ဟီဘရူး ၁၁:၁-၄၀
၁၁ ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသေးသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏။
၂ ထိုယုံကြည်ခြင်းအားဖြင့် ရှေးခေတ်မှ လူတို့သည် သက်သေခံတော်မူချက်ကို ရရှိခဲ့ကြ၏။
၃ ဘုရားသခင်၏တရားစကားတော်ကြောင့် စကြဝဠာရှိအရာများ* တည်ရှိလာသည်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့သိကြ၏။ ထို့ကြောင့် မြင်ရသောအရာများသည် မထင်ရှားသောအရာများမှ ဖြစ်ပေါ်လာ၏။
၄ အာဗေလသည် ယုံကြည်ခြင်းအားဖြင့် ကာဣနထက် သာ၍မြတ်သောယဇ်ကို ဘုရားသခင်အား ပူဇော်၍ ထိုယုံကြည်ခြင်းအားဖြင့် မိမိဖြောင့်မတ်ကြောင်း သက်သေခံတော်မူချက်ကို ရရှိ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ယဇ်များနှင့်ပတ်သက်၍ သက်သေခံတော်မူ၏။ သူသည် သေလွန်ပြီဖြစ်သော်လည်း ယုံကြည်ခြင်းအားဖြင့် ဟောပြောလျက်ရှိသေး၏။
၅ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းကို မရင်ဆိုင်ရမည်အကြောင်း ပြောင်းရွှေ့ခြင်းခံရ၏။ သူ့ကို ဘုရားသခင် ပြောင်းရွှေ့တော်မူသဖြင့် ရှာ၍မတွေ့ ကြ။ အကြောင်းမူကား ပြောင်းရွှေ့ခြင်းမခံရမီ ဘုရားသခင်နှစ်သက်သောသူအဖြစ် သက်သေခံတော်မူချက်ကို ရလေ၏။
၆ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ကိုယ်တော် တည်ရှိကြောင်းကို ယုံကြည်ရမည်။ ကိုယ်တော်သည် မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်။
၇ နောဧသည် ယုံကြည်ခြင်းအားဖြင့် မမြင်ရသေးသော အရာများအကြောင်း သတိပေးတော်မူခြင်းခံရပြီးနောက် ဘုရားသခင်ကို ကြောက်ရွံ့သောသဘော တင်ပြလျက် မိမိအိမ်သူအိမ်သားများကို ကယ်တင်ရန် သင်္ဘောဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကကို ပြစ်တင်ရှုတ်ချ၍ ယုံကြည်ခြင်းနှင့်ညီသော ဖြောင့်မတ်ခြင်း၏ အမွေခံဖြစ်လာ၏။
၈ အာဗြဟံသည် အမွေအဖြစ်ရရှိမည့် နေရာသို့သွားရန် ခေါ်တော်မူခြင်းခံရသောအခါ ယုံကြည်ခြင်းအားဖြင့် နာခံခဲ့၏။ မည်သည့်နေရာသို့သွားရမည်ကို မသိသော်လည်း ထွက်သွားလေ၏။
၉ တိုင်းတစ်ပါးတွင်နေသကဲ့သို့ ကတိထားရာပြည်တွင် ယုံကြည်ခြင်းအားဖြင့် ဧည့်သည်အဖြစ်နေ၏။ ထိုကတိတော်ကို အမွေခံဖက်များဖြစ်သော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲများ၌နေလေ၏။
၁၀ အကြောင်းမူကား စစ်မှန်သည့် အုတ်မြစ်များရှိသော၊ ဘုရားသခင်တည်ထောင်ပြုစုသောမြို့ကို သူ စောင့်မျှော်လျက်နေ၏။
၁၁ စာရာသည်လည်း ယုံကြည်ခြင်းအားဖြင့် အရွယ်လွန်ချိန်၌ပင် အမျိုးအနွယ်ကို ကိုယ်ဝန်ဆောင်ရန် တန်ခိုးတော်ခံစားရ၏။ အကြောင်းမူကား ကတိပြုတော်မူသောအရှင်သည် သစ္စာရှိ၏ဟု သူယူမှတ်သောကြောင့်ဖြစ်၏။
၁၂ ထို့ကြောင့် လူသေကဲ့သို့သောသူထံမှလည်း ကောင်းကင်ကြယ်ကဲ့သို့ များပြား၍ သမုဒ္ဒရာသဲလုံးကဲ့သို့ မရေတွက်နိုင်သော သားသမီးများ မွေးဖွားလာ၏။
၁၃ ထိုသူအပေါင်းတို့သည် ကတိထားရာများကို မရခဲ့ကြသော်လည်း အဝေးမှမြော်မြင်လျက်၊ ဝမ်းသာစွာကြိုဆိုလျက် ယုံကြည်ခြင်းအားဖြင့် သေလွန်ကြ၏။ မိမိတို့သည် ထိုပြည်တွင် သူစိမ်းများ၊ ခေတ္တနေထိုင်သူများဖြစ်ကြောင်း ဝန်ခံကြ၏။
၁၄ ထိုသို့ဝန်ခံသူတို့သည် ကိုယ်ပိုင်နေရာတစ်ခုကို စိတ်ထက်သန်စွာ ရှာဖွေနေကြောင်း ထင်ရှားစွာ ဖော်ပြကြ၏။
၁၅ သူတို့သည် မိမိတို့ ထွက်ခွာခဲ့သောနေရာကို အောက်မေ့နေသည်မှန်လျှင် ပြန်သွားနိုင်သောအခွင့် ရှိကြ၏။
၁၆ ယခုမူကား သူတို့သည် ကောင်းကင်နှင့် ဆိုင်သည့် သာ၍မြတ်သောနေရာသို့ ရောက်ရန် ကြိုးစားနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟု အခေါ်ခံရခြင်းကို ရှက်တော်မမူ။ သူတို့အတွက် မြို့တစ်မြို့ကိုပင် ပြင်ဆင်ထားတော်မူ၏။
၁၇ အာဗြဟံသည် စမ်းသပ်တော်မူခြင်းခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော်မည်ပြု၏။ ကတိတော်များကို ဝမ်းမြောက်စွာရရှိသူသည် မိမိ၏တစ်ဦးတည်းသောသားကို ပူဇော်မည်ပြုလေ၏။
၁၈ “‘သင်၏အမျိုးအနွယ်’ ဟုအခေါ်ခံရမည့်သူသည် ဣဇာက်မှဆင်းသက်လာမည်” ဟူသော မိန့်တော်မူချက်ကို ရလျက်နှင့် ထိုသို့ပြု၏။
၁၉ မိမိ၏သားကို သေခြင်းမှ ဘုရားသခင် ထမြောက်စေနိုင်သည်ဟု သူယူမှတ်၏။ ပုံဆောင်သဘောအရလည်း သူ၏သားကို သေခြင်းမှပြန်ရ၏။
၂၀ ဣဇာက်သည်လည်း ယုံကြည်ခြင်းအားဖြင့် နောင်ဖြစ်မည့်အရာများနှင့် စပ်လျဉ်း၍ ယာကုပ်နှင့်ဧသောတို့ကို ကောင်းချီးပေး၏။
၂၁ ယာကုပ်သည် သေဆုံးခါနီးတွင် ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သား တစ်ဦးစီကို ကောင်းချီးပေး၍ မိမိတောင်ဝှေးထိပ်ကို မှီလျက် ဘုရားသခင်အား ကိုးကွယ်လေ၏။
၂၂ ယောသပ်သည် သေဆုံးချိန်နီးသောအခါ အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်ခွာ*မည့်အကြောင်းကို ယုံကြည်ခြင်းအားဖြင့် ဖော်ပြပြီး မိမိ၏အရိုးများနှင့် ပတ်သက်၍ မှာကြားခဲ့၏။
၂၃ မောရှေကို မွေးဖွားပြီးနောက် သူ၏မိဘများသည် သူငယ်အဆင်းလှကြောင်းမြင်ပြီး ဘုရင်၏အမိန့်ကိုမကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် သူ့ကို သုံးလကြာဝှက်ထား၏။
၂၄ မောရှေသည် ကြီးပြင်းလာသောအခါ ဖာရောဘုရင့်သမီး၏သားတော်ဟု အခေါ်ခံရခြင်းကို ယုံကြည်ခြင်းအားဖြင့် ငြင်းပယ်၍၊
၂၅ အပြစ်နှင့်ဆိုင်သော ပျော်မွေ့ ခြင်းကို ခဏခံစားခြင်းထက် ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရန် ရွေးချယ်လေ၏။
၂၆ အကြောင်းမူကား ဘိသိက်ပေးခံရသူအဖြစ် ကဲ့ရဲ့ရှုတ်ချခံရခြင်းကို အီဂျစ်ပြည်၏ဘဏ္ဍာထက် သာ၍မြတ်သောဘဏ္ဍာဟု ယူမှတ်၍ ရရှိမည့်ဆုကျေးဇူးကို စေ့စေ့ကြည့်ရှုသောကြောင့်ဖြစ်၏။
၂၇ သူသည် ဘုရင်၏အမျက်ကိုမကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်မှ ထွက်သွား၏။ အကြောင်းမူကား မမြင်ရသောအရှင်ကို မြင်ရသကဲ့သို့ တည်ကြည်လျက်နေ၏။
၂၈ ဖျက်ဆီးသောသူသည် ဘုရားသခင့်လူတို့၏သားဦးများကို မထိခိုက်စေရန် မောရှေသည် ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကိုကျင်းပ၍ အသွေးကိုဖျန်းလေ၏။
၂၉ သူတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သောမြေပြင်ကဲ့သို့ ဖြတ်သွားကြ၏။ ထိုသို့ဖြတ်သွားဝံ့သော အီဂျစ်လူတို့မူကား ရေနစ်သေဆုံးကြ၏။
၃၀ သူတို့သည် ယုံကြည်ခြင်းအားဖြင့် ဂျေရိခိုမြို့ရိုးကို ခုနစ်ရက် လှည့်ပတ်ပြီးနောက် မြို့ရိုး ပြိုကျလေ၏။
၃၁ ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းအားဖြင့် သူလျှိုတို့ကို ဖော်ရွေစွာလက်ခံသောကြောင့် နာခံမှုမရှိသောသူများနှင့်အတူ မပျက်စီးခဲ့။
၃၂ ငါသည် အဘယ်အရာ ထပ်ပြောစရာ ရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် အခြားပရောဖက်တို့အကြောင်းကို ဆက်ပြောရလျှင် ငါ့အတွက် အချိန်လောက်မည်မဟုတ်။
၃၃ သူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကို တိုက်ခိုက်အနိုင်ယူ၏၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံး၏၊ ကတိတော်များကို ရရှိ၏၊ ခြင်္သေ့နှုတ်ကို ပိတ်၏။
၃၄ မီးအရှိန်ကို ငြိမ်းစေ၏၊ ဓားဘေးမှ လွတ်မြောက်၏၊ အားနည်းရာမှ အားကြီးလာ၏၊ စစ်မှုတွင် ရဲစွမ်းသတ္တိရှိလာ၏၊ တိုင်းတစ်ပါးစစ်တပ်များကို ချေမှုန်း၏။
၃၅ အမျိုးသမီးများ၏ သေဆုံးသွားသောချစ်ရသူများ ရှင်ပြန်ထမြောက်လာကြ၏။ အချို့သူတို့မူကား သာ၍မြတ်သော ရှင်ပြန်ထမြောက်ခြင်းကိုရရန် တစ်နည်းနည်းဖြင့် ရွေးနုတ်ခြင်းကို လက်မခံဘဲ ညှဉ်းဆဲခံခဲ့ကြ၏။
၃၆ အချို့သူတို့သည် ကဲ့ရဲ့ခြင်း၊ ရိုက်ပုတ်ခြင်းသာမက ချုပ်နှောင်ခြင်း၊ ထောင်ကျခြင်းတို့ဖြင့်လည်း စမ်းသပ်ခံကြရ၏။
၃၇ ကျောက်ခဲနှင့်ပေါက်ခြင်း၊ စမ်းသပ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းဖြတ်ခြင်းတို့ကို ခံကြရ၏။ ဓားဖြင့် ရက်စက်စွာအသတ်ခံကြရ၏။ ဆင်းရဲဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကို ခံကြရစဉ် သိုးသားရေ၊ ဆိတ်သားရေကို ဝတ်လျက် သွားလာကြရ၏။
၃၈ ဤလောကသည် သူတို့နှင့်မထိုက်တန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်လိုဏ်ခေါင်းများတွင် လှည့်လည်သွားလာခဲ့ကြ၏။
၃၉ သို့တိုင် ထိုသူအားလုံးသည် ယုံကြည်ခြင်းအားဖြင့် သက်သေခံတော်မူချက်ကို ရသော်လည်း ကတိထားရာများကိုမူ မရခဲ့ကြ။
၄၀ အကြောင်းမူကား သူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်စေရန် ငါတို့အတွက် သာ၍မြတ်သောအရာကို ဘုရားသခင် ရည်ရွယ်ထားတော်မူ၏။