ရောမ ၁:၁-၃၂

 ဘုရားသခင်၏ သတင်းကောင်းကို ကြေညာရန် သီးသန့်ခေါ်တော်မူ၍ တမန်တော်အရာ၌ ခန့်အပ်ခံရသော ယေရှုခရစ်၏ကျွန် ငါပေါလုသည် စာရေးလိုက်ပါ၏။ ၂  ဘုရားသခင်သည် ထိုသတင်းကောင်းကို ပရောဖက်များအားဖြင့် သန့်ရှင်းသော ကျမ်းစာစောင်များ၌ ကတိထားတော်မူနှင့်ပြီ။ ၃  ထိုသတင်းကောင်းသည် လူ့ဇာတိအားဖြင့် ဒါဝိဒ်မျိုးနွယ်မှ ဆင်းသက်လာသော သားတော်နှင့်ဆိုင်၏။ ၄  သန့်ရှင်းသောစွမ်းအားတော်*၏ အစွမ်းတန်ခိုးနှင့် ငါတို့၏သခင် ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ထင်ရှားစေတော်မူ၏။ ၅  နာမတော်နှင့်စပ်လျဉ်း၍ လူမျိုးအပေါင်းတို့သည် ယုံကြည်လျက် နာခံကြစေရန် ထိုသားတော်အားဖြင့် မဟာကရုဏာတော်နှင့် တမန်တော်အရာကို ငါတို့ခံရ၏။ ၆  ယေရှုခရစ်နှင့် သက်ဆိုင်ရမည့်အကြောင်း ခေါ်တော်မူခြင်းခံရသော သင်တို့သည်လည်း ထိုလူမျိုးများတွင် ပါဝင်ကြ၏။— ၇  ဘုရားသခင် ချစ်တော်မူ၍ သန့်ရှင်းသူများဟု ခေါ်ဆိုခြင်းခံရသော ရောမမြို့တွင် ရှိသူအပေါင်းတို့ထံ ငါစာရေးလိုက်ပါ၏၊ ငါတို့၏အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တို့ထံတော်မှ မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေ။ ၈  သင်တို့၏ ယုံကြည်ခြင်းသတင်းသည် တစ်လောကလုံးတွင် ပျံ့နှံ့လျက်ရှိသောကြောင့် သင်တို့အားလုံးအတွက် ယေရှုခရစ်အားဖြင့် ငါ၏ဘုရားသခင်ကို ဦးစွာ ကျေးဇူးတော် ချီးမွမ်းပါ၏။ ၉  ငါသည်သားတော်နှင့်ဆိုင်သော သတင်းကောင်းကို စိတ်နှလုံးအကြွင်းမဲ့ ဟောပြောလျက် ဆုတောင်းသည့်အခါတိုင်း သင်တို့အတွက် အစဉ်မပြတ်တောင်းပေးသည်ကိုငါဝတ်ပြုသော ဘုရားသခင်သည် ငါ၏သက်သေ ဖြစ်တော်မူ၏။ ၁၀  ဘုရားသခင်အလိုတော်ရှိလျှင် မကြာမီ သင်တို့ထံ တစ်နည်းနည်းဖြင့် ငါလာခွင့်ရှိစေရန် ဆုတောင်းပါ၏။ ၁၁  အကြောင်းမူကား သင်တို့အား မြဲမြံခိုင်ခံ့စေမည်အကြောင်း ငါသည် ဘုရားသခင်ထံတော်မှ ဆုကျေးဇူးကို ဝေမျှပေးရန် သင်တို့ကို တွေ့မြင်ချင်လှပါ၏။ ၁၂  တစ်နည်းကား သင်တို့နှင့် ငါသည် ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေးခွင့်ရရန် ဖြစ်၏။ ၁၃  ညီအစ်ကိုတို့၊ ငါသည် ကျန်ကြွင်းသော လူမျိုးခြားတို့တွင် သီးပွင့်ဖြစ်ထွန်းသကဲ့သို့ သင်တို့တွင်လည်း သီးပွင့်မည်အကြောင်း သင်တို့ထံလာရန် အကြိမ်ကြိမ် ကြံရွယ်သော်လည်း ယခုတိုင်အောင် တားမြစ်ခံရကြောင်း သင်တို့အား မသိဘဲ မနေစေလိုပါ။ ၁၄  ငါသည် ဂရိလူများနှင့် ဂရိမဟုတ်သူများ၊ ပညာရှိများနှင့် ပညာမဲ့သူများတွင် အကြွေးတင်လျက်ရှိ၏။ ၁၅  ထို့ကြောင့် ငါသည် ရောမမြို့ရှိ သင်တို့ကိုလည်း သတင်းကောင်း ဟောပြောလိုစိတ်ပြင်းပြပါ၏။ ၁၆  ငါသည် သတင်းကောင်းကြောင့် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ထိုသတင်းကောင်းသည် ဦးစွာ ဂျူးလူမျိုး၊ ထို့နောက် ဂရိလူမျိုးတွင် ယုံကြည်သူတိုင်းကို ကယ်တင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်၏။ ၁၇  “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟုကျမ်းစာ၌ ရေးထားသကဲ့သို့ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ထင်ရှားပြီး ယုံကြည်ခြင်း တိုးပွားလာရ၏။ ၁၈  မတရားသောနည်းဖြင့် အမှန်တရားကို ဖုံးကွယ်ထားသူတို့၏ ဘုရားတရားမဲ့မှုနှင့် မတရားမှုအပေါင်းတို့အပေါ် ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။ ၁၉  ဘုရားသခင်အကြောင်း သိအပ်သမျှသည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ အကြောင်းမူကား ဘုရားသခင်သည် သူတို့အား ဖော်ပြတော်မူသောကြောင့်ဖြစ်၏။ ၂၀  ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့် အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏။ ထို့ကြောင့် သူတို့သည် ဆင်ခြေမပေးနိုင်ရာ။ ၂၁  အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင် ဘုရားသခင်၏ဘုန်းတော်၊ ကျေးဇူးတော်ကို မချီးမွမ်းဘဲ၊ အချည်းနှီး တွေးတောဆင်ခြင်ကြ၏။ ထိုအခါ သူတို့၏အသိဉာဏ်ကင်းမဲ့သော စိတ်နှလုံးသည် အမှောင်ဖုံးလေ၏။ ၂၂  သူတို့ကိုယ်ကို ပညာရှိဟု ဆိုကြသော်လည်း လူမိုက်အဖြစ်သို့ ရောက်ကြ၍၊ ၂၃  မဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ဘုန်းတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ တွားသွားသတ္တဝါတို့၏ ရုပ်တုများအသွင်သို့ ပြောင်းလဲစေကြပြီ။ ၂၄  ထို့ကြောင့် ဘုရားသခင်သည် သူတို့၏စိတ်နှလုံး အလိုဆန္ဒအတိုင်း ခန္ဓာကိုယ်အသရေ ပျက်စေရန် ညစ်ညူးခြင်းအဖြစ်သို့ အပ်လိုက်တော်မူ၏။ ၂၅  သူတို့သည် ဘုရားသခင်၏ အမှန်တရားကို မုသာနှင့် လဲလှယ်လျက် ထာဝစဉ် ကောင်းချီးခံစားရသော ဖန်ဆင်းရှင်အစား ဖန်ဆင်းရာများကို ကြည်ညိုဝတ်ပြုကြ၏။ အာမင်။ ၂၆  ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ဖွယ်သော ကိလေသာစိတ်အလိုသို့ အပ်လိုက်တော်မူ၏။ မိန်းမတို့သည် သဘာဝထုံးစံကိုပြောင်း၍ သဘာဝနှင့် ဆန့်ကျင်သောထုံးစံကို လိုက်ကြ၏။ ၂၇  ထိုနည်းတူ ယောက်ျားတို့သည်လည်း သဘာဝအတိုင်း မိန်းမနှင့် ဆက်ဆံခြင်းကိုစွန့်၍ အချင်းချင်း ရာဂမီးတောက်လောင်လျက် ရှက်ဖွယ်သောအမှုကို ယောက်ျားချင်းပြုသဖြင့် မိမိတို့ မှားယွင်းမှုအလျောက် ထိုက်သင့်သော အကျိုးဆက်များကို ကိုယ်၌ ခံကြရ၏။ ၂၈  ထိုသူတို့သည် ဘုရားသခင်ကို တိကျမှန်ကန်စွာ သိကျွမ်းလိုစိတ် မရှိသဖြင့် ဘုရားသခင်သည်လည်း သူတို့ကို မသင့်လျော်သောအမှုပြုကြစေရန် နှစ်သက်တော်မမူသည့် စိတ်အခြေအနေသို့ အပ်လိုက်တော်မူ၏။ ၂၉  သူတို့သည် အလုံးစုံသော မဖြောင့်မတ်ခြင်း၊ ဆိုးညစ်ခြင်း၊ တပ်မက်ခြင်း၊ မိုက်မဲခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ မျက်မုန်းကျိုးခြင်းတို့နှင့် ပြည့်သူ၊ တီးတိုးအတင်းပြောသူ၊ ၃၀  အပုပ်ချသူ၊ ဘုရားသခင်ကိုမုန်းသူ၊ စော်ကားသူ၊ ထောင်လွှားသူ၊ ဝါကြွားသူ၊ မကောင်းမှုများကို ကြံစည်ဖန်တီးသူ၊ မိဘစကားကို နားမထောင်သူ၊ ၃၁  ဉာဏ်မရှိသူ၊ သစ္စာကတိဖျက်သူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ သနားကြင်နာစိတ်မရှိသူတို့ ဖြစ်ကြ၏။ ၃၂  ထိုသို့ ပြုကျင့်နေသူတို့သည် သေဒဏ်ခံထိုက်သည် ဟူသော ဘုရားသခင်၏ဖြောင့်မတ်သော စီရင်တော်မူချက်အကြောင်းကို ကောင်းစွာ သိထားလျက်ပင် ကိုယ်တိုင်ပြုကျင့်နေသည့်အပြင် ထိုသို့ပြုကျင့်နေသူတို့ကိုလည်း သဘောကျကြ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။