ရောမ ၇:၁-၂၅
၇ ပညတ်တရားကိုသိသော ညီအစ်ကိုတို့၊ ပညတ်တရားသည် လူကို အသက်ရှင်စဉ်ကာလ၌သာ အုပ်စိုးရသည်ကို သင်တို့ မသိကြသလော။
၂ ဥပမာကား၊ အိမ်ထောင်သည် အမျိုးသမီးသည် ခင်ပွန်းအသက်ရှင်နေစဉ် ဥပဒေအရ ခင်ပွန်း၌ ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေဆုံးလျှင်မူကား ခင်ပွန်း၏တရားနှင့် ကင်းလွတ်၏။
၃ ထို့ကြောင့် ခင်ပွန်းအသက်ရှင်စဉ် သူတစ်ပါး၏မယားဖြစ်လျှင် ဖောက်ပြန်သောမိန်းမဟု အခေါ်ခံရလိမ့်မည်။ ခင်ပွန်းသေလျှင်မူကား ထိုတရားနှင့် လွတ်သည်ဖြစ်၍ သူတစ်ပါး၏မယား ဖြစ်သွားလျှင်ပင် ဖောက်ပြန်သောမိန်းမ ဖြစ်မည်မဟုတ်။
၄ ထိုနည်းတူ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်လည်း ခရစ်တော်၏ခန္ဓာကိုယ်အားဖြင့် ပညတ်တရားတွင် သေခဲ့ပြီဖြစ်၍ သေခြင်းမှထမြောက်တော်မူသော ခရစ်တော်၏ပိုင်ဆိုင်ရာ ဖြစ်လာကြသောကြောင့် ဘုရားသခင်အတွက် သီးပွင့်ဖြစ်ထွန်းကြ၏။
၅ ငါတို့သည် လူ့ဇာတိသဘောအတိုင်း အသက်ရှင်စဉ်အခါ ပညတ်တရားကြောင့် ထင်ရှားလာသော အပြစ်ပြုလိုစိတ်များသည် ငါတို့၏ ကိုယ်အင်္ဂါများ၌ ထကြွသဖြင့် ငါတို့လုပ်ဆောင်သမျှသည် သေခြင်းအတွက် အသီးသီးခြင်းဖြစ်၏။
၆ ယခုမူကား ငါတို့သည် ချုပ်နှောင်ခံရသော ပညတ်တရား၌ သေလျက် ထိုတရားမှ လွတ်မြောက်ပြီဖြစ်ရာ တရားဟောင်းအရ ကျွန်မခံဘဲ စွမ်းအားတော်တရားသစ်အရ ကျွန်ခံကြ၏။
၇ သို့ဖြစ်၍ မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်တရား ဖြစ်သလော။ လုံးဝမဖြစ်နိုင်ရာ။ ပညတ်တရားကြောင့်သာ မဟုတ်လျှင် အပြစ်တရားကို ငါသိရမည်မဟုတ်။ ဥပမာကား၊ “တပ်မက်သောစိတ် မရှိရ” ဟုပညတ်တရား မဆိုလျှင် တပ်မက်ခြင်းသဘောကို ငါသိရမည်မဟုတ်။
၈ အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍ ငါ၌ တပ်မက်မှုအမျိုးမျိုး ဖြစ်ပေါ်စေ၏။ အကြောင်းမူကား ပညတ်တရား မရှိလျှင် အပြစ်တရားသည် အသေဖြစ်၏။
၉ ငါသည်ပညတ်တရားကိုမမှီဘဲ အသက်ရှင်ခဲ့ဖူး၏။ ပညတ်တော် ပေါ်လာသောအခါမူကား အပြစ်တရား ရှင်သန်လာပြန်၏။ ငါမူကား သေရ၏။
၁၀ အသက်ရှင်ခြင်းကို ဖြစ်စေသော ပညတ်တော်သည် သေခြင်းကို ဖြစ်စေကြောင်း ငါတွေ့ရ၏။
၁၁ အကြောင်းမူကား အပြစ်တရားသည် ပညတ်တော်အားဖြင့် အခွင့်ရလျှင် ငါ့ကိုဖြားယောင်း၍ ထိုတရားအားဖြင့် ငါ့ကိုသတ်လေ၏။
၁၂ ထို့ကြောင့် ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တော်သည်လည်း သန့်ရှင်း၏၊ ဖြောင့်မှန်၏၊ ကောင်းမြတ်၏။
၁၃ သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ့အား သေစေခြင်း ဖြစ်သလော။ လုံးဝမဖြစ်နိုင်ရာ။ အပြစ်တရားမူကား ငါ့အား သေစေ၏။ အပြစ်တရားသည် အပြစ်ကိုထင်ရှားစေရန် ကောင်းမြတ်သောအရာအားဖြင့် ငါ့အား သေစေခြင်းဖြစ်၏။ အပြစ်တရားသည် သာ၍ဆိုးရွားကြောင်းပညတ်တော်အားဖြင့် သိရ၏။
၁၄ ပညတ်တရားသည်ဘုရားသခင်ထံတော်မှဖြစ်ကြောင်း ငါတို့သိကြ၏။ ငါမူကား လူ့ဇာတိသဘောရှိသူ၊ အပြစ်တရားလက်သို့ ရောင်းချခံရသူဖြစ်၏။
၁၅ အကြောင်းမူကား ငါသည် ကိုယ်ပြုနေသောအရာကို ကိုယ်မသိ။ ကျင့်ချင်သောအကျင့်ကို မကျင့်ဘဲ မုန်းသောအကျင့်ကို ကျင့်မိလေ့ရှိ၏။
၁၆ သို့ဖြစ်၍မကျင့်ချင်သောအကျင့်ကိုငါကျင့်လျှင် ပညတ်တရားသည် ကောင်းမွန်ကြောင်း ငါသဘောတူ၏။
၁၇ ထိုသို့ကျင့်စေသူသည် ငါကိုယ်တိုင် မဟုတ်တော့။ ငါ့အထဲ၌တည်နေသော အပြစ်တရားဖြစ်၏။
၁၈ ငါ၏အထဲ၊ ငါ၏လူ့ဇာတိ၌ ကောင်းသောအရာ မရှိကြောင်း ငါသိ၏။ အကြောင်းမူကား ငါသည် ကောင်းရာကို ကျင့်လိုသောစိတ်ရှိသော်လည်း ကျင့်ဆောင်နိုင်စွမ်းကား မရှိ။
၁၉ ငါသည် ကျင့်ချင်သောအကျင့်ကောင်းကို မကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်မိလေ့ရှိ၏။
၂၀ ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင် ငါကိုယ်တိုင် ကျင့်သည်မဟုတ်တော့။ ငါ့အထဲ၌တည်နေသော အပြစ်တရားသည် ကျင့်၏။
၂၁ သို့ဖြစ်၍ ငါတွေ့ရှိရသည့် တရားကား၊ ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။
၂၂ ငါသည် အတွင်းသဘောအားဖြင့် ဘုရားသခင်၏ပညတ်တရားကို အမှန်ပင်နှစ်သက်၏။
၂၃ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ အခြားသော တရားတစ်ပါးသည် ငါ့စိတ်သဘော၌ရှိသောတရားကို တိုက်လှန်၍ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုအပ်နှံကြောင်း ငါမြင်၏။
၂၄ ငါ့အဖြစ် ဆိုးလိုက်လေခြင်း။ ငါ့ကို သေခြင်းသို့ ပို့ဆောင်သော ဤခန္ဓာကိုယ်မှ မည်သူကယ်နုတ်မည်နည်း။
၂၅ ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။ ငါသည် စိတ်အားဖြင့် ဘုရားသခင့် ပညတ်တရား၏ကျွန်ဖြစ်သော်လည်း လူ့ဇာတိအားဖြင့်မူကား အပြစ်တရား၏ ကျွန်ဖြစ်၏။