ရောမ ၁၁:၁-၃၆

၁၁  သို့ဖြစ်လျှင် ဘုရားသခင်သည် လူမျိုးတော်ကို ပယ်တော်မူသလောဟု ငါမေး၏။ လုံးဝပယ်တော်မမူ။ ငါသည်လည်း အစ္စရေးလူမျိုးဖြစ်၏။ အာဗြဟံ၏အမျိုး၊ ဗင်ယာမိန်အနွယ်ဖြစ်၏။ ၂  ဘုရားသခင်သည် ဦးဆုံး သတိပြုမိသော လူမျိုးတော်ကို ပယ်တော်မမူ။ ဧလိယသည် အစ္စရေးလူမျိုးကို ဆန့်ကျင်၍ ဘုရားသခင်ထံ လျှောက်ထားကြောင်း ကျမ်းစာတွင် ဆိုထားသည်ကို သင်တို့မသိကြသလော။ ၃  “ယေဟောဝါဘုရား၊ သူတို့သည် ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါပြီ။ ကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍ ကျွန်ုပ်၏အသက်*အန္တရာယ်ကိုရှာကြံကြပါ၏။” ၄  ထိုအခါ ဘုရားသခင်သည် မည်သို့ ဗျာဒိတ်ထားတော်မူသနည်း။ “ဗာလရှေ့၌ ဒူးမထောက်သော လူခုနစ်ထောင်ကို ငါ့အတွက် ချန်ထားပြီ” ဟုမိန့်တော်မူ၏။ ၅  ထိုနည်းတူ မျက်မှောက်ကာလတွင်လည်း ကျွန်ကြွင်းသူ တစ်စုသည် မဟာကရုဏာတော်အားဖြင့် ရွေးကောက်တော်မူခြင်း ခံရ၏။ ၆  ထိုရွေးကောက်တော်မူခြင်းသည် မဟာကရုဏာတော်အားဖြင့် ဖြစ်လျှင် အကျင့်အားဖြင့် မဟုတ်တော့။ ဟုတ်ခဲ့လျှင် ဤကရုဏာတော်သည် မဟာကရုဏာတော် မဟုတ်တော့။ ၇  သို့ဖြစ်လျှင် မည်သို့ ဆိုရမည်နည်း။ အစ္စရေးလူမျိုးသည် ကြိုးစားရှာဖွေသောအရာကို မရ။ ရွေးကောက်တော်မူခြင်း ခံရသူတို့မူကား ရကြ၏။ သို့သော် ကျန်ကြွင်းသူတို့သည် စိတ်နှလုံး ထိုင်းမှိုင်းလေပြီ။ ၈  “ဘုရားသခင်သည် အိပ်မောကျသောသဘော၊ မမြင်နိုင်သောမျက်စိ၊ မကြားနိုင်သောနားတို့ကို ထိုသူတို့အား ယနေ့တိုင်အောင် ပေးတော်မူပြီ” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်း ဖြစ်၏။ ၉  ဒါဝိဒ်ကလည်း “သူတို့စားပွဲသည် သူတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်၊ တိုက်မိ၍လဲစရာ၊ ဒဏ်ခတ်ခံရခြင်း ဖြစ်ပါစေ။ ၁၀  သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့၏ကျောသည်လည်း အစဉ်ကုန်းပါစေ” ဟုဆို၏။ ၁၁  ထို့ကြောင့် သူတို့သည် လဲကျသွားသည်တိုင်အောင် တိုက်မိကြသလောဟု ငါမေး၏။ ထိုသို့ လုံးဝမဟုတ်ရာ။ သို့သော် သူတို့၏ခြေလှမ်း မှားသောကြောင့် လူမျိုးခြားတို့အတွက် ကယ်တင်ခြင်း ရှိ၏။ သို့ဖြင့် သူတို့သည် မနာလိုစိတ် ရှိလာကြ၏။ ၁၂  သူတို့၏ခြေလှမ်း မှားခြင်းသည် လောကအတွက် သုခချမ်းသာဖြစ်လျှင်၊ သူတို့၏ဆုတ်ယုတ်မှုသည် လူမျိုးခြားတို့အတွက် သုခချမ်းသာဖြစ်လျှင် သူတို့၏အရေအတွက် ပြည့်စုံမှုသည် သာ၍ပင် သုခချမ်းသာ ဖြစ်လိမ့်မည်။ ၁၃  လူမျိုးခြားဖြစ်သော သင်တို့အား ယခု ငါပြောဆို၏။ စင်စစ်၊ ငါသည် လူမျိုးခြားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့်အညီ ငါ၏အမှုတော်ဆောင်ခြင်းကို ငါချီးမြှောက်၏။ ၁၄  ငါ့အမျိုးသားချင်းတို့၏စိတ်ကို တစ်နည်းနည်းဖြင့် မနာလိုစိတ်ရှိစေ၍ အချို့ကို ကယ်တင်ခွင့်ရကောင်းရစေလိမ့်မည်။ ၁၅  ထိုသူတို့အား ပယ်တော်မူခြင်းသည် လောကကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့်ရစေလျှင် သူတို့ကို လက်ခံတော်မူခြင်းသည် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းခွင့်ရှိစေလိမ့်မည် မဟုတ်လော။ ၁၆  ဦးဆုံး*ဆက်သသော မုန့်စိမ်းတစ်ပိုင်းသည် သန့်ရှင်းလျှင် မုန့်စိမ်းတစ်ပုံလုံးလည်း သန့်ရှင်းလိမ့်မည်။ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များလည်း သန့်ရှင်းလိမ့်မည်။ ၁၇  သို့ရာတွင် အကိုင်းအခက်အချို့ကို ချိုးဖြတ်ပြီးမှ သံလွင်ပင် အရိုင်းတည်းဟူသော သင်တို့ကို အငုတ်တွင် အကိုင်းဆက်သဖြင့် အကိုင်းအခက်များနှင့်အတူ သံလွင်ပင်အမြစ်၏အဆီ ဩဇာကို မှီဝဲရလျှင်၊ ၁၈  အကိုင်းအခက်များအပေါ် မဝါကြွားနှင့်။ ဝါကြွားခဲ့လျှင် သင်သည် အမြစ်ကိုထောက်မသည် မဟုတ်၊ အမြစ်သည် သင့်ကိုထောက်မ၏။ ၁၉  ထိုအခါ “ငါ့ကို ကိုင်းဆက်စိုက်ရန် အကိုင်းအခက်များကို ချိုးဖြတ်လေပြီ” ဟုသင်ဆိုပြန်လျှင်၊ ၂၀  မှန်စေတော့။ သူတို့သည် ယုံကြည်ခြင်းကင်းမဲ့သောကြောင့် ချိုးဖြတ်ခံရ၏။ သင်တို့မူကား ယုံကြည်ခြင်းအားဖြင့်သာ ရပ်တည်လျက်နေ၏။ မာန်မာနစိတ် မရှိစေကြနှင့်တော့။ ကြောက်ရွံ့ခြင်း ရှိကြလော့။ ၂၁  အကြောင်းမူကား ဘုရားသခင်သည် မူရင်း အကိုင်းအခက်များကို ချန်တော်မမူလျှင် သင့်ကိုလည်း ချန်တော်မူမည် မဟုတ်။ ၂၂  ထို့ကြောင့် ဘုရားသခင်၏ ကြင်နာတော်မူခြင်း၊ ပြင်းထန်တော်မူခြင်းတို့ကို အောက်မေ့လော့။ လဲသောသူတို့အပေါ် ပြင်းထန်တော်မူ၏။ ကြင်နာတော်မူခြင်း၌ သင်တည်နေလျှင် ဘုရားသခင်၏ ကြင်နာတော်မူခြင်းကို ခံရမည်။ မတည်လျှင်မူကား သင်သည်လည်း ချိုင်ပစ်ခြင်းကိုခံရလိမ့်မည်။ ၂၃  ထိုသူတို့သည်လည်း မယုံကြည်သည့်အဖြစ်၌ တည်မနေလျှင် အငုတ်တွင် တစ်ဖန် ကိုင်းဆက်စိုက်သောအခွင့်ကို ရကြလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူတို့ကို တစ်ဖန် ကိုင်းဆက်စိုက်ရန် တတ်နိုင်တော်မူ၏။ ၂၄  မူရင်းသံလွင်ပင်အရိုင်းမှ သင့်ကို ခုတ်ယူ၍ မူရင်းအပင် မဟုတ်သော သံလွင်ပင်အယဉ်တွင် ကိုင်းဆက်စိုက်လျှင် မူရင်းအကိုင်းအခက်ဖြစ်သော ထိုသူတို့သည် မူရင်းသံလွင်ပင်တွင် ကိုင်းဆက်စိုက်ခြင်းခံရသောအခွင့်ကို သာ၍ပင် ရကြလိမ့်မည်။ ၂၅  ညီအစ်ကိုတို့၊ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် သတိပညာရှိလှပြီဟု မထင်မှတ်ကြစေရန် မြင့်မြတ်သော လျှို့ဝှက်ချက်ကို မသိဘဲ မနေစေလိုပါ။ လူမျိုးခြားတို့ အရေအတွက် ပြည့်စုံလာသည်တိုင်အောင် အစ္စရေးလူအချို့သည် စိတ်နှလုံးထိုင်းမှိုင်းလျက်နေပြီ။ ၂၆  ထိုအတိုင်းပင် အစ္စရေးလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာ၌ ရေးထားချက်ဟူမူကား “ကယ်နုတ်သောအရှင်သည် ဇိအုန်တောင်မှ ကြွလာပြီးလျှင် ဘုရားတရားမဲ့သော အမှုများကို ယာကုပ်အမျိုးမှ ဖယ်ရှားတော်မူမည်။ ၂၇  သူတို့၏ အပြစ်များကို ငါပယ်ရှင်းသောအခါ သူတို့နှင့် ဤပဋိညာဉ်ကို ဖွဲ့မည်။” ၂၈  သူတို့သည် သတင်းကောင်းနှင့် စပ်လျဉ်း၍ သင်တို့အတွက် ရန်သူဖြစ်ကြ၏။ ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် စပ်လျဉ်း၍မူကား ဘိုးဘေးတို့အတွက် ချစ်သူဖြစ်ကြ၏။ ၂၉  အကြောင်းမူကား ဘုရားသခင်သည် ဆုချတော်မူခြင်း၊ ခေါ်တော်မူခြင်းတို့နှင့်ပတ်သက်၍ စိတ်သဘောပြောင်းလဲတော်မမူ။ ၃၀  သင်တို့သည် တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့ကြသော်လည်း ယခုတွင် သူတို့၏မနာခံမှုကြောင့် သနားတော်မူခြင်းကို ခံရသကဲ့သို့၊ ၃၁  သူတို့လည်း သင်တို့ခံစားရသောသနားတော်မူခြင်းကို ခံစားခွင့်ရရန် ယခုတွင် မနာခံဘဲနေကြပြီ။ ၃၂  အကြောင်းမူကား ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူရန် လူအပေါင်းတို့ကို နာခံမှုမဲ့ခြင်း၌ ချုပ်ထားတော်မူ၏။ ၃၃  ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။ စီရင်တော်မူချက်များကို စိစစ်၍မရနိုင်။ နည်းလမ်းတော်များကို လိုက်၍ မမီနိုင်ပါတကား။ ၃၄  “ယေဟောဝါဘုရား၏ စိတ်တော်ကို မည်သူသိသနည်း။ ကိုယ်တော်၏ တိုင်ပင်ဖက် မည်သူ ဖြစ်ဖူးသနည်း။” ၃၅  သို့မဟုတ် “ကျေးဇူးဆပ်တော်မူရမည်အကြောင်း ဘုရားသခင်အား မည်သူကျေးဇူးပြုဖူးသနည်း။” ၃၆  အကြောင်းမူကား အရာခပ်သိမ်းသည် ကိုယ်တော်ထံမှဖြစ်ကြ၏၊ ကိုယ်တော်အားဖြင့် ဖြစ်ကြ၏၊ ကိုယ်တော်အတွက် ဖြစ်ကြ၏။ ကိုယ်တော်၏ဘုန်းတော် ထာဝစဉ် ထင်ရှားပါစေ။ အာမင်။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
မူရင်း၊ “အဦးသီးသောအသီး။”