ရောမ ၁၃:၁-၁၄
၁၃ အထက် မင်းအာဏာစက်ကို လူ*တိုင်း လက်အောက်ခံလျက်နေစေ။ အကြောင်းမူကား ဘုရားသခင်၏အခွင့် မရှိလျှင် မင်းအာဏာစက်မရှိ။ မင်းအာဏာစက်တို့သည် ဘုရားသခင်၏အခွင့်နှင့် အသီးအသီး တည်ရှိကြ၏။
၂ ထို့ကြောင့် မင်းအာဏာစက်ကို ဆန့်ကျင်သူသည် ဘုရားသခင့်အစီအစဉ်ကို ဆန့်ကျင်သူဖြစ်၏။ ထိုသို့ဆန့်ကျင်သူသည် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်။
၃ မင်းအရာရှိတို့သည် ကောင်းမှုပြုသောသူ ကြောက်ရွံ့ရန် မဟုတ်။ မကောင်းမှုပြုသောသူ ကြောက်ရွံ့ရန် ဖြစ်၏။ မင်းအာဏာစက်ကို မကြောက်ရွံ့ဘဲ နေလိုသလော။ အကောင်းကို ပြုလျက်နေလော့။ ထိုသို့ပြုလျှင် မင်းအာဏာစက်၏ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
၄ မင်းအာဏာစက်သည် သင့်ကောင်းကျိုးအတွက် ဘုရားသခင့်အမှုဆောင်ဖြစ်၏။ အဆိုးကိုပြုလျှင်မူကား ကြောက်ရွံ့ခြင်းရှိလော့။ အကြောင်းမူကား မင်းအာဏာစက်သည် အကြောင်းမဲ့ ဓားကိုဆောင်သည်မဟုတ်။ ဘုရားသခင့်အမှုဆောင်ဖြစ်၍ အဆိုးကို ပြုကျင့်လေ့ရှိသူတို့အပေါ် အမျက်တော်ပြမည့် လက်စားချေသူ ဖြစ်၏။
၅ သို့ဖြစ်၍ ထိုအမျက်တော်ကြောင့်သာမဟုတ်၊ ဩတ္တပ္ပစိတ်ကို ထောက်၍လည်း မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လက်အောက်ခံရမည့် အကြောင်းရှိ၏။
၆ ထိုအကြောင်းကြောင့် သင်တို့သည် အခွန်ပေးရ၏။ မင်းအာဏာစက်တို့သည် ဘုရားသခင်၏အမှုထမ်းများဖြစ်၍ ထိုတာဝန်ကို မပြတ်ထမ်းဆောင်ကြ၏။
၇ လူအသီးသီးတို့အား ပေးဆောင်ထိုက်သည့်အတိုင်း ပေးဆောင်ကြလော့။ အခွန်ကိုခံထိုက်သူအား အခွန်ကိုပေးကြလော့။ အကောက်ကို ခံထိုက်သူအား အကောက်ကို ပေးကြလော့။ ကြောက်ထိုက်သူကို ကြောက်ကြလော့။ ရိုသေထိုက်သူကို ရိုသေကြလော့။
၈ အချင်းချင်း ချစ်ခြင်းမေတ္တာအကြွေးမှတစ်ပါး မည်သည့် အကြွေးမျှ မတင်စေနှင့်။ လူသားချင်းကို ချစ်သောသူသည် ပညတ်တရားကို အပြည့်အစုံစောင့်ရှောက်လေပြီ။
၉ အကြောင်းမူကား “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ပညတ်သည် “အိမ်ထောင်ရေး မဖောက်ပြန်ရ။ လူ့အသက်ကို မသတ်ရ။ သူ့ဥစ္စာကို မခိုးရ။ တပ်မက်သောစိတ် မရှိရ” ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှ၏ အချုပ်ဖြစ်၏။
၁၀ ချစ်ခြင်းမေတ္တာသည် လူသားချင်း၏အကျိုးကို မဖျက်ဆီးတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာ ဖြစ်၏။
၁၁ သင်တို့သည် အိပ်ပျော်ရာမှ နိုးချိန်တန်သော ယခုအချိန်ကာလကို သိသောကြောင့် ထိုသို့ပြုနေကြလော့။ အကြောင်းမူကား ကယ်တင်ခြင်းသည် ငါတို့ယုံကြည်သူများ ဖြစ်လာချိန်ကထက် ယခုသာ၍နီးနေပြီ။
၁၂ ညအချိန် ကုန်လု၍ နေ့အချိန် ရောက်လုပြီ။ ထို့ကြောင့် မှောင်မိုက်နှင့်ဆိုင်သော အကျင့်များကို ချွတ်ပယ်ကြစို့။ အလင်း၏ လက်နက်တန်ဆာကို ဝတ်ဆင်ကြစို့။
၁၃ ဆူဆူညံညံပွဲခံခြင်း၊ သောက်စားမူးယစ်ခြင်း၊ လိင်အကျင့်ယိုယွင်းခြင်း၊ အကျင့်ပျက်ခြင်း*၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်းတို့ကိုမပြုဘဲ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ကြံပြုမူကြစို့။
၁၄ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ လူ့ဇာတိ အလိုဆန္ဒများအတွက် မကြံစည်ကြနှင့်။
အောက်ခြေမှတ်ချက်များ
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
^ သို့မဟုတ် “လိင်ပိုင်းတွင်စည်းကမ်းမရှိခြင်း၊ လိင်ပိုင်းကိုယ်ကျင့်သိက္ခာမဲ့ခြင်း၊ အရှက်မရှိခြင်း။”