ယောဟန် ၂၁:၁-၂၅
၂၁ ထို့နောက် ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား တစ်ဖန် ကိုယ်ကိုထင်ရှားပြတော်မူ၏။ ထင်ရှားတော်မူပုံမှာ ဤသို့ဖြစ်၏။
၂ ရှိမုန်ပေတရု၊ အမြွှာဟုခေါ်သည့် သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားများနှင့် အခြားတပည့်တော်နှစ်ဦးတို့သည် အတူရှိနေကြစဉ်၊
၃ ရှိမုန်ပေတရုက “ငါးဖမ်းသွားမည်” ဟုဆိုလျှင် ထိုသူတို့က “ငါတို့လည်း လိုက်မည်” ဟုဆိုကြ၏။ သူတို့သည် ထွက်သွား၍ လှေပေါ်သို့ တက်ကြ၏။ သို့သော် ထိုညတွင် ငါးတစ်ကောင်မျှ မရကြ။
၄ မိုးလင်းစအချိန်တွင် ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်ကြောင်း တပည့်တော်တို့ မသိကြ။
၅ ယေရှုကလည်း “ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလော” ဟုမေးတော်မူလျှင် “မရှိပါ” ဟုပြန်ပြောကြ၏။
၆ ယေရှုကလည်း “လှေလက်ယာဘက်တွင် ပိုက်ကွန်ချလော့။ ရလိမ့်မည်” ဟုမိန့်တော်မူသည့်အတိုင်း ထိုသူတို့ ပိုက်ကွန်ချသောအခါ ငါးအမြောက်အမြား ဖမ်းမိ၍ ပိုက်ကို မဆွဲတင်နိုင်ကြ။
၇ ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က “သခင်ပေတည်း” ဟုပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို အင်္ကျီချွတ်ထားသော ရှိမုန်ပေတရုသည် ကြားလျှင် အပေါ်အင်္ကျီကိုဝတ်ပြီး အိုင်ထဲသို့ ခုန်ဆင်းလေ၏။
၈ အခြားသောတပည့်တော်တို့သည် ကမ်းစပ်နှင့်မဝေး၊ ကိုက်တစ်ရာခန့်သာ ဝေးကွာသဖြင့် လှေငယ်စီး၍ ငါးနှင့်ပြည့်နေသော ပိုက်ကွန်ကို ဆွဲငင်လျက် လာကြ၏။
၉ ကုန်းပေါ်သို့ရောက်သော် မီးသွေးမီးပုံ၊ မီးပုံပေါ်တွင်ကင်ထားသော ငါးနှင့်မုန့်ကို တွေ့ မြင်ကြ၏။
၁၀ ထိုအခါ ယေရှုက “ယခု ဖမ်းမိသော ငါးအချို့ကို ယူခဲ့ကြ” ဟုမိန့်တော်မူ၏။
၁၁ ထို့ကြောင့် ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ချေ။
၁၂ ယေရှုကလည်း “လာ၍ နံနက်စာကို စားကြလော့” ဟုမိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် “ကိုယ်တော်သည်မည်သူနည်း” ဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။
၁၃ ယေရှုသည် မုန့်ကိုသွားယူ၍ တပည့်တော်တို့အား ပေးကမ်းပြီးလျှင် ငါးကိုလည်း ပေးတော်မူ၏။
၁၄ ယေရှုသည် သေခြင်းမှထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား ထိုသို့ကိုယ်ကိုထင်ရှားပြသည်မှာ တတိယအကြိမ်မြောက်ဖြစ်၏။
၁၅ နံနက်စာကို စားကြပြီးနောက် ယေရှုက “ယောဟန်၏သားရှိမုန်၊ သင်သည် ဤငါးများကို ချစ်သည်ထက် ငါ့ကိုသာ၍ချစ်သလော” ဟုရှိမုန်ပေတရုအား မေးတော်မူလျှင် “ချစ်ပါ၏သခင်၊ ကိုယ်တော်ကို ကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော် သိတော်မူပါ၏” ဟုပြန်လျှောက်သော် “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” ဟုမိန့်တော်မူ၏။
၁၆ တစ်ဖန် ယေရှုက “ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော” ဟုဒုတိယအကြိမ်မေးတော်မူလျှင် “ချစ်ပါ၏သခင်၊ ကိုယ်တော်ကို ကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏” ဟုလျှောက်သော် “ငါ၏သိုးသငယ်တို့ကို ထိန်းလော့” ဟုမိန့်တော်မူ၏။
၁၇ ယေရှုကလည်း “ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော” ဟုတတိယအကြိမ် မေးတော်မူလျှင် “သင်သည် ငါ့ကိုချစ်ခင်သလော” ဟုတတိယအကြိမ် မေးတော်မူသောကြောင့် ပေတရုသည် ဝမ်းနည်းသဖြင့် “သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းကို သိတော်မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိတော်မူပါ၏” ဟုလျှောက်သော် ယေရှုက “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့။
၁၈ ငါအမှန်အကန်ဆိုသည်ကား သင်သည် ငယ်ရွယ်စဉ်အခါ ကိုယ်ကိုခါးစည်း၍ သွားလိုရာသို့ သွားတတ်၏။ သို့သော် အိုသောအခါ သင်၏လက်နှစ်ဖက်ကို ဆန့်ပြီးလျှင် သူတစ်ပါးသည် သင့်ကို ခါးစည်းပေး၍ သင်မသွားလိုသောအရပ်သို့ ခေါ်သွားလိမ့်မည်” ဟုမိန့်တော်မူ၏။
၁၉ ထိုသို့မိန့်တော်မူခြင်းမှာ ပေတရုသည် အဘယ်သေခြင်းမျိုးဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်ဖြစ်ကြောင်း အရိပ်ပြခြင်းဖြစ်၏။ ထိုသို့မိန့်တော်မူပြီးမှ “ငါ့နောက်သို့ ဆက်၍လိုက်လော့” ဟုပေတရုအား မိန့်တော်မူ၏။
၂၀ ပေတရုသည် လှည့်၍ကြည့်သော် ယေရှုချစ်တော်မူသောတပည့်တော် လိုက်လာကြောင်းကို မြင်လေ၏။ ထိုတပည့်တော်သည် ညစာစားသောအခါ ရင်တော်ကိုမှီ၍ ထိုင်လျက် “သခင်၊ ကိုယ်တော်ကိုအပ်နှံမည့်သူကား မည်သူနည်း” ဟုမေးသော တပည့်တော်ဖြစ်၏။
၂၁ ထိုသူကိုမြင်သောအခါ ပေတရုက “သခင်၊ ဤသူကော မည်သို့နည်း” ဟုမေးလျှောက်သော်၊
၂၂ ယေရှုက “ငါကြွလာသည်တိုင်အောင် သူ့ကို ငါရှိနေစေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့ ဆက်၍လိုက်လော့” ဟုမိန့်တော်မူ၏။
၂၃ ထို့ကြောင့် ထိုတပည့်တော် သေမည် မဟုတ်ဟူသော စကားသည် ညီအစ်ကိုတို့တွင် ပျံ့နှံ့သွားလေ၏။ သို့သော် ထိုသူမသေရဟု ယေရှုမိန့်တော်မူခြင်းမဟုတ်၊ “ငါကြွလာသည်တိုင်အောင် သူ့ကို ငါရှိနေစေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း” ဟုမိန့်တော်မူခြင်းဖြစ်၏။
၂၄ ထိုတပည့်တော်ကား ဤအကြောင်းအရာများကို သက်သေခံ၍ ရေးသားသောသူဖြစ်၏။ သူ၏သက်သေခံချက်သည် မှန်ကြောင်း ငါတို့သိကြ၏။
၂၅ ယေရှုပြုတော်မူသော အခြားအမှုအရာများစွာ ရှိသေး၏။ ထိုအမှုအရာရှိသမျှကို အသေးစိတ်ရေးထားလျှင် မြေကြီးမဆံ့နိုင်အောင် ကျမ်းစာလိပ်များပြားလိမ့်မည် ဟု ငါထင်မှတ်၏။