ရောမ ၈:၁-၃၉
၈ ထို့ကြောင့် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်ကြ၏။
၂ အကြောင်းမူကား ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းဖြစ်စေ၍ အသက်ရှင်စေသော စွမ်းအားတော်၏တရားသည် အပြစ်တရားနှင့် သေခြင်းတရားတို့၏လက်မှ ငါတို့ကို ကယ်လွှတ်ပြီ။
၃ လူ့ဇာတိအားဖြင့် အားနည်းရသော ပညတ်တရား မစွမ်းဆောင်နိုင်သောအမှုကို ဘုရားသခင်ဆောင်ရွက်တော်မူ၏။ ကိုယ်တော်သည် အပြစ်တရားကို ဖယ်ရှားရန် သားတော်ရင်းကို အပြစ်ရှိသော လူ့ဇာတိအသွင်ဖြင့် စေလွှတ်တော်မူ၍ အပြစ်တရားကို လူ့ဇာတိ၌ ပြစ်ဒဏ်စီရင်တော်မူ၏။
၄ အကြောင်းမူကား လူ့ဇာတိအတိုင်း မလျှောက်၊ စွမ်းအားတော်အတိုင်းလိုက်လျှောက်သောငါတို့၌ ပညတ်တရား၏ဖြောင့်မှန်သော ပြဋ္ဌာန်းချက်သည် ပြည့်စုံမည်အကြောင်းတည်း။
၅ လူ့ဇာတိသဘောရှိသူတို့သည် လူ့ဇာတိနှင့်ဆိုင်သော အရာများကို စိတ်စွဲလမ်းကြ၏။ စွမ်းအားတော်နှင့်အညီ ပြုမူသူတို့မူကား ဘုရားသခင်နှင့်စပ်ဆိုင်ရာများ*ကို စိတ်စွဲလမ်းကြ၏။
၆ လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်းခြင်းသည် သေခြင်းဖြစ်၏။ ဘုရားသခင်နှင့်စပ်ဆိုင်ရာများ*ကို စိတ်စွဲလမ်းခြင်းမူကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းဖြစ်၏။
၇ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်းခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ ဘုရားသခင်၏တရားတော်ကို မနာခံတတ်။ နာခံနိုင်စွမ်းလည်း မရှိ။
၈ ထို့ကြောင့် လူ့ဇာတိသဘောအတိုင်း ကျင့်သောသူတို့သည် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်ကြ။
၉ သို့သော်လည်း ဘုရားသခင့်စွမ်းအားတော်သည် သင်တို့၌ အမှန်ပင် ကိန်းဝပ်လျှင် သင်တို့သည် လူ့ဇာတိ သဘောအတိုင်း မဟုတ်ဘဲ ထိုစွမ်းအားတော်နှင့်အညီ ပြုမူကြမည်။ ခရစ်တော်၏ စိတ်သဘောထား* မရှိသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။
၁၀ ခရစ်တော်သည် သင်တို့နှင့် တစည်းတလုံးတည်း ရှိတော်မူလျှင် ခန္ဓာကိုယ်သည် အပြစ်တရားကြောင့် အသေဖြစ်သော်လည်း စွမ်းအားတော်မူကား ဖြောင့်မတ်ခြင်းတရားကြောင့် အသက်ရှင်ခြင်းဖြစ်၏။
၁၁ ယေရှုကို သေခြင်းမှထမြောက်စေသော စွမ်းအားတော်သည် သင်တို့တွင် ကိန်းဝပ်လျှင် ခရစ်တော်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့တွင် ကိန်းဝပ်သော မိမိ၏ စွမ်းအားတော်အားဖြင့် သေတတ်သော သင်တို့၏ ခန္ဓာကိုယ်ကိုလည်း ရှင်စေတော်မူလိမ့်မည်။
၁၂ သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့၌ တာဝန်ရှိသည် မှန်၏။ သို့သော် လူ့ဇာတိသဘောအတိုင်း အသက်ရှင်ရန် မဟုတ်။
၁၃ အကြောင်းမူကား သင်တို့သည် လူ့ဇာတိသဘောအတိုင်း အသက်ရှင်လျှင် အမှန်ပင် သေရမည်။ စွမ်းအားတော်အားဖြင့် ကိုယ်ကာယ၏ အကျင့်များကို သေစေလျှင်မူကား အသက်ရှင်ကြလိမ့်မည်။
၁၄ ဘုရားသခင့် စွမ်းအားတော်၏ ဦးဆောင်မှုကို ခံယူသူအားလုံးသည် ဘုရားသခင်၏သားများ ဖြစ်ကြ၏။
၁၅ အကြောင်းမူကား ဘုရားသခင့်စွမ်းအားတော်သည် ငါတို့ကို ကြောက်ရွံ့သည့်အဖြစ်သို့ ပြန်ရောက်စေမည့် ကျွန်၏သဘောကို ခံစေသည်မဟုတ်။ သားများအဖြစ် မွေးစားခြင်းကို ခံရစေ၍ “အဗ္ဗ၊ အဖ” ဟုခေါ်စေ၏။
၁၆ ငါတို့သည် ဘုရားသခင်၏သားသမီး ဖြစ်ကြသည်ဟု စွမ်းအားတော်ကိုယ်တိုင် ငါတို့၏စိတ်နှင့်အတူ သက်သေခံ၏။
၁၇ ထို့ကြောင့် သားသမီးမှန်လျှင် ငါတို့လည်း အမွေခံဖြစ်ကြ၏။ ဘုရားသခင်၏အမွေခံ အမှန်ဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားရန် ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခခံရလျှင် ခရစ်တော်၏အမွေခံဖက်လည်း ဖြစ်ကြ၏။
၁၈ ထို့ကြောင့် မျက်မှောက်ကာလ၌ ငါတို့ခံရသော ဆင်းရဲဒုက္ခကို ငါတို့၌ ထင်ရှားမည့်ဘုန်းတော်နှင့် မနှိုင်းယှဉ်ထိုက်ဟု ငါယူမှတ်၏။
၁၉ ဖန်ဆင်းခံအရာများသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းကို အလွန်တောင့်တ စောင့်မျှော်လျက်နေကြ၏။
၂၀ အကြောင်းမူကား ဖန်ဆင်းခံအရာများသည် အလိုအလျောက် အချည်းနှီးဖြစ်ရသည် မဟုတ်။ မျှော်လင့်ချက်ပေး၍ အချည်းနှီးဖြစ်စေတော်မူသော အရှင်၏ အလိုတော်ကြောင့်သာ ဖြစ်ရ၏။
၂၁ ဖန်ဆင်းခံအရာများသည် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေကို ခံစားရလိမ့်မည်။
၂၂ ဖန်ဆင်းခံ အရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရသည်ကို ငါတို့သိကြ၏။
၂၃ ထိုမျှမက အဦးသီးသောအသီးဖြစ်သော စွမ်းအားတော်ကို ရရှိထားသည့် ငါတို့သည်လည်း သားများအဖြစ် မွေးစားခြင်းတည်းဟူသော ခန္ဓာကိုယ် ရွေးနုတ်ခြင်းချမ်းသာကို တောင့်တစောင့်မျှော်နေစဉ် စိတ်နှလုံးထဲတွင် ညည်းတွားနေကြ၏။
၂၄ အကြောင်းမူကား ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြ၏။ သို့သော် မျှော်လင့်သောအရာကို တွေ့မြင်လျှင်မျှော်လင့်ခြင်း မဟုတ်။ အကြောင်းမူကား တွေ့မြင်သောအရာကို မည်သူ မျှော်လင့်တတ်သနည်း။
၂၅ သို့သော် ငါတို့သည် မတွေ့မြင်သောအရာကို မျှော်လင့်လျှင် ထိုအရာကို ခံနိုင်ရည်ဖြင့် စောင့်မျှော်လျက်နေကြ၏။
၂၆ ထိုနည်းတူ စွမ်းအားတော်သည်လည်း ငါတို့၏အားနည်းခြင်းကို ကူညီမစရာတွင် ပါဝင်၏။ အကြောင်းမူကား ငါတို့သည် အဘယ်အရာကို ဆုတောင်းသင့်ကြောင်း မသိကြ။ သို့ရာတွင် နှုတ်မမြွက်နိုင်သော ညည်းတွားရာများကို စွမ်းအားတော်ကိုယ်တိုင် အသနားခံပေး၏။
၂၇ စိတ်နှလုံးကို စစ်တော်မူသောအရှင်သည် စွမ်းအားတော်၏သဘောကို သိတော်မူ၏။ အကြောင်းမူကား ထိုစွမ်းအားတော်သည် ဘုရားသခင့် သဘောတော်အတိုင်း သန့်ရှင်းသူတို့အတွက် အသနားခံပေး၏။
၂၈ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော အလိုတော်နှင့်အညီ ခေါ်တော်မူခြင်းခံရသူတို့၏ ကောင်းကျိုးအတွက် ကိုယ်တော်သည် အမှုတော်ခပ်သိမ်းကို ပူးပေါင်း လုပ်ဆောင်စေတော်မူကြောင်း ယခု ငါတို့သိကြ၏။
၂၉ အကြောင်းမူကား ဘုရားသခင်၏သားတော်သည် ညီတော်များစွာတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း ဘုရားသခင်သည် ဦးဆုံး သတိပြုမိသူတို့ကို သားတော်၏ ပုံသဏ္ဌာန်နှင့်အညီဖြစ်စေရန် ခွဲခန့်ထားတော်မူနှင့်၏။
၃၀ ထိုသို့ ခွဲခန့်မှတ်သားနှင့်သော သူတို့သည် ခေါ်တော်မူခြင်းခံရသူတို့လည်း ဖြစ်ကြ၏။ ခေါ်တော်မူခြင်းခံရသူတို့သည် ဖြောင့်မတ်ရာသို့ ရောက်သူများဖြစ်၏။ ဖြောင့်မတ်ရာသို့ ရောက်သူတို့သည်လည်း ဘုန်းဝင်စားသူများ ဖြစ်ကြ၏။
၃၁ သို့ဖြစ်၍ ဤအရာများကို ထောက်သော် မည်သို့ ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင် ငါတို့ကို မည်သူ ဆန့်ကျင်နိုင်မည်နည်း။
၃၂ သားတော်ရင်းကိုပင် မချန်ဘဲ ငါတို့ရှိသမျှအတွက် ပေးအပ်တော်မူသောအရှင်သည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာများကို ငါတို့အား အဘယ်ကြောင့် မပေးဘဲ နေတော်မူမည်နည်း။
၃၃ ဘုရားသခင် ရွေးကောက်တော်မူသောသူတို့ကို မည်သူပြစ်တင်စွပ်စွဲမည်နည်း။ သူတို့ကို ဖြောင့်မတ်ရာသို့ ရောက်စေတော်မူသော အရှင်ကား ဘုရားသခင်ပေတည်း။
၃၄ သူတို့ကို မည်သူပြစ်ဒဏ်စီရင်မည်နည်း။ အသေခံသည်သာမက သေခြင်းမှထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌နေလျက် ငါတို့အတွက် အသနားခံတော်မူသော ခရစ်တော်ယေရှုပေတည်း။
၃၅ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မည်သူကွာစေ မည်နည်း။ ဒုက္ခရောက်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ဆာငတ်ခြင်း၊ အဝတ်မဲ့ခြင်း၊ အန္တရာယ်တွေ့ခြင်း၊ ဓားဘေးသင့်ခြင်းတို့က ကွာစေမည်လော။
၃၆ “ကိုယ်တော့်အတွက် ကျွန်ုပ်တို့သည် တစ်နေ့လုံး သေဘေးကြုံနေရပါ၏။ ကျွန်ုပ်တို့ကို သတ်ရမည့်သိုးကဲ့သို့ မှတ်ကြပါ၏” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်း ဖြစ်၏။
၃၇ မကွာစေသည်သာမက ငါတို့ကိုချစ်တော်မူသော သခင်အားဖြင့် ငါတို့သည် ထိုအမှုခပ်သိမ်း၌ အောင်မြင်မှု အပြည့်အဝရရှိကြ၏။
၃၈ အကြောင်းမူကား သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာမည့်အရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊
၃၉ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ အခြားမည်သည့် ဖန်ဆင်းခံအရာမျှ ငါတို့၏သခင် ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါယုံကြည်စိတ်ချ၏။
အောက်ခြေမှတ်ချက်များ
^ သို့မဟုတ်၊ “ဘုရားသခင့်စွမ်းအားတော်နှင့်စပ်ဆိုင်ရာများ။” (ဂရိ၊ နျူမာ။)
^ သို့မဟုတ်၊ “ဘုရားသခင့်စွမ်းအားတော်နှင့်စပ်ဆိုင်ရာများ။”(ဂရိ၊နျူမာ။)
^ ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။