိသော စကားများကိုခံယူ၍ သင်တို့အား ဖော်ပြလိမ့်မည်ဟု ငါဆို၏။
၁၆ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ တစ်ဖန် ခဏကြာပြီးမှ မြင်ရကြလိမ့်မည်။”
၁၇ ထို့နောက် တပည့်တော်အချို့က “‘ခဏကြာပြီးမှ သင်တို့သည် ငါ့ကို မြင်ရတော့မည်မဟုတ်။ တစ်ဖန် ခဏကြာပြီးမှ မြင်ရကြလိမ့်မည်၊အကြောင်းမူကား ခမည်းတော်ထံသို့ ငါသွားမည်’ ဟူ၍မိန့်ဆိုသောစကားသည် အဘယ်သို့နည်း” ဟုအချင်းချင်း ပြောဆိုကြ၏။
၁၈ ထို့ကြောင့် သူတို့က “‘ခဏကြာပြီးမှ’ ဟုဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။ မည်သည့်အကြောင်း မိန့်တော်မူသည်ကို ငါတို့မသိ” ဟူ၍ အချင်းချင်း ပြောဆိုကြ၏။
၁၉ တပည့်တော်တို့ မေးလျှောက်လိုကြောင်း ယေရှုသိလျှင် ဤသို့မိန့်တော်မူ၏။ “ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမြင်ရတော့မည် မဟုတ်။ တစ်ဖန် ခဏကြာပြီးမှ မြင်ရကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆွေးနွေးမေးမြန်းကြသလော။
၂၀ ငါအမှန်အကန်ဆိုသည်ကား သင်တို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကမူကား ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြသော်လည်း ထိုဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်ပြန်လိမ့်မည်။
၂၁ အမျိုးသမီးတစ်ဦးသည် မီးဖွားချိန်ရောက်သောအခါ ဝေဒနာခံစားရ၏။ ကလေးမွေးဖွားပြီးသောအခါ ဤလောကထဲသို့ လူတစ်ဦးကိုဖွားမြင်သဖြင့် ဝမ်းမြောက်၍ ခံစားခဲ့ရသောဝေဒနာကို သတိမရတတ်။
၂၂ ထိုနည်းတူ သင်တို့သည် ယခု အလွန်ဝမ်းနည်းကြသော်လည်း ငါနှင့်ပြန်တွေ့ရမည်ဖြစ်၍ သင်တို့၏စိတ်နှလုံး ဝမ်းမြောက်ရလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို မည်သူမျှ မယူရာ။
၂၃ ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်း မမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား သင်တို့သည် ခမည်းတော်ထံ ဆုတောင်းသမျှကို ခမည်းတော်သည် ငါ၏နာမကိုထောက်၍ ပေးတော်မူမည်။
၂၄ ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့၏ဝမ်းမြောက်ခြင်း ပြည့်ဝစုံလင်စေရန် တောင်းကြလော့။ တောင်းလျှင် ရကြလိမ့်မည်။
၂၅ “ဤအကြောင်းအရာများကို ပုံဆောင်စကားများဖြင့် သင်တို့အား ငါဟောပြောခဲ့ပြီ။ ပုံဆောင်စကားများနှင့် မဟောဘဲ ခမည်းတော်၏အကြောင်းကို ရိုးရှင်းစွာ ဖော်ပြမည့် အချိန်နာရီ ရောက်လာလိမ့်မည်။
၂၆ ထိုနေ့ရက်ကာလရောက်သောအခါ သင်တို့သည် ငါ၏နာမဖြင့် တောင်းလျှောက်ကြလိမ့်မည်။ ခမည်းတော်ထံ သင်တို့အတွက် ငါတောင်းလျှောက်မည် ဟုဆိုသည်မဟုတ်။
၂၇ အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်ခင်ကြ၍ ငါသည် ခမည်းတော်၏ကိုယ်စားလှယ်အဖြစ် ကြွလာသည်ကို ယုံကြသောကြောင့် ခမည်းတော်ကိုယ်တော်တိုင် သင်တို့ကို ချစ်ခင်တော်မူ၏။
၂၈ ငါသည် ခမည်းတော်ထံမှကြွလာ၍ ဤလောကသို့ ရောက်လာပြီ။ တစ်ဖန် ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်။”
၂၉ ထိုအခါ တပည့်တော်တို့က “ကိုယ်တော်သည် ယခုတွင် ပုံဆောင်စကားမပါဘဲ ရိုးရှင်းစွာ ဟောပြောတော်မူ၏။
၃၀ ကိုယ်တော်သည် အလုံးစုံကို သိတော်မူကြောင်း၊ ကိုယ်တော်အားမည်သူမျှ မေးလျှောက်ရန်မလိုကြောင်း ယခုကျွန်ုပ်တို့သိပါပြီ။ ဤအကြောင်းကြောင့် ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာကြောင်း ယုံကြပါပြီ” ဟုလျှောက်ဆိုကြ၏။
၃၁ ယေရှုက “ယခု ယုံကြပြီလော။
၃၂ သင်တို့သည် ငါ့ကို တစ်ကိုယ်တည်း ပစ်ထားလျက် မိမိတို့နေရာသို့ အသီးသီး ကွဲလွင့်မည့်အချိန် ရောက်တော့မည်။ ထိုအချိန်သည် ယခုပင် ရောက်လေပြီ။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်း မဟုတ်။ အကြောင်းမူကား ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။
၃၃ သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခကို ခံရကြ၏။ သို့သော်လည်း အားယူကြလော့။ ငါသည် လောကကိုအောင်ပြီ” ဟုမိန့်တော်မူ၏။
အောက်ခြေမှတ်ချက်များ
^ ယောဟန် ၁၄:၁၆ ၏အောက်ခြေမှတ်ချက်ကိုရှု။