ရောမ ၂:၁-၂၉
၂ ထို့ကြောင့် အချင်းလူ၊ သင်သည် မည်သူပင်ဖြစ်ပါစေ သူတစ်ပါးကိုစီရင်လျှင် ဆင်ခြေမပေးနိုင်ရာ။ အကြောင်းမူကား သင်သည် စီရင်သောအမှုကိုပင် ကိုယ်တိုင်ပြုကျင့်တတ်သည်ဖြစ်၍ သူတစ်ပါးကို စီရင်ရာတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်စီရင်ရာ ရောက်၏။
၂ ထိုသို့ ပြုကျင့်တတ်သူတို့ကို ဘုရားသခင် စီရင်တော်မူခြင်းသည် အမှန်တရားနှင့်ညီကြောင်း ငါတို့သိကြ၏။
၃ ထိုသို့ ပြုကျင့်တတ်သူတို့ကို စီရင်လျက် ကိုယ်တိုင်ပြုကျင့်တတ်သော အချင်းလူ၊ သင်သည် ဘုရားသခင် စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။
၄ သို့မဟုတ် ဘုရားသခင်၏ထောက်ထားညှာတာမှုက သင့်အား နောင်တတရားသို့ ပို့ဆောင်တော်မူကြောင်း မသိမမှတ်ဘဲ ကရုဏာပြခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ ကြွယ်ဝစွာပြတော်မူသည်ကို မထီမဲ့မြင်ပြုသလော။
၅ သို့သော် သင်သည် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ ဖြောင့်မတ်သော စီရင်တော်မူခြင်း ထင်ရှားသောနေ့တွင် ကိုယ်တိုင်အတွက် ဒေါသအမျက်တော်ကို သိုထားလျက်နေ၏။
၆ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူမည်။
၇ ကောင်းသောအကျင့်ကို ခံနိုင်ရည်ရှိစွာကျင့်ကြံ၍ ဘုန်းအသရေ၊ ဂုဏ်အသရေ၊ မဖောက်ပြန် မပျက်စီးတတ်သော အဖြစ်တို့ကို ရှာလျက်နေသူတို့အား ထာဝရအသက်ပေးတော်မူမည်။
၈ ရန်လိုသောသဘောရှိ၍ အမှန်တရားကို မနာယူဘဲ မတရားမှုကို နာယူသူတို့မူကား ဒေါသအမျက်တော် သင့်ကြလိမ့်မည်။
၉ ဦးစွာ ဂျူးလူမျိုးထဲမှ၊ ထို့နောက် ဂရိလူမျိုးထဲမှ ဆိုးညစ်သောအမှုကိုပြုသူတိုင်း*အပေါ် ဆင်းရဲဒုက္ခဝေဒနာ သက်ရောက်လိမ့်မည်။
၁၀ သို့ရာတွင် ဦးစွာ ဂျူးလူမျိုး၊ ထို့နောက် ဂရိလူမျိုးတွင် ကောင်းသောအမှုကို ပြုသူတိုင်းသည် ဘုန်းအသရေ၊ ဂုဏ်အသရေ၊ ငြိမ်သက်ခြင်းတို့ကိုခံစားရမည်။
၁၁ အကြောင်းမူကား ဘုရားသခင်သည် မျက်နှာလိုက်တော်မူခြင်းမရှိချေ။
၁၂ ပညတ်တရားကိုမရဘဲ ပြစ်မှားသူအပေါင်းတို့သည် ပညတ်တရားမရှိဘဲလျက် ပျက်စီးကြလိမ့်မည်။ ပညတ်တရားကို သိလျက်နှင့် ပြစ်မှားသူအပေါင်းတို့မူကား ပညတ်တရားအတိုင်း စီရင်ခံရလိမ့်မည်။
၁၃ အကြောင်းမူကား တရားကိုကြားနာသူတို့သည် ဘုရားသခင့်ရှေ့တော်တွင် ဖြောင့်မတ်သည်မဟုတ်။ တရားကိုကျင့်သူတို့သာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။
၁၄ အကြောင်းမူကား ပညတ်တရား မရှိသောလူမျိုးခြားတို့သည် သဘာဝအလျောက် ပညတ်တရား၏မူများကို ပြုကျင့်သောအခါ ထိုသူတို့တွင် ပညတ်တရား မရှိသော်လည်း သူတို့ကိုယ်တိုင်သည် သူတို့အတွက် ပညတ်တရားဖြစ်၏။
၁၅ သူတို့၏စိတ်နှလုံးထဲတွင် ပညတ်တရား၏မူများ ရေးထားလျက်ရှိကြောင်း ဖော်ပြ၏။ ဩတ္တပ္ပစိတ်သည်လည်း သူတို့နှင့်အတူ သက်သေခံနေသဖြင့်၊ သူတို့၏စိတ်ထဲတွင် အပြစ်တင်လိုက်၊ ခွင့်လွှတ်လိုက် ဖြစ်နေ၏။
၁၆ ဘုရားသခင်သည် ခရစ်တော်ယေရှုအားဖြင့် လူတို့၏လျှို့ဝှက်ချက်များကို စစ်ကြောစီရင်တော်မူသောနေ့၌ ငါဟောပြောသော သတင်းကောင်းနှင့်အညီ ထိုသို့စီရင်တော်မူလိမ့်မည်။
၁၇ သင်သည် ဂျူးလူမျိုးဟု သမုတ်ခံရသူ၊ ပညတ်တရားကိုအားကိုးသူ၊ ဘုရားသခင်ကြောင့် ဝါကြွားသူ၊
၁၈ အလိုတော်ကိုသိပြီး ပညတ်ကျမ်း*၌ သွန်သင်ခြင်းခံရသဖြင့် အလွန်ထူးမြတ်သောအရာများကို နှစ်သက်သဘောကျသူ၊
၁၉ မျက်မမြင်တို့ကို လမ်းပြသူ၊ မှောင်မိုက်၌ရှိသူတို့ကို အလင်းပေးသူ၊
၂၀ လူမိုက်တို့ကို ပဲ့ပြင်ပေးသူ၊ သူငယ်တို့ကို သင်ကြားပေးသူ၊ ပညတ်တရား၌ပါသော အသိပညာနှင့် အမှန်တရားတို့၏ အသွင်အပြင်ကို နားလည်သူ ဖြစ်သည်ဟု ထင်မှတ်လျှင်၊
၂၁ သူတစ်ပါးကို သွန်သင်လျက်ပင် ကိုယ့်ကိုယ်ကိုယ် မသွန်သင်သလော။ “မခိုးနှင့်” ဟုတရားဟောလျက်ပင် ကိုယ်တိုင် ခိုးသလော။
၂၂ “အိမ်ထောင်ရေး မဖောက်ပြန်နှင့်” ဟုဆိုလျက်ပင် ကိုယ်တိုင် ဖောက်ပြန်သလော။ ရုပ်တုကို စက်ဆုပ်ရွံရှာသည်ဟု ဆိုလျက်ပင် ဗိမာန်များကို လုယက်သလော။
၂၃ ပညတ်တရားကြောင့် ဂုဏ်ယူဝါကြွားလျက်ပင် ထိုတရားကို ကျူးလွန်၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော။
၂၄ အကြောင်းမူကား “လူမျိုးခြားတို့သည် သင်တို့ကြောင့် ဘုရားသခင်၏နာမတော်ကို စော်ကားတတ်ကြ၏” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်း ဖြစ်နေ၏။
၂၅ သင်သည် ပညတ်တရားကိုကျင့်မှသာ အရေဖျားလှီးခြင်းသည် အကျိုးရှိမည်။ ပညတ်တရားကို ကျူးလွန်သူဖြစ်လျှင်မူကား သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးခြင်း ဖြစ်ပြန်၏။
၂၆ ထို့ကြောင့် အရေဖျားလှီးခြင်းကို မခံသောသူသည် ပညတ်တရား၌ပါသော ဖြောင့်မှန်သည့် စီရင်ထုံးဖွဲ့တော်မူချက်များကို စောင့်ရှောက်လျှင် ထိုသူ၏ အရေဖျားမလှီးခြင်းအဖြစ်ကို အရေဖျားလှီးခြင်းအဖြစ်ကဲ့သို့ ယူမှတ်မည် မဟုတ်လော။
၂၇ ပကတိအရေဖျားလှီးခြင်းကို မခံဘဲ ပညတ်တရားကို ကျင့်သောသူသည် ပညတ်တရားနှင့်တကွ အရေဖျားလှီးခြင်း ခံယူလျက်ပင် ပညတ်တရားကို ကျူးလွန်သော သင့်အား တရားစီရင်လိမ့်မည်။
၂၈ အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်သူသည် ဂျူးလူမျိုးအမှန် မဟုတ်။ အပြင်ပန်းအားဖြင့် ကိုယ့်အသား၌ အရေဖျားလှီးခြင်းသည်လည်း အရေဖျားလှီးခြင်းအမှန် မဟုတ်။
၂၉ အတွင်းအားဖြင့် ဂျူးလူမျိုးဖြစ်သူသည် ဂျူးလူမျိုး မှန်၏။ အရေဖျားလှီးခြင်းသည်လည်း ပညတ်တရားအားဖြင့် မဟုတ်ဘဲ စွမ်းအားတော်အားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့သောသူကို လူတို့ချီးမွမ်းသည်မဟုတ်၊ ဘုရားသခင် ချီးမွမ်းတော်မူ၏။
အောက်ခြေမှတ်ချက်များ
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
^ သိနာတောအရပ်တွင် ဖျန်ဖြေသူမောရှေအားဖြင့် အစ္စရေးလူမျိုးအား ဘုရားသခင်ပေးသောပညတ်။