ယောဟန် ၄:၁-၅၄
၄ ယေရှုသည် ယောဟန်ထက် သာ၍ များသောသူတို့အား တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးကြောင်း ဖာရိရှဲတို့ ကြားကြပြီဟု သခင်သိတော်လျှင်၊
၂ (ယေရှုကိုယ်တော်တိုင် နှစ်ခြင်းမပေးဘဲ တပည့်တော်တို့က ပေးကြခြင်းဖြစ်၏။)
၃ ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တစ်ဖန်ကြွတော်မူသော်၊
၄ ရှမာရိပြည်ကို ဖြတ်သွားရ၏။
၅ ထိုအခါ ရှုခါအမည်ရှိသော ရှမာရိမြို့တစ်မြို့သို့ ရောက်တော်မူ၏။ ထိုမြို့သည် သားဖြစ်သူ ယောသပ်အား ယာကုပ်ပေးခဲ့သော မြေကွက်အနီးတွင်ရှိ၏။
၆ ထိုအရပ်၌ ယာကုပ်၏ စမ်းရေတွင်း ရှိ၏။ ယေရှုသည် ခရီးပန်းသောကြောင့် ထိုရေတွင်းအနီးသို့ ရောက်သော် ထိုင်နေတော်မူ၏။ ထိုအချိန်သည် မွန်းတည့်အချိန်ခန့်ဖြစ်၏။
၇ ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ရန် ရောက်လာ၏။ ထိုအခါ ယေရှုက “ငါသောက်ဖို့ ရေပေးပါ” ဟု ဆိုလေ၏။
၈ တပည့်တော်တို့သည် စားစရာဝယ်ရန် မြို့ထဲသို့သွားကြပြီ။
၉ ထို့ကြောင့် ရှမာရိအမျိုးသမီးကလည်း “သင်သည် ဂျူးလူမျိုးဖြစ်လျက်ပင် ရှမာရိမိန်းမဖြစ်သော ကျွန်မကို အဘယ်ကြောင့် သောက်ဖို့ ရေတောင်းသနည်း” ဟု လျှောက်ဆို၏။ ထိုသို့ဆိုရခြင်းမှာ ဂျူးတို့သည် ရှမာရိတို့နှင့် ပေါင်းသင်းခြင်းမရှိကြ၍ ဖြစ်၏။
၁၀ ယေရှုကလည်း “ဘုရားသခင်ပေးသော ဆုကျေးဇူးကိုလည်းကောင်း၊ ‘ငါသောက်ဖို့ ရေပေးပါ’ ဟု ဆိုသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိလျှင် ထိုသူကို တောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု မိန့်တော်မူသော်၊
၁၁ ထိုအမျိုးသမီးက “သခင်၌ ရေခပ်စရာ ရေပုံးပင် မရှိပါ။ ရေတွင်းလည်း နက်ပါ၏။ သို့ဖြစ်၍ ထိုအသက်ရေကို အဘယ်နေရာမှ ရပါမည်နည်း။
၁၂ ဤရေတွင်းကို ကျွန်မတို့၏အဖ ယာကုပ်သည် ကျွန်မတို့အား ပေး၏။ သူကိုယ်တိုင်မှစ၍ သားများ၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ခဲ့ကြ၏။ သခင်သည် ထိုသူထက် သာ၍ကြီးမြတ်သလော” ဟု လျှောက်ဆို၏။
၁၃ ယေရှုက “ဤရေကို သောက်သောသူတိုင်း နောက်တစ်ဖန် ရေငတ်ဦးမည်။
၁၄ ငါပေးသောရေကို သောက်သူတိုင်း ဘယ်သောအခါမျှ ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရစေရန် ထွက်သောစမ်းရေ ဖြစ်လိမ့်မည်” ဟုမိန့်တော်မူ၏။
၁၅ ထိုအမျိုးသမီးကလည်း “သခင်၊ ကျွန်မသည် ရေမငတ်စေရန်လည်းကောင်း၊ ဤနေရာသို့ ရေခပ်မလာရစေရန်လည်းကောင်း ထိုရေကိုပေးပါ” ဟု တောင်းလျှောက်လေ၏။
၁၆ ယေရှုက “သွား၍ သင်၏ခင်ပွန်းကို ဤနေရာသို့ ခေါ်လာလော့” ဟု မိန့်တော်မူ၏။
၁၇ ထိုအမျိုးသမီးကလည်း “ကျွန်မ၌ ခင်ပွန်းမရှိပါ” ဟု ဆိုလျှင်၊ ယေရှုက “‘ကျွန်မ၌ ခင်ပွန်းမရှိပါ’ ဟူသော စကားသည် မှန်ပေ၏။
၁၈ သင်၌ ခင်ပွန်းငါးဦး ရှိခဲ့ဖူးပြီ။ ယခု သင်နှင့်အတူနေသောသူသည် သင်၏ခင်ပွန်း မဟုတ်။ သင်သည် အမှန်အတိုင်း ပြောလေပြီ” ဟု မိန့်တော်မူပြန်၏။
၁၉ ထိုအမျိုးသမီးက “သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်ကြောင်း ကျွန်မ ရိပ်မိပါ၏။
၂၀ ကျွန်မတို့ ဘိုးဘေးများသည် ဤတောင်ပေါ်တွင် ကိုးကွယ်လေ့ရှိကြပါ၏။ ဂျေရုဆလင်မြို့တွင်သာ ကိုးကွယ်ရမည်ဟု ဆိုကြ၏” ဟု လျှောက်လေသော်၊
၂၁ ယေရှုက “အချင်းမိန်းမ၊ ငါ့ကို ယုံလော့။ ဤတောင်သို့မလာ၊ ဂျေရုဆလင်မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့် အချိန်ကာလ ရောက်လာတော့မည်။
၂၂ သင်တို့သည် မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့မူကား သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား ဂျူးတို့ထံမှ ကယ်တင်ခြင်းဖြစ်ပေါ်လာ၏။
၂၃ စစ်မှန်သော ကိုးကွယ်သူတို့သည် စွမ်းအားတော်*၏ လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအချိန်သည် ယခုပင် ရောက်နေ၏။ အကြောင်းမူကား ထိုသို့ကိုးကွယ်မည့်သူတို့ကို ခမည်းတော်ရှာတော်မူ၏။
၂၄ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကိုးကွယ်သောသူတို့သည် စွမ်းအားတော်၏ လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ကိုးကွယ်ရမည်” ဟု မိန့်ဆို၏။
၂၅ ထိုအမျိုးသမီးကလည်း “ခရစ်တော်ဟုခေါ်သော မေရှိယ ကြွလာတော်မူမည်ကို ကျွန်မသိပါ၏။ ရောက်လာတော်မူလျှင် ကျွန်မတို့အား အလုံးစုံတို့ကို ရှင်းလင်းစွာ ဖော်ပြတော်မူလိမ့်မည်” ဟု လျှောက်ပြန်၏။
၂၆ ယေရှုကလည်း “သင်နှင့် စကားပြောနေသော ငါသည် ထိုသူပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
၂၇ ဤအချိန်တွင် တပည့်တော်များ ပြန်ရောက်လာသော် အမျိုးသမီးတစ်ဦးနှင့် ကိုယ်တော်စကားပြောနေသဖြင့် အံ့သြကြ၏။ သို့သော် “ကိုယ်တော် အဘယ်အရာကို ရှာနေသနည်း။ အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောနေပါသနည်း” ဟု မည်သူမျှ မမေးကြ။
၂၈ ထိုအမျိုးသမီးသည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင် လူတို့အား၊
၂၉ “ကျွန်မပြုခဲ့ဖူးသမျှကို ဖော်ပြသောသူအား လာ၍ ကြည့်ကြပါ။ ထိုသူသည် ခရစ်တော် ဖြစ်လိမ့်မည်လော” ဟု ပြောကြားလေ၏။
၃၀ ထိုသူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ လာကြ၏။
၃၁ ထိုစဉ်အခါ တပည့်တော်များသည် ကိုယ်တော်အား “ရဗ္ဗိ၊ အစာကို သုံးဆောင်တော်မူပါ” ဟု တိုက်တွန်းကြသော်၊
၃၂ ကိုယ်တော်က “သင်တို့ မသိသောစားစရာ ငါ၌ ရှိသည်” ဟု မိန့်တော်မူ၏။
၃၃ ထို့ကြောင့် တပည့်တော်တို့က “တစ်စုံတစ်ယောက်သောသူသည် စားစရာကို ပို့ပေးပြီလော” ဟု အချင်းချင်း မေးမြန်းကြလျှင်၊
၃၄ ယေရှုက “ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။
၃၅ စပါးရိတ်ရန် လေးလလိုသေးသည် ဟု သင်တို့ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ လယ်ပြင်ကိုမျှော်၍ ကြည့်ကြလော့။ စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ။
၃၆ ရိတ်သောသူသည် အခကို ခံယူ၍ ထာဝရအသက်ရရန် အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်၍ မျိုးကြဲသူနှင့် ရိတ်သိမ်းသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။
၃၇ တစ်ဦးကား မျိုးကြဲ၍ နောက်တစ်ဦးကား ရိတ်သိမ်းရ၏ ဟူ သောစကားသည် ဤတွင်မှန်ကန်၏။
၃၈ သင်တို့ မလုပ်ဆောင်သောအရာကို ရိတ်သိမ်းရန် ငါစေလွှတ်လိုက်၏။ အခြားသူတို့ လုပ်ဆောင်ပြီး ဖြစ်၍ သင်တို့သည် အကျိုးကျေးဇူးကို ဝင်ရောက်ခံစားရကြ၏” ဟု မိန့်တော်မူ၏။
၃၉ ရှမာရိအမျိုးသမီးက “ကျွန်မ ပြုခဲ့ဖူးသမျှကို ထိုသူပြောပြပါ၏” ဟု သက်သေခံသော စကားကြောင့် ထိုမြို့ရှိ ရှမာရိလူအများတို့သည် ယေရှုကို ယုံကြည်ကြ၏။
၄၀ ထို့ကြောင့် ရှမာရိလူတို့သည် အထံတော်သို့ ရောက်လာလျှင် မိမိတို့ထံတွင်တည်းခိုရန် တောင်းပန်ကြသဖြင့် ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။
၄၁ ထိုအခါ သာ၍ များစွာသောသူတို့သည် ကိုယ်တော်၏ စကားကြောင့် ယုံကြည်လာကြ၍၊
၄၂ “ယခု ငါတို့ယုံကြည်သည်မှာ သင်၏စကားကြောင့်သာ မဟုတ်။ ကိုယ်တိုင် ကြားနာရပြီဖြစ်၍ ဤသူသည် လောက၏ကယ်တင်ရှင် အမှန်ဖြစ်ကြောင်း ငါတို့သိရပြီ” ဟု ထိုအမျိုးသမီးကို ပြောကြ၏။
၄၃ နှစ်ရက်လွန်သော် ဂါလိလဲပြည်သို့ ကြွသွားတော်မူ၏။
၄၄ အကြောင်းမူကား ပရောဖက်သည် မိမိနေရင်းအရပ်တွင် ဂုဏ်အသရေမရှိတတ် ဟု ယေရှုကိုယ်တော်တိုင် သက်သေခံတော်မူ၏။
၄၅ ဂါလိလဲပြည်သို့ ရောက်သော် ဂါလိလဲလူတို့သည် ကိုယ်တော်ကို လက်ခံကြ၏။ အကြောင်းမူကား ထိုသူတို့သည်လည်း ဂျေရုဆလင်မြို့၌ ကျင်းပသောပွဲသို့ သွားသဖြင့် ထိုပွဲတွင် ပြုတော်မူသမျှကို မြင်ခဲ့ကြပြီ။
၄၆ ရေကို စပျစ်ဝိုင်ဖြစ်စေခဲ့သောအရပ် ဂါလိလဲပြည်၊ ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအချိန်တွင် ကပေရနောင်မြို့မှ အမတ်တစ်ဦး၏ သားသည် ဖျားနာလျက်ရှိ၏။
၄၇ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွလာတော်မူကြောင်း ထိုအမတ်ကြားသိသော် အထံတော်သို့ ချဉ်းကပ်၍ သေခါနီးဖြစ်နေသော မိမိသားကို ကျန်းမာစေပါရန် ကိုယ်တော်အား တောင်းပန်လေ၏။
၄၈ ယေရှုကလည်း “သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်” ဟု မိန့်တော်မူသော်၊
၄၉ “သခင်၊ ကျွန်ုပ်၏ သားငယ် မသေမီ ကြွတော်မူပါ” ဟု အမတ်က လျှောက်ပြန်၏။
၅၀ ယေရှုကလည်း “သွားလော့။ သင်၏သား ကျန်းမာလာပြီ” ဟု မိန့်တော်မူ၏။ ထိုသူသည် ယေရှု၏စကားကို ယုံကြည်လျက် ပြန်သွားလေ၏။
၅၁ ထိုအမတ်သည် လမ်းခရီးတွင် ရှိနေသေးစဉ် သူ၏ကျွန်တို့သည် ခရီးဦး ကြိုပြု၍ သူ၏သား ကျန်းမာလာပြီဖြစ်ကြောင်း ပြောဆိုကြ၏။
၅၂ ထိုအခါ သားဖြစ်သူ သက်သာသွားသည့် အချိန်နာရီကို မေးလျှင် “မနေ့က၊ ခုနစ်နာရီ*တွင် အဖျားပျောက်ပါသည်” ဟု လျှောက်ကြ၏။
၅၃ ထိုအချိန်ကား “သင်၏သား ကျန်းမာလာပြီ” ဟူ၍ ယေရှုမိန့်တော်မူချိန်ဖြစ်ကြောင်း အဖ သိလေ၏။ သို့နှင့် ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်လာကြ၏။
၅၄ ဤကား ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွသွားပြီးနောက် ယေရှုပြတော်မူသော ဒုတိယနိမိတ်လက္ခဏာပေတည်း။