ရောမ ၁၂:၁-၂၁
၁၂ ထို့ကြောင့် ညီအစ်ကိုတို့၊ ဘုရားသခင်၏ သနားစာနာမှုကိုထောက်၍ ငါနှိုးဆော် တောင်းပန်ပါ၏။ အသက်ရှင်သော၊ သန့်ရှင်းသော၊ ဘုရားသခင် လက်ခံဖွယ်သော ယဇ်ဖြစ်သည့် မိမိတို့၏ကိုယ်ခန္ဓာကို ဆက်သကြလော့။ သို့ပြုလျှင် သင်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် ဘုရားဝတ်ကို ပြုခြင်းဖြစ်မည်။
၂ သင်တို့သည် လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့။ ဘုရားသခင့် အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်မည်အကြောင်း သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့။
၃ သင်တို့သည် ကိုယ်ကို ထင်သင့်သည်ထက် လွန်၍ မထင်ဘဲ လူအသီးသီးတို့အား ဘုရားသခင် ဝေမျှတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း သင့်လျော်စွာ ထင်ကြရန် ငါခံစားရသော မဟာကရုဏာတော်ကို အမှီပြုလျက် သင်တို့တွင် ရှိသမျှသောသူတို့ကို မှာထား၏။
၄ အကြောင်းမူကား ခန္ဓာကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိ၍ ထိုအင်္ဂါများသည် အလုပ်တာဝန်ချင်း မတူသကဲ့သို့၊
၅ ထို့အတူ ငါတို့သည် လူအများဖြစ်သော်လည်း ခရစ်တော်၌ ခန္ဓာကိုယ် တစ်ခုတည်းဖြစ်၍ ငါတို့အသီးသီးသည် အင်္ဂါချင်းများဖြစ်ကြ၏။
၆ ထိုသို့ ပေးသနားတော်မူသော မဟာကရုဏာတော် အတိုင်း ငါတို့သည် ခြားနားသောဆုတော်များကို ရကြသောကြောင့် ပရောဖက်ဆုဖြစ်လျှင် ယုံကြည်ခြင်း၏ ပမာဏအတိုင်း ပရောဖက်ပြုကြစို့။
၇ အမှုတော်ဆောင်ဆုဖြစ်လျှင် ထိုအမှုကိုဆောင်ရွက်ကြစို့။ သွန်သင်ပေးသူဖြစ်လျှင် သွန်သင်ခြင်းအမှုကို ဆောင်ရွက်ပါစေ။
၈ နှိုးဆော်သူဖြစ်လျှင် နှိုးဆော်ပါစေ။ ပေးကမ်းဝေငှသူဖြစ်လျှင် ရက်ရောစွာ ပေးကမ်းပါစေ။ ဦးစီးသူဖြစ်လျှင် ဝီရိယရှိစွာ ဦးစီးပါစေ။ သနားတတ်သူဖြစ်လျှင် လှိုက်လှိုက်လှဲလှဲ သနားပါစေ။
၉ သင်တို့၏ မေတ္တာသည် ဟန်ဆောင်မှု ကင်းပါစေ။ ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းသောအရာကို မှီဝဲဆည်းကပ်ကြလော့။
၁၀ ညီရင်းအစ်ကိုကဲ့သို့ ချစ်သည့်မေတ္တာဖြင့် အချင်းချင်း ချစ်ခင်စုံမက်ကြလော့။ အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။
၁၁ သင်တို့၏ လုပ်ငန်းဆောင်တာများတွင် ရေသာမခိုကြနှင့်။ စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့။ ယေဟောဝါဘုရားကို အစေခံကြလော့။
၁၂ မျှော်လင့်ခြင်း၌ ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ ခံနိုင်ရည်ရှိကြလော့။ ဆုတောင်းခြင်း၌ စွဲမြဲကြလော့။
၁၃ သန့်ရှင်းသူတို့ကို လိုအပ်သည့်အတိုင်း ဝေမျှကြလော့။ ဧည့်သည်ဝတ်ကို ပြုမြဲပြုကြလော့။
၁၄ သင်တို့ကို ညှဉ်းဆဲသူတို့အား ကောင်းချီး ပေးမြဲပေးကြလော့။ ကျိန်ဆဲခြင်းကို မပြုကြနှင့်၊ ကောင်းချီးပေးကြလော့။
၁၅ ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့။
၁၆ မိမိအပေါ် မိမိထားသည့် စိတ်သဘောမျိုးကို သူတစ်ပါးအပေါ် ထားရှိကြလော့။ စိတ်နေ မမြင့်ကြနှင့်။ နှိမ့်ချလျက် နေကြလော့။ သတိပညာရှိသည်ဟု ကိုယ်ကိုမထင်ကြနှင့်။
၁၇ မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့တွင် ကောင်းမွန်ရာကို ပြုကြလော့။
၁၈ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့။
၁၉ ချစ်သူတို့၊ ကိုယ်တိုင် လက်စားမချေကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ “လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရား မိန့်တော်မူ၏” ဟူ၍ ကျမ်းစာ၌ရေးထား၏။
၂၀ သို့သော် “သင်၏ရန်သူသည် ဆာမွတ်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာ ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထားရာရောက်လိမ့်မည်။”
၂၁ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို ဆက်၍ အနိုင်ယူနေလော့။