ရောမ ၁၄:၁-၂၃
၁၄ ယုံကြည်ခြင်းတွင် အားနည်းသူတို့ကို ကြိုဆိုလက်ခံကြလော့။ သို့ရာတွင် သူ၏ ဒွိဟဖြစ်မှုကို မဆုံးဖြတ်ပေးနှင့်။
၂ အစာအမျိုးမျိုးကို စားသင့်သည်ဟု တစ်ယောက်သောသူ ယုံကြည်၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာ စား၏။
၃ စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့်။ မစားသောသူသည်လည်း စားသောသူကို မစီရင်စေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ထိုသူကို ကြိုဆိုလက်ခံတော်မူပြီ။
၄ သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်ရသနည်း။ ထိုသူ တည်ရခြင်း၊ မတည်ရခြင်းကို သူ၏သခင်သာ စီရင်ရ၏။ သူသည် တည်နေရလိမ့်မည်။ အကြောင်းမူကား ယေဟောဝါဘုရားသည် သူ့ကိုတည်စေနိုင်တော်မူ၏။
၅ တစ်ယောက်သောသူက နေ့ရက်တစ်ရက်သည် အခြား နေ့ရက်တစ်ရက်ထက် မြတ်သည် ဟု စီရင်၏။ တစ်ယောက်သောသူကမူ နေ့ရက်တိုင်းသည် အတူတူဖြစ်သည်ဟု စီရင်၏။ လူတိုင်း မိမိစိတ်တွင် ယုံကြည်စိတ်ချမှု အပြည့်ရှိပါစေ။
၆ နေ့ရက်ကို စောင့်ထိန်းသူသည် ယေဟောဝါဘုရားကို ထောက်၍ စောင့်ထိန်း၏။ စားသောသူသည်လည်း ယေဟောဝါဘုရားကိုထောက်၍ စား၏။ အကြောင်းမူကား သူသည် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၏။ မစားသောသူသည် ယေဟောဝါဘုရားကို ထောက်၍ မစားဘဲနေ၏။ သူသည်လည်း ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၏။
၇ ငါတို့တွင် မည်သူမျှ ကိုယ့်အတွက်သာ အသက်မရှင်။ မည်သူမျှ ကိုယ့်အတွက်သာ မသေ။
၈ ငါတို့ အသက်ရှင်လျှင် ယေဟောဝါဘုရားအတွက် ရှင်၏။ သေလျှင်လည်း ယေဟောဝါဘုရားအတွက် သေ၏။ ထို့ကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ယေဟောဝါဘုရားနှင့်သာ ဆိုင်၏။
၉ အကြောင်းမူကား ခရစ်တော်သည် သေသောသူ၊ ရှင်သောသူတို့အပေါ် သခင်ဖြစ်မည်အကြောင်း အသေခံ၍၊ တစ်ဖန် အသက်ရှင်တော်မူ၏။
၁၀ သင့်ညီအစ်ကိုကို အဘယ်ကြောင့် စီရင်သနည်း။ သင့်ညီအစ်ကိုကို အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့တွင် ရပ်ကြရလိမ့်မည်။
၁၁ အကြောင်းမူကား“‘ငါအသက်ရှင်သည့်အတိုင်း ငါ့ရှေ့တွင် လူတိုင်း ဒူးထောက်ရလိမ့်မည်။ ငါသည် ဘုရားသခင်ဖြစ်ကြောင်း လူတိုင်း အတိအလင်း ဝန်ခံရလိမ့်မည်’ ဟုယေဟောဝါဘုရား မိန့်တော်မူသည်” ဟူ၍ ကျမ်းစာ၌ ရေးထား၏။
၁၂ သို့ဖြစ်၍ ငါတို့အသီးသီးသည် ဘုရားသခင်ထံ စာရင်းရှင်းကြရလိမ့်မည်။
၁၃ ထို့ကြောင့် အချင်းချင်း မစီရင်တော့ဘဲ နေကြစို့။ ညီအစ်ကိုချင်း တိုက်မိ၍လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း မရှိစေရန် ဆုံးဖြတ်ကြလော့။
၁၄ မည်သည့်အရာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို ငါသည် သခင်ယေရှုကို အမှီပြု၍ သိမှတ်ယုံကြည်၏။ တစ်စုံတစ်ရာကို ညစ်ညူးသည်ဟု ထင်မှတ်သောသူအတွက်သာ ညစ်ညူး၏။
၁၅ သင့်ညီအစ်ကိုသည် သင်၏အစာကြောင့် ဝမ်းနည်းရလျှင် သင်သည် မေတ္တာတရားနှင့်အညီ လိုက်လျှောက်ရာ မရောက်တော့။ ထိုသူအတွက် ခရစ်တော် အသေခံတော်မူခဲ့ပြီဖြစ်ရာ သင်၏အစာကြောင့် သူ့ကိုမပျက်စီးစေနှင့်။
၁၆ ထို့ကြောင့် သင်တို့ပြုသော တော်လျော်သောအမှုကို ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်စေကြနှင့်။
၁၇ ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌မတည်။ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ခံရသော ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၌ တည်၏။
၁၈ ထိုသို့ ခရစ်တော်၏ အစေကိုခံသူအား ဘုရားသခင် လက်ခံတော်မူ၏။ ထိုသူသည် လူတို့ရှေ့တွင်လည်း မျက်နှာသာရ၏။
၁၉ ထို့ကြောင့် ငါတို့သည် ငြိမ်သက်ခြင်းရှိစေသော၊ အချင်းချင်း တည်ဆောက်ပေးသော အမှုများကို လုပ်ဆောင်ရန် အစဉ် ကြိုးစားအားထုတ်*ကြစို့။
၂၀ အစားအစာအတွက် ဘုရားသခင်၏ အမှုတော်ကို မဖျက်ဆီးနှင့်တော့။ အစာအားလုံး စင်ကြယ်သည်မှန်သော်လည်း တိုက်မိ၍ လဲစရာအကြောင်းရှိလျက်နှင့် စားသောသူသည် ထိခိုက်နစ်နာစေတတ်၏။
၂၁ အသားစားခြင်းဖြစ်စေ၊ ဝိုင်သောက်ခြင်းဖြစ်စေ၊ သင့်ညီအစ်ကိုကို တိုက်မိ၍ လဲစေမည့် အရာမှန်သမျှကိုဖြစ်စေ မပြုဘဲနေသင့်၏။
၂၂ သင်၌ရှိသော ယုံကြည်ခြင်းကို ဘုရားသခင်နှင့် သင်၏အမှုကိစ္စ ဖြစ်စေလော့။ ကိုယ်နှစ်သက်ရာနှင့် ကိုယ့်ကိုယ်ကိုယ် မစီရင်သောသူသည် ပျော်ရွှင်၏။
၂၃ ယုံမှားသံသယစိတ် ရှိသောသူသည် စားလျှင် ယုံကြည်ခြင်းမရှိဘဲ စားသောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကို ခံရ၏။ ယုံကြည်ခြင်းမရှိဘဲ ပြုလေသမျှသည် အပြစ်ဖြစ်၏။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “မီအောင်လိုက်။”