ရောမ ၃:၁-၃၁

 သို့ဖြစ်လျှင် ဂျူးလူမျိုးသည် အဘယ်သို့ သာလွန်သနည်း။ အရေဖျားလှီးခြင်းသည် အဘယ်အကျိုးရှိသနည်း။ ၂  နည်းမျိုးစုံဖြင့် အကျိုးရှိ၏။ ဦးစွာ သူတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို လွှဲအပ်ခံရ၏။ ၃  သို့ဖြစ်လျှင် အဘယ်သို့ ဆိုရမည်နည်း။ လူအချို့သည် မယုံကြည်လျှင် သူတို့၏ ယုံကြည်ခြင်းကင်းမဲ့မှုက ဘုရားသခင်၏ သစ္စာတော်ကို အကျိုးမဲ့ဖြစ်စေမည်လော။ ၄  လုံးဝအကျိုးမမဲ့နိုင်ရာ။ “ကိုယ်တော်၏မိန့်တော်မူချက်သည် မှန်ကန်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူမည်” ဟူ၍ ကျမ်းစာ၌ ရေးထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်ကြသော်လည်း ဘုရားသခင်မူကား ဖြောင့်မှန်တော်မူ၏။ ၅  သို့ရာတွင် ငါတို့၏မဖြောင့်မတ်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုမည်နည်း။ လူ့သဘောအတိုင်း ငါဆိုရလျှင် ဘုရားသခင်သည် မိမိအမျက်တော်ကို သွန်းလောင်းသောအခါ မတရားရာ ရောက်တော်မူသလော။ ၆  ထိုသို့ လုံးဝမဖြစ်နိုင်ရာ။ ဖြစ်ခဲ့လျှင် ဘုရားသခင်သည် လောကကို မည်သို့ တရားစီရင်တော်မူမည်နည်း။ ၇  ထိုမှတစ်ပါး ငါလိမ်လည်သောကြောင့် ဘုရားသခင်၏အမှန်တရားသည် ဘုန်းအသရေတော်ကို ပိုမိုထင်ရှားစေလျှင် ငါသည် အပြစ်သားအဖြစ် အဘယ်ကြောင့် စီရင်ခံနေရသေးသနည်း။ ၈  “ကောင်းမှုထင်ရှားစေရန်မကောင်းမှုကို ပြုကြစို့” ဟုငါတို့ဆိုသည်ဟူ၍လူအချို့က မဟုတ်မမှန် စွပ်စွဲပြောဆိုသည့်နည်းတူ ဆိုရမည်လော။ ထိုသို့ဆိုသောသူတို့သည် တရားသဖြင့် စီရင်ခြင်းကို ခံထိုက်၏။ ၉  သို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည်သာ၍ မြတ်သလော။ အလျှင်းမမြတ်။ အကြောင်းမူကား ဂျူးလူမျိုး၊ ဂရိလူမျိုးအပေါင်းတို့သည် အပြစ်တရားအောက်၌ရှိကြောင်း အထက်တွင် ဖော်ပြခဲ့ပြီ။ ၁၀  ကျမ်းစာ၌ရေးထားသည်ကား “ဖြောင့်မတ်သောသူ မရှိ၊ တစ်ယောက်မျှပင် မရှိ။ ၁၁  ထိုးထွင်းဉာဏ်ရှိသောသူ မရှိ၊ ဘုရားသခင်ကိုရှာသောသူ မရှိ။ ၁၂  လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ သူတို့အားလုံး အသုံးမကျသောသူများ ဖြစ်ကြပြီ။ ကောင်းမှုပြုသောသူ မရှိ။ တစ်ယောက်မျှပင်မရှိ” ဟူ၏။ ၁၃  “သူတို့၏လည်ချောင်းသည် ပွင့်နေသော သင်္ချိုင်းတွင်းဖြစ်၍ သူတို့၏လျှာနှင့် လှည့်စားတတ်၏။” “သူတို့နှုတ်ခမ်းတွင် မြွေပွေးအဆိပ်ရှိ၏။” ၁၄  “သူတို့နှုတ်သည် ကျိန်ဆဲခြင်း၊ ခါးသီးခြင်းနှင့် ပြည့်လျက်ရှိ၏။” ၁၅  “သူတို့၏ခြေသည် အသွေးကိုသွန်းရန် လျင်မြန်၏။” ၁၆  “သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။ ၁၇  ငြိမ်သက်ခြင်းလမ်းကို သူတို့မသိကြ။” ၁၈  “သူတို့၏ မျက်မှောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ ခြင်းတရား မရှိ။” ၁၉  ပညတ်တရား၌ ပါသမျှသော စကားများသည် ပညတ်တရားအောက်ရှိသူတို့နှင့် စပ်ဆိုင်သည်ကိုယခုငါတို့သိ၏။ ဤသို့အားဖြင့် လောကသားအပေါင်းတို့သည် နှုတ်ဆိတ်၍ ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရမည်အကြောင်းရှိ၏။ ၂၀  ပညတ်တရားသည် အပြစ်ကို ထင်ရှားစေသောကြောင့် ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ မည်သူမျှဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။ ၂၁  ယခုမူကား ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်း*တို့ သက်သေခံသည့်အတိုင်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားကိုမမှီဘဲ ထင်ရှားလေပြီ။ ၂၂  ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ပြည့်မီကြ၏။ ကြောင်းမူကား ခွဲခြားခြင်း မရှိ။ ၂၃  အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ ဘုန်းတော်ကို မမီကြ။ ၂၄  ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးအားဖြင့် ဘုရားသခင်၏ မဟာကရုဏာတော်ကြောင့် ဆုကျေးဇူးအဖြစ် ဖြောင့်မတ်ရာသို့ ရောက်၏။ ၂၅  အသွေးတော်ကို ယုံကြည်ခြင်းဖြင့် အပြစ်ဖြေလွှတ်ခွင့်ရရန် ဘုရားသခင်သည် ခရစ်တော်ကို အပြစ်ဖြေရာယဇ်အဖြစ် စေလွှတ်တော်မူ၏။ ဘုရားသခင်သည် သည်းခံတော်မူစဉ် အတိတ်မှအပြစ်များကို ခွင့်လွှတ်သဖြင့် ဖြောင့်မတ်တော်မူကြောင်း ဖော်ပြမည်အကြောင်းဖြစ်၏။ ၂၆  ယခုကာလ၌ ဖြောင့်မတ်တော်မူခြင်းကို ဖော်ပြ၍ ယေရှုကိုယုံကြည်သူအား ဖြောင့်မတ်ရာသို့ ရောက်စေသောအခါ၌ပင် ဖြောင့်မတ်တော်မူမည်အကြောင်းဖြစ်၏။ ၂၇  သို့ဖြစ်လျှင် ဝါကြွားစရာအကြောင်း အဘယ်မှာရှိသနည်း။ ဝါကြွားစရာအကြောင်း မရှိ။ အဘယ်တရားအားဖြင့် ဝါကြွားစရာ မရှိသနည်း။ အကျင့်တရားအားဖြင့် ဖြစ်သလော။ အကျင့်တရားအားဖြင့် မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့် ဖြစ်၏။ ၂၈  ထို့ကြောင့် လူသည် ပညတ်တရား၏အကျင့်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဟုယူမှတ်ရ၏။ ၂၉  ကိုယ်တော်သည် ဂျူးတို့၏ဘုရားသခင်သာ ဖြစ်တော်မူသလော။ လူမျိုးခြားတို့၏ ဘုရားသခင်လည်း ဖြစ်တော်မူသည် မဟုတ်လော။ မှန်ပေ၏။ လူမျိုးခြားတို့၏ ဘုရားသခင်လည်း ဖြစ်တော်မူ၏။ ၃၀  ဘုရားသခင်သည် တစ်ဆူတည်းဖြစ်တော်မူသောကြောင့် အရေဖျားလှီးခြင်းခံသူတို့ကို ယုံကြည်ခြင်းကြောင့်လည်းကောင်း၊ အရေဖျားလှီးခြင်း မခံသူတို့ကို ယုံကြည်ခြင်းအားဖြင့်လည်းကောင်း ဖြောင့်မတ်ရာသို့ရောက် စေတော်မူမည်။ ၃၁  သို့ဖြစ်လျှင် ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ဖျက်ကြသလော။ လုံးဝ မပယ်ဖျက်နိုင်ရာ။ ပယ်ဖျက်မည့်အစား တည်စေကြ၏။

အောက်ခြေမှတ်ချက်များ

‘ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း’ ဟူသောအသုံးအနှုန်းသည် ဟေဗြဲကျမ်းတစ်ကျမ်းလုံးကို ရည်ညွှန်းသည်။