ရောမ ၉:၁-၃၃
၉ ငါသည် ခရစ်တော်၌တည်လျက် မှန်ကန်စွာ ပြောဆို၏။ သန့်ရှင်းသောစွမ်းအားတော်၏ လမ်းပြမှုနှင့်အညီ ငါ၏သြတ္တပ္ပစိတ်သည် ငါနှင့်အတူ သက်သေခံသောကြောင့် ငါသည် မုသားမပြောပါ။
၂ ငါသည် အလွန်ဝမ်းနည်း၏။ ငါ၏ စိတ်နှလုံးတွင် ပူပန်ခြင်းဝေဒနာကို မပြတ်ခံစားရ၏။
၃ အကြောင်းမူကား လူ့ဇာတိအားဖြင့် ငါ့ညီအစ်ကိုချင်း၊ ဆွေမျိုးသားချင်းတို့အတွက် ဆိုလျှင် ငါသည် ကျိန်ခြင်းခံရသူအဖြစ် ကိုယ်တိုင်ခရစ်တော်နှင့်ခွာ၍ နေလိုစိတ်ရှိ၏။
၄ ထိုသူတို့သည် အစ္စရေးလူမျိုးဖြစ်၍ သားအဖြစ်မွေးစားခြင်း၊ ဘုန်းထင်ရှားခြင်း၊ ပဋိညာဉ်ဖွဲ့ခြင်း၊ ပညတ်တရားပေးခြင်း၊ ဝတ်ပြုခြင်း၊ ကတိတော်ထားခြင်း အခွင့်တို့ကိုရကြ၏။
၅ ဘိုးဘေးများနှင့် ဆက်နွှယ်သောသူတို့လည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း လူ့ဇာတိအားဖြင့် ဘိုးဘေးများမှ ဆင်းသက်တော်မူ၏။ အရာခပ်သိမ်းကို အစိုးရတော်မူသော ဘုရားသခင်သည် အစဉ်အမြဲ ချီးမွမ်းခံရပါစေ။ အာမင်။
၆ သို့ရာတွင် ဘုရားသခင်၏တရားစကားတော်မတည် ဟု မဆိုလို။ အကြောင်းမူကား အစ္စရေးလူမျိုးမှ ဆင်းသက်လာသူအပေါင်းသည် “အစ္စရေးလူမျိုး” အစစ်အမှန် မဟုတ်။
၇ ထိုနည်းတူ အာဗြဟံ၏အမျိုးအနွယ် ဖြစ်သောကြောင့် ရှိသမျှသည် သူ၏သားမြေး မဟုတ်။ “‘သင်၏အမျိုးအနွယ်’ ဟု အခေါ်ခံရမည့်သူသည် ဣဇာက်မှ ဆင်းသက်လာမည်” ဟူ၍ ကျမ်းစာ၌ ရေးထား၏။
၈ သို့ဖြစ်၍ လူ့ဇာတိအားဖြင့်ရသော သားသမီးများသည် ဘုရားသခင်၏သားသမီးများ အမှန်မဟုတ်။ ကတိတော်နှင့်ဆိုင်သော သားသမီးများကိုသာ အမျိုးအနွယ်ဟု သတ်မှတ်တော်မူ၏။
၉ ကတိတော်ကား “နောက်တစ်နှစ် ဤအချိန်ကာလတွင် ငါလာမည်။ စာရာသည် သားကိုရလိမ့်မည်” ဟူ၍ဖြစ်၏။
၁၀ ထိုမျှမကသေး။ ရေဗက္ကသည်လည်း တစ်ယောက်သောသူတည်း ဟူသော ငါတို့၏ဘိုးဘေးဣဇာက်နှင့် သားအမြွှာကို ကိုယ်ဝန်ဆောင်သောအခါ၊
၁၁ ရွေးကောက်တော်မူခြင်းဆိုင်ရာ ဘုရားသခင့်အလိုတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသောအရှင်အားဖြင့် တည်နေမည်အကြောင်း ထိုသားများကို မမွေးဖွားမီ၊ သူတို့အကောင်းအဆိုးကိုမျှ မကျင့်မီ၊
၁၂ “သားကြီးသည် သားငယ်၏ကျွန် ဖြစ်ရလိမ့်မည်” ဟုထိုအမျိုးသမီးအား မိန့်တော်မူ၏။
၁၃ “ယာကုပ်ကို ငါချစ်၏။ ဧသောကိုမူ ငါမုန်း၏” ဟုကျမ်းစာ၌ ရေးထားသည့်အတိုင်း ဖြစ်၏။
၁၄ သို့ဖြစ်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် မတရားသဖြင့် ပြုတော်မူသလော။ လုံးဝမပြုရာ။
၁၅ ဘုရားသခင်က “ငါသည် သနားလိုသောသူကို သနားမည်၊ စာနာလိုသော သူကိုလည်း စာနာမည်” ဟု မောရှေအား မိန့်တော်မူ၏။
၁၆ ထို့ကြောင့် အလိုရှိသောသူ၊ ပြေးသောသူအပေါ် မူတည်သည်မဟုတ်၊ သနားတော်မူသော ဘုရားသခင်အပေါ်သာ မူတည်၏။
၁၇ ကျမ်းစာ၌ ဘုရားသခင်က ဖာရောဘုရင်အား “သင့်အားဖြင့် ငါ့တန်ခိုးကို ပြရန်၊ မြေကြီးတစ်ပြင်လုံးတွင် ငါ့နာမကို ပြောကြားစေရန် သင့်ကို ငါအသက်ရှင်ခွင့် ပေးခဲ့ပြီ” ဟုမိန့်တော်မူ၏။
၁၈ ထိုသို့နှင့်အညီ သနားလိုသောသူကို သနားတော်မူ၏။ ခေါင်းမာစေလိုသောသူကိုလည်း ခေါင်းမာစေတော်မူ၏။
၁၉ သို့ဖြစ်လျှင် “ကိုယ်တော်သည် အဘယ်ကြောင့် အပြစ်ရှာရသေးသနည်း။ အတိအလင်းဖော်ပြသော အလိုတော်ကို မည်သူဆန့်ကျင်ပါသနည်း” ဟု သင်မေးလိမ့်မည်။
၂၀ အို၊ အချင်းလူ၊ ဘုရားသခင်အား စောဒက တက်ဝံ့သော သင်ကား မည်သူနည်း။ ပုံသွင်းခံရသော အရာသည် ပုံသွင်းသောသူအား “အဘယ်ကြောင့် ကျွန်ုပ်ကို ဤသို့လုပ်ရသနည်း” ဟု ဆိုရမည်လော။
၂၁ အိုးထိန်းသမားသည် အိုးမြေကို ပိုင်ကြောင်း မသိသလော။ သူသည် အိုးမြေတစ်ပုံတည်းနှင့် အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည် မဟုတ်လော။
၂၂ ဘုရားသခင်သည် အမျက်တော်ကို ဖော်ပြ၍ တန်ခိုးတော်ကို ထင်ရှားစေရန် အလိုတော်ရှိသော်လည်း ပျက်စီးခြင်းအတွက် ပြင်ဆင်ထားသော အမျက်တော် ခံရာအိုးများကို အလွန်စိတ်ရှည် သည်းခံတော်မူလျှင် မည်သို့ ဆိုရမည်နည်း။
၂၃ ဘုန်းဝင်စားရန် ပြင်ဆင်တော်မူနှင့်သော သနားတော်မူခြင်းခံရာ အိုးများဖြစ်သော ငါတို့၌ ဘုရားသခင့်ဘုန်းတော် ကြွယ်ဝခြင်းကို ထင်ရှားစေရန် ပြုတော်မူသည်မှန်လျှင် မည်သို့ဆိုရမည်နည်း။
၂၄ ငါတို့ကို ဂျူးလူမျိုးထဲမှသာ မဟုတ်၊ လူမျိုးခြားတို့ထဲမှလည်း ခေါ်တော်မူလျှင် မည်သို့ဆိုရမည်နည်း။
၂၅ ဟောရှေကျမ်း၌ “ငါ၏လူမဟုတ်သော သူကို ‘ငါ၏လူ’ ဟူ၍ ခေါ်မည်။ မချစ်သောသူကို ‘အချစ်’ ဟူ၍ ခေါ်မည်။
၂၆ ‘သင်တို့သည် ငါ၏လူမဟုတ်’ ဟုသူတို့အား ပြောဆိုရာအရပ်၌ပင် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏သားများ’ ဟု ခေါ်ဝေါ်ခံရလိမ့်မည်” ဟုဖော်ပြထား၏။
၂၇ အစ္စရေးလူမျိုးနှင့်ပတ်သက်၍ ဟေရှာယက“အစ္စရေးအမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း ကျန်ကြွင်းသူတို့သာလျှင် ကယ်တင်ခံရလိမ့်မည်။
၂၈ ယေဟောဝါဘုရားသည် မြေကြီးပေါ်တွင် တရားစီရင်တော်မူ၍ အဆောတလျင် လက်စသတ်တော်မူလိမ့်မည်” ဟု ကြွေးကြော်၏။
၂၉ ထို့ပြင် “ကောင်းကင်ဗိုလ်ခြေတို့၏အရှင် ယေဟောဝါဘုရားသည် ငါတို့၌ မျိုးစေ့ကို ကြွင်းစေတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်လျက် ဂေါမောရမြို့နှင့်လည်း တူကြလေပြီ” ဟူ၍ ဟေရှာယဟောနှင့်သည့်အတိုင်း ဖြစ်၏။
၃၀ သို့ဖြစ်လျှင် မည်သို့ ဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းကို မီအောင်မလိုက်သော လူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းကို မီကြ၏။ ထိုဖြောင့်မတ်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်ရသော ဖြောင့်မတ်ခြင်းဖြစ်၏။
၃၁ အစ္စရေးလူမျိုးမူကား ဖြောင့်မတ်ခြင်းတရားကို မီအောင်လိုက်ကြသော်လည်း ထိုတရားကို လိုက်၍မမီကြ။
၃၂ အဘယ်ကြောင့်နည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ အကျင့်အားဖြင့် လိုက်သောကြောင့်ဖြစ်၏။ “တိုက်မိ၍လဲစရာကျောက်” ကိုတိုက်မိ၍လဲကြ၏။
၃၃ “တိုက်မိ၍ လဲစရာကျောက်၊ ထိခိုက်စရာ ကျောက်ဆောင်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို ယုံကြည်သူမည်သည်ကား၊ စိတ်ပျက်ခြင်း မရှိရာ” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်း ဖြစ်၏။