ယောဟန် ၃:၁-၃၆

 ဂျူးလူမျိုးတွင် လူကြီးတစ်ဦးဖြစ်သော နိကောဒင် ဆိုသူဖာရိရှဲတစ်ဦး ရှိ၏။ ၂  သူသည် ညအခါ ယေရှုထံ လာ၍ “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်ထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို ကျွန်ုပ်တို့သိပါ၏။ အကြောင်းမူကား ဘုရားသခင် ပါရှိတော်မမူလျှင် ကိုယ်တော်ပြသော နိမိတ်လက္ခဏာများကို မည်သူမျှ မပြနိုင်ပါ” ဟု ဆိုသော်၊ ၃  ယေရှုက “ငါအမှန်အကန်ဆိုသည်ကား၊ မည်သူမဆို တစ်ဖန်မွေးဖွားခြင်းကို မခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ” ဟု ဖြေဆိုလေ၏။ ၄  နိကောဒင်ကလည်း “အသက်ကြီးသောသူသည် မွေးဖွားခြင်းကို မည်သို့ ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ ပြန်ဝင်ပြီးလျှင် ဒုတိယအကြိမ် မွေးဖွားခြင်းကို ခံနိုင်ပါမည်လော” ဟု လျှောက်၏။ ၅  ထိုအခါ ယေရှုက “ငါအမှန်အကန်ဆိုသည်ကား၊ ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း မွေးဖွားခြင်းကိုမခံလျှင် မည်သူမျှ ဘုရားသခင့်နိုင်ငံတော်သို့ မဝင်ရ။ ၆  အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားနှင့်ဆိုင်၏။ ဘုရားသခင်၏စွမ်းအားတော်*ဖြင့် မွေးဖွားသောအရာသည် ကောင်းကင်နှင့်ဆိုင်၏။ ၇  သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကို ခံရမည်ဟု ငါပြောသည့်အတွက် အံ့သြခြင်း မရှိနှင့်။ ၈  လေ*သည် တိုက်လိုရာသို့ တိုက်တတ်၏။ လေ၏အသံကို ကြားရသော်လည်း အဘယ်အရပ်က တိုက်လာသည်၊ အဘယ်အရပ်သို့ တိုက်လိမ့်မည်ကို သင်မသိ။ စွမ်းအားတော်ဖြင့် မွေးဖွားသူတိုင်းသည်လည်း ထိုနည်းတူပင်ဖြစ်၏” ဟု ဖြေကြားတော်မူ၏။ ၉  နိကောဒင်ကလည်း “ဤအမှုအရာများသည် မည်သို့ ဖြစ်နိုင်ပါမည်နည်း” ဟု မေးလျှောက်ပြန်လျှင်၊ ၁၀  ယေရှုဤသို့ မိန့်တော်မူ၏။ “သင်သည် အစ္စရေးလူတို့တွင် ဆရာဖြစ်လျက်ပင် ဤအမှုအရာကို မသိသလော။ ၁၁  ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြောကြ၏။ ကိုယ်မြင်သောအရာကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့၏သက်သေခံချက်ကို သင်တို့သည် မခံယူကြ။ ၁၂  မြေကြီးနှင့်ဆိုင်သောအရာများကို ငါပြောသောအခါ သင်တို့ မယုံလျှင် ကောင်းကင်နှင့်ဆိုင်သော အရာများကို ငါပြောသောအခါ မည်သို့ ယုံကြလိမ့်မည်နည်း။ ၁၃  ကောင်းကင်ဘုံမှ ဆင်းသက်လာသော လူသားမှတစ်ပါးမည်သူမျှ ကောင်းကင်ဘုံသို့မတက်ဖူး။ ၁၄  မောရှေသည် တောအရပ်တွင် မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ ၁၅  အကြောင်းမူကား ထိုလူသားကို ယုံကြည်သူအပေါင်းတို့သည် ထာဝရအသက်ရရန်ဖြစ်၏။ ၁၆  “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။ ၁၇  ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်ရခြင်းမှာ လောကကို တရားစီရင်ရန်မဟုတ်၊ သားတော်အားဖြင့် ဤလောကကို ကယ်တင်ရန်ဖြစ်၏။ ၁၈  ကိုယ်တော်ကို ယုံကြည်ကြောင်း တင်ပြသောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ ယုံကြည်ကြောင်း မတင်ပြသောသူမူကား ဘုရားသခင့်တစ်ပါးတည်းသော သားတော်၏နာမကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရပြီ။ ၁၉  အပြစ်စီရင်ခြင်း ခံရသည့်အကြောင်းကား အလင်းသည် ဤလောကသို့ ဝင်ပြီးသော်လည်း လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့် အလင်းထက် မှောင်မိုက်ကို သာ၍ နှစ်သက်ကြ၏။ ၂၀  အကြောင်းမူကား ဆိုးညစ်သောအကျင့်ကို ကျင့်သောသူသည် အလင်းကိုမုန်း၍ မိမိတို့ အကျင့်များပေါ်မည်စိုး၍ အလင်းသို့ မချဉ်းကပ်ဝံ့ကြ။ ၂၁  ဖြောင့်မတ်သောအကျင့်ကို ကျင့်သောသူမူကား ဘုရားသခင်၏အလိုတော်နှင့်အညီ ပြုမူကျင့်ကြံကြောင်း ထင်ရှားစေရန် အလင်းသို့ ချဉ်းကပ်လာတတ်၏။” ၂၂  ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်ကျေးလက်ဒေသသို့ ကြွတော်မူပြီး ထိုအရပ်၌ တပည့်တော်တို့နှင့် အတူနေ၍ နှစ်ခြင်းပေးတော်မူ၏။ ၂၃  ယောဟန်သည်လည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်၌ ရေများသောကြောင့် နှစ်ခြင်းပေးနေသဖြင့် လူများတို့သည် လာ၍ နှစ်ခြင်းခံကြ၏။ ၂၄  ထိုအချိန်တွင် ယောဟန်သည် ထောင်မကျသေး။ ၂၅  ထိုအခါ ယောဟန်၏ တပည့်များသည် သန့်စင်ခြင်းအကြောင်းကို ဂျူးတစ်ဦးနှင့် ဆွေးနွေးငြင်းခုံကြ၏။ ၂၆  သူတို့သည် ယောဟန်ထံလာ၍ “ရဗ္ဗိ၊ ဂျော်ဒန်မြစ်တစ်ဖက်၌ ကိုယ်တော်နှင့်အတူရှိဖူးသူ၊ သူ့အကြောင်း ကိုယ်တော်သက်သေခံခဲ့ဖူးသူသည် နှစ်ခြင်းပေးနေသဖြင့် လူအပေါင်းတို့သည် ထိုသူ့ထံသို့ သွားနေကြပါ၏” ဟု လျှောက်ကြလျှင်၊ ၂၇  ယောဟန်က “ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှ မရနိုင်။ ၂၈  ငါသည် ခရစ်တော်မဟုတ်၊ ခရစ်တော်၏ရှေ့မှ စေလွှတ်ခံရသူဖြစ်သည်ဟု ငါဆိုခဲ့သည်ကို သင်တို့ကိုယ်တိုင်ပင် သက်သေဖြစ်ကြ၏။ ၂၉  သတို့သမီးကို ရသောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်နေ၍ သတို့သား၏ စကားကိုကြားရသော မိတ်ဆွေသည် သတို့သား၏ စကားသံကြောင့် အလွန်ဝမ်းမြောက်၏။ သို့ဖြစ်၍ ငါ၏ဝမ်းမြောက်ခြင်းသည်လည်း ပြည့်ဝစုံလင်လေပြီ။ ၃၀  ထိုသူသည် တိုးပွားနေရမည်။ ငါမူကား ဆုတ်ယုတ်သွားရမည်” ဟု ဖြေဆို၏။ ၃၁  အထက်အရပ်မှ ကြွလာသောသူသည် အလုံးစုံ၏အထွတ် ဖြစ်တော်မူ၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့်စပ်ဆိုင်၍ မြေကြီးအရာကို ပြောတတ်၏။ ကောင်းကင်ဘုံမှ ကြွလာသောသူသည် အလုံးစုံ၏ အထွတ်ဖြစ်တော်မူ၏။ ၃၂  ထိုသူသည်မြင်ခဲ့၊ ကြားခဲ့သောအရာများကို သက်သေခံတော်မူ၏။ သို့သော်လည်း ကိုယ်တော်၏သက်သေခံချက်ကို မည်သူမျှ မခံယူကြ။ ၃၃  သက်သေခံတော်မူချက်ကို ခံယူသူမူကား ဘုရားသခင်သည် မှန်ကန်တော်မူကြောင်း တံဆိပ်ခတ်သူဖြစ်၏။ ၃၄  ဘုရားသခင် စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏ စကားတော်များကို ပြောဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် စွမ်းအားတော်ကို အတိုင်းအဆမရှိဘဲ ပေးတော်မူ၏။ ၃၅  ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ အရာခပ်သိမ်းကို သားတော်၏လက်သို့ အပ်ပေးတော်မူပြီ။ ၃၆  သားတော်ကို ယုံကြည်ကြောင်း တင်ပြသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ငြင်းပယ်သူမူကား အသက်ကို ရလိမ့်မည် မဟုတ်။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “နျူမာ။”
ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။