ယောဟန် ၅:၁-၄၇

 ထို့နောက် ဂျူးတို့၏ပွဲတော်ရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွသွားတော်မူ၏။ ၂  ဂျေရုဆလင်မြို့၊ သိုးတံခါးအနီးတွင် ဟေဗြဲဘာသာဖြင့် ဗေသေသဒ ဟု ခေါ်သော ရေကန်ရှိ၏။ ထိုရေကန်ကို မုခ်ငါးခုဖြင့် ခြံရံထား၏။ ၃  ထိုနေရာတွင် ဖျားနာသူ၊ မျက်မမြင်သူ၊ ခြေဆွံ့သူနှင့် ခြေလက်သေသူတို့ လဲလျောင်းနေကြ၏။ ၄  — ၅  ထိုတွင် သုံးဆယ့်ရှစ်နှစ်တိုင် ဖျားနာနေသူ တစ်ဦးရှိ၏။ ၆  ထိုသူ လဲလျောင်းနေသည်ကို ယေရှုမြင်လျှင် ဖျားနာနေသည်မှာ ကြာလှပြီ ဟု သိတော်မူ၏။ ထို့ကြောင့် ကိုယ်တော်က “သင်သည် ကျန်းမာလိုသလော” ဟု မေးတော်မူ၏။ ၇  ထိုလူနာက “သခင်၊ ရေလှုပ်ရှားသောအခါ ကန်ထဲသို့ ကျွန်ုပ်ကို ချပေးမည့်သူ မရှိပါ။ ကျွန်ုပ်ဆင်းမည်ပြုတိုင်း အခြားသူသည် ကျွန်ုပ်ထက်အလျင် ဆင်းသွားတတ်ပါသည်” ဟု လျှောက်၏။ ၈  ယေရှုကလည်း “ထလော့။ သင့်အိပ်ရာကိုယူ၍ လှမ်းသွားလော့” ဟု မိန့်တော်မူ၏။ ၉  ထိုအခါ လူနာသည် ချက်ချင်းကျန်းမာလာပြီး အိပ်ရာကိုကောက်ယူ၍ လှမ်းသွားလေ၏။ ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ၁၀  ထို့ကြောင့် ဂျူးတို့က “ဤနေ့ကား ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကိုမဆောင်အပ်” ဟု ကျန်းမာလာသူအား ဆိုကြ၏။ ၁၁  ထိုသူက “ကျွန်ုပ်ကို ကျန်းမာစေသူသည် ‘ကိုယ့်အိပ်ရာကိုယူ၍ လှမ်းသွားလော့’ ဟူ၍ ဆိုလေပြီ” ဟု ပြန်ပြော၏။ ၁၂  သူတို့ကလည်း “‘ကိုယ့်အိပ်ရာကို ယူ၍ လှမ်းသွားလော့’ ဟု သင့်အား ဆိုသောသူကား မည်သူနည်း” ဟူ၍ မေးမြန်းကြ၏။ ၁၃  မည်သူဖြစ်မှန်း ရောဂါပျောက်ကင်းသူသည် မသိချေ။ အကြောင်းမူကား ယေရှုသည် ထိုအရပ်တွင် လူအုပ်ကြားမှ လှည့်၍ ထွက်ကြွသွားတော်မူ၏။ ၁၄  ထို့နောက် ယေရှုသည် ဗိမာန်တော်၌ ထိုသူကိုတွေ့လျှင် “သင်သည် ကျန်းမာလေပြီ။ သာ၍ဆိုးသောအဖြစ်မျိုး မကြုံရစေရန် နောက်တစ်ဖန် အပြစ်မပြုနှင့်” ဟု မိန့်တော်မူ၏။ ၁၅  သူသည်လည်း သွား၍ မိမိကို ကျန်းမာစေသူသည် ယေရှုဖြစ်ကြောင်း ဂျူးတို့အား ပြောကြားလေ၏။ ၁၆  ထိုအမှုကို ဥပုသ်နေ့၌ ပြုတော်မူသောကြောင့် ဂျူးတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။ ၁၇  သို့သော် ယေရှုက “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူ၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်၏” ဟု မိန့်တော်မူ၏။ ၁၈  သို့ဖြစ်၍ ဥပုသ်နေ့တွင် အလုပ်လုပ်သည်သာမက ဘုရားသခင်ကို မိမိ၏ အဖ ဟုခေါ်၍ မိမိကိုယ်ကို ဘုရားသခင်နှင့် တန်းတူဖြစ်စေတော်မူသောကြောင့် ဂျူးတို့သည် ကိုယ်တော်ကိုသတ်ရန် သာ၍ ရှာကြံကြ၏။ ၁၉  ထို့ကြောင့် ယေရှုဤသို့ မိန့်တော်မူ၏။ “ငါအမှန်အကန်ဆိုသည်ကား၊ သားတော်သည် ခမည်းတော်ပြုတော်မူသည်ကို မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။ ၂၀  ခမည်းတော်သည် သားတော်ကိုချစ်ခင်၍ ပြုသမျှကို သားတော်အား ပြတော်မူ၏။ သင်တို့အံ့သြစေရန် ဤအမှုအရာများထက် သာ၍ ကြီးသောအမှုများကိုလည်း သားတော်အား ပြတော်မူလိမ့်မည်။ ၂၁  ခမည်းတော်သည် သေလွန်သောသူတို့ကို အသက်ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း အလိုရှိသောသူတို့ကို ရှင်စေ၏။ ၂၂  အကြောင်းမူကား ခမည်းတော်သည် မည်သူ့ကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်း အခွင့်ရှိသမျှကို သားတော်အား ပေးအပ်ထားတော်မူ၏။ ၂၃  လူအပေါင်းတို့သည် ခမည်းတော်ကို ဂုဏ်တင်ချီးမွမ်းသည့် နည်းတူ သားတော်ကို ဂုဏ်တင်ချီးမွမ်းမည် အကြောင်းတည်း။ သားတော်ကို ဂုဏ်မတင် မချီးမွမ်းသောသူသည် သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်အား ဂုဏ်မတင် မချီးမွမ်းသောသူဖြစ်၏။ ၂၄  ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ ငါ့ကို စေလွှတ်တော်မူသောအရှင်ကို ယုံကြည်သူသည် ထာဝရအသက်ရ၏။ သို့ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။ ၂၅  “ငါအမှန်အကန်ဆိုသည်ကား သေလွန်သောသူတို့သည် ဘုရားသခင့်သားတော်၏ စကားသံကို ကြားရမည့် အချိန်၊ ကြားသူတိုင်း အသက်ရှင်ရမည့် အချိန် ရောက်တော့မည်။ ထိုအချိန်သည် ယခုပင် ရောက်လျက်ရှိ၏။ ၂၆  အကြောင်းမူကား ခမည်းတော်တွင် အသက်ပေးပိုင်သော တန်ခိုးရှိတော်မူသည့် နည်းတူ သားတော်အားလည်း ထိုတန်ခိုးကို အပ်နှင်းတော်မူ၏။ ၂၇  သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ပိုင်သော အခွင့်အာဏာအပ်နှင်းခြင်းခံရ၏။ ၂၈  ဤအမှုအရာကို မအံ့သြကြနှင့်။ အကြောင်းမူကား သင်္ချိုင်း*များမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍ ထွက်ရမည့် အချိန်ကာလ ရောက်လိမ့်မည်။ ၂၉  ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ရှင်ပြန်ထမြောက်ခြင်း သို့လည်းကောင်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ရှင်ပြန်ထမြောက်ခြင်း သို့လည်းကောင်း ထွက်လာကြလိမ့်မည်။ ၃၀  ငါသည် မိမိအလိုအလျောက် မည်သည့်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် မိန့်တော်မူသည့်အတိုင်း တရားစီရင်၏။ ငါ၏ စီရင်ခြင်းသည်လည်း ဖြောင့်မတ်မှန်ကန်၏။ အကြောင်းမူကား ငါသည် ကိုယ့်အလိုသို့ မလိုက်၊ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ အလိုသို့ လိုက်၏။ ၃၁  “ငါသည်သာ ကိုယ့်အကြောင်းကို သက်သေခံလျှင် ငါ၏ သက်သေခံချက်သည် မမှန်ကန်။ ၃၂  ငါ့အကြောင်းကို သက်သေခံသူတစ်ဦး ရှိသေး၏။ သူ၏ သက်သေခံချက်သည် မှန်ကန်ကြောင်း ငါသိ၏။ ၃၃  သင်တို့သည် ယောဟန်ထံသို့ လူကိုစေလွှတ်ကြ၏။ သူသည်လည်း အမှန်တရားဘက်၌ သက်သေခံ၏။ ၃၄  သို့သော်လည်း လူ၏ သက်သေခံချက်ကို ငါမခံယူ။ သင်တို့ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။ ၃၅  ထိုသူသည် ထွန်းလင်းသောမီးခွက် ဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာ ပျော်မွေ့လိုကြ၏။ ၃၆  ယောဟန်၏ သက်သေခံချက်ထက် သာ၍ ကြီးမြတ်သော သက်သေခံချက် ငါ၌ရှိ၏။ ခမည်းတော်သည် တာဝန်ပေးတော်မူ၍ ငါပြုသော ထိုအမှုများကပင် ငါ့ကို ခမည်းတော် စေလွှတ်တော်မူကြောင်း သက်သေခံ၏။ ၃၇  ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌ သက်သေခံတော်မူ၏။ ကိုယ်တော်၏ စကားသံကို သင်တို့သည် တစ်ခါမျှ မကြားစဖူး၊ သဏ္ဌာန်တော်ကိုလည်း မမြင်စဖူး။ ၃၈  ကိုယ်တော်၏ တရားစကားတော်သည်လည်း သင်တို့၌ မတည်။ အကြောင်းမူကား စေလွှတ်တော်မူသောအရှင်ကို သင်တို့သည် မယုံကြ။ ၃၉  “ကျမ်းစာစောင်များအားဖြင့် ထာဝရအသက် ရမည် ဟု ထင်သောကြောင့် သင်တို့သည် ထိုကျမ်းများကို ရှာဖွေတတ်ကြ၏။ ထိုကျမ်းများသည် ငါ့အကြောင်းကို သက်သေခံ၏။ ၄၀  သို့သော် သင်တို့သည် အသက်ကို ရမည်အကြောင်း ငါ့ထံသို့ မလာလိုကြ။ ၄၁  လူပေးသော ဘုန်းအသရေကို ငါမခံယူ။ ၄၂  သင်တို့၌ ဘုရားသခင်ကို ချစ်သည့်မေတ္တာ မရှိကြောင်း ငါကောင်းစွာသိ၏။ ၄၃  ငါ့ခမည်းတော်၏ နာမနှင့် ငါရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ တစ်စုံတစ်ဦးသည် ကိုယ့်နာမနှင့် ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။ ၄၄  အချင်းချင်းပေးသော ဘုန်းအသရေကို ခံယူ၍ တစ်ဆူတည်းသော ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေကို မရှာလိုသော သင်တို့သည် မည်သို့ ယုံကြည်နိုင်မည်နည်း။ ၄၅  ခမည်းတော်ထံ၌ သင်တို့ကို ငါစွပ်စွဲမည်ဟု မထင်ကြနှင့်။ သင်တို့ကို စွပ်စွဲသူ တစ်ဦးရှိ၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေ ပင်ဖြစ်၏။ ၄၆  သင်တို့သည် မောရှေကိုယုံလျှင် ငါ့ကိုလည်း ယုံကြလိမ့်မည်။ အကြောင်းမူကား မောရှေသည် ငါ့အကြောင်းကို ရေးထား၏။ ၄၇  သူ၏ ရေးသားချက်များကို မယုံလျှင် ငါ့စကားကို သင်တို့ မည်သို့ ယုံကြမည်နည်း။”

အောက်ခြေမှတ်ချက်များ

ဂရိစကားလုံးသည် ကွယ်လွန်သူအတွက် အမှတ်တရ ပြုလုပ်ပေးသောသင်္ချိုင်းဂူကို ဆိုလိုသည်။