ရောမ ၁၀:၁-၂၁

၁၀  ညီအစ်ကိုတို့၊ အစ္စရေးလူမျိုးကို ကယ်တင်ခြင်းရစေလိုသည့် စေတနာစိတ်ဖြင့် ငါသည် ဘုရားသခင်ထံ တိုးလျှိုးအသနားခံ ဆုတောင်းပေးလေ့ရှိ၏။ ၂  အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ဘက်၌ စိတ်အားထက်သန်ကြသည်ဟု ငါသက်သေခံ၏။ သို့သော် တိကျမှန်ကန်သော အသိပညာအတိုင်း မဟုတ်။ ၃  ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ ကိုယ့်ဖြောင့်မတ်ခြင်းကို တည်စေရန် ရှာကြံသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မလိုက်နာကြ။ ၄  ယုံကြည်ကြောင်း တင်ပြသောသူတိုင်း ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ခရစ်တော်သည် ပညတ်တရား၏အဆုံး ဖြစ်တော်မူ၏။ ၅  မောရှေက ပညတ်တရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူသည် ထိုတရားအားဖြင့် အသက်ရှင်လိမ့်မည်ဟု ရေးထား၏။ ၆  ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းအကြောင်းကို ကျမ်းစာတွင် ဤသို့ရေးထား၏။ “ခရစ်တော်ကို ခေါ်ဆောင်လာရန် ‘ကောင်းကင်သို့ မည်သူ တက်လိမ့်မည်နည်း။’ ၇  သို့မဟုတ် ခရစ်တော်ကို သေခြင်းမှ ခေါ်ဆောင်လာရန် ‘တွင်းနက်ကြီးထဲသို့ မည်သူဆင်းလိမ့်မည်နည်း’ ဟူ၍ စိတ်ထဲ၌ မအောက်မေ့နှင့်။” ၈  ကျမ်းစာတွင် မည်သို့ဆိုသနည်း။ “တရားစကားတော်သည် သင်၏နှုတ်၊ သင်၏နှလုံး၊ သင်၏အနီးတွင် ရှိသည်” ဟုဆို၏။ ငါတို့ဟောပြောလျက်ရှိသော ယုံကြည်ခြင်းနှင့်ဆိုင်သည့် “တရားစကားတော်” ဖြစ်၏။ ၉  ယေရှုသည် သခင်ဖြစ်တော်မူကြောင်း ‘နှုတ်ဖြင့် ဝန်ခံ’ မည်၊ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ထမြောက်စေတော်မူကြောင်း စိတ်နှလုံးထဲ၌ ယုံကြည်မည်ဆိုလျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ၁၀  အကြောင်းမူကား စိတ်နှလုံးနှင့် ယုံကြည်သဖြင့်ဖြောင့်မတ်ရာသို့ ရောက်၏။ ယုံကြည်ကြောင်း နှုတ်နှင့်ဝန်ခံသဖြင့် ကယ်တင်ခြင်းသို့ ရောက်၏။ ၁၁  “ကိုယ်တော်ကို ယုံကြည်သောသူမည်သည်ကား စိတ်ပျက်ရလိမ့်မည်မဟုတ်” ဟူ၍ ကျမ်းစာ၌ ဆိုထား၏။ ၁၂  ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍ ခွဲခြားခြင်း မရှိ၊ လူအပေါင်းတို့၏သခင် တစ်ပါးတည်းရှိ၍ ကိုယ်တော်ကို ခေါ်သောသူအပေါင်းတို့အား ကြွယ်ဝစွာ ပေးသနားတော်မူ၏။ ၁၃  အကြောင်းမူကား “ယေဟောဝါဘုရား၏ နာမတော်ကို ခေါ်၍ ဆုတောင်းသောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ၁၄  သို့သော် မယုံကြည်သောအရှင်ကို မည်သို့ ခေါ်မည်နည်း။ မကြားဖူးသောအရှင်ကို မည်သို့ ယုံကြည်မည်နည်း။ ဟောပြောသောသူ မရှိလျှင် မည်သို့ ကြားမည်နည်း။ ၁၅  စေလွှတ်ခြင်းကို မခံရလျှင် မည်သို့ ဟောပြောမည်နည်း။ “သတင်းကောင်းကို ပြောကြားသောသူတို့၏ ခြေများသည် အလွန်တင့်တယ်လှပေ၏” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။ ၁၆  သို့သော် ထိုသူအပေါင်းတို့သည် သတင်းကောင်းကို နာယူကြသည် မဟုတ်။ ဟေရှာယက “ယေဟောဝါဘုရား၊ ကျွန်ုပ်တို့ ပြောကြားသောသတင်းကို မည်သူ ယုံပါသနည်း” ဟုဆို၏။ ၁၇  သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ခရစ်တော်နှင့်ဆိုင်သော တရားစကားတော်အားဖြင့် ဖြစ်၏။ ၁၈  သို့ရာတွင် သူတို့သည် မကြားဘဲ နေကြသလောဟု ငါမေးမည်။ “သူတို့၏အသံသည် မြေတစ်ပြင်လုံးသို့လည်းကောင်း၊ သူတို့၏တရားစကားသည် လူနေရာ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လေပြီ” ဟု ဆိုသည့်အတိုင်း ကြားကြပြီ။ ၁၉  တစ်ဖန် အစ္စရေးလူမျိုးသည် ထိုအမှုကို မသိကြသလောဟု ငါထပ်မေးမည်။ “ငါ၏လူမျိုး မဟုတ်သော သူတို့အားဖြင့် သင်တို့၌ မနာလိုစိတ် ရှိစေရန်၊ ပညာမဲ့သောလူမျိုးအားဖြင့် သင်တို့၌ အမျက်ခြောင်းခြောင်း ထွက်စေရန် ငါလှုံ့ဆော်မည်” ဟူ၍ မောရှေက ဦးစွာ ဆို၏။ ၂၀  သို့သော် “ငါ့ကိုမရှာသော သူတို့သည် ငါ့ကိုတွေ့ကြ၏။ ငါ့အကြောင်းကို မမေးမြန်းသောသူတို့၌ ငါထင်ရှားသည်” ဟုဟေရှာယက ရဲရင့်စွာဆို၏။ ၂၁  အစ္စရေးလူမျိုးနှင့် ပတ်သက်၍မူကား “နာခံမှုမရှိသော၊ ငြင်းဆန်တတ်သောလူမျိုးအား တစ်နေ့လုံး ငါလက်ကမ်းလျက်နေရပြီ” ဟုဆိုသတည်း။

အောက်ခြေမှတ်ချက်များ