ဟီဘရူး ၁၂:၁-၂၉

၁၂  ထို့ကြောင့် ငါတို့ပတ်လည်၌ အလွန်ကြီးမားသော သက်သေအုပ်စုကြီး* ဝိုင်းရံနေသည်ဖြစ်၍ ဝန်ရှိသမျှနှင့် ငါတို့ကို အလွယ်တကူ ကျော့မိစေတတ်သော အပြစ်ကိုဖယ်ရှားကြစို့။ ထို့နောက် ငါတို့ရှေ့၌ရှိသော ပြေးပွဲကို ခံနိုင်ရည်ရှိစွာ ပြေးကြစို့။ ၂  ငါတို့၏ယုံကြည်ခြင်းကို စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ် ယေရှုကို စေ့စေ့ကြည့်ရှုလျက် ထိုသို့ပြေးကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ခွဲခံရခြင်းကို ဂရုမစိုက်ဘဲ ညှဉ်းဆဲရာသစ်တိုင်*တွင် အသေခံပြီးလျှင် ဘုရားသခင်၏ပလ္လင် လက်ယာတော်ဘက်တွင် ထိုင်နေ၏။ ၃  အပြစ်သားများ၏ ကိုယ်ကျိုးပျက်စေသော ဆန့်ကျင်စကားကို ခံရပ်ခဲ့သောအရှင်အား စေ့စေ့ဆင်ခြင်ကြလော့။ သို့မှသာ သင်တို့*သည် မောပန်းနွမ်းနယ်ခြင်း မရှိဘဲနေမည်။ ၄  သင်တို့သည် ထိုအပြစ်ကို တိုက်လှန်ရာတွင် သွေးထွက်သည့်အထိ မခံကြရသေး။ ၅  ထို့ပြင် သားတို့ကိုပြောသကဲ့သို့ သင်တို့ကိုပြောသော ဤတိုက်တွန်းချက်ကို လုံးလုံးမေ့လျော့ကြပြီ။ “ငါ့သား၊ ယေဟောဝါဘုရား ဆုံးမတော်မူခြင်းကို မထီလေးစားမပြုနှင့်။ သင့်ကို ပဲ့ပြင်တော်မူသောအခါ စိတ်မပျက်နှင့်။ ၆  အကြောင်းမူကား ယေဟောဝါဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတတ်၏။ သားအဖြစ် ယူမှတ်သောသူကို ဒဏ်ပေးတတ်၏။” ၇  သင်တို့ ခံရပ်နေခြင်းသည် ဆုံးမခံနေရခြင်းဖြစ်၏။ ဘုရားသခင်သည် သင်တို့ကို သားအဖြစ် ဆက်ဆံတော်မူ၏။ အဖဆုံးမခြင်းကို မခံရသောသား ရှိသလော။ ၈  သားအားလုံးရရှိသော ဆုံးမခြင်းကိုမခံရလျှင် သင်တို့သည် သားအရင်းမဟုတ်၊ တရားမဝင်သောသားများ အမှန်ဖြစ်ကြ၏။ ၉  ငါတို့ကို ဆုံးမသော လူသားဖခင်များရှိ၍ သူတို့ကို ငါတို့ရိုသေလေးစားခဲ့ကြ၏။ ငါတို့ကို သန့်ရှင်းသောစွမ်းအားတော်ဖြင့် ခန့်အပ်ထားသော အသက်ပေးရှင်ဖခင်အား သာ၍ပင် လက်အောက်ခံသင့်သည်မဟုတ်လော။ ၁၀  လူသားဖခင်တို့သည် ကောင်းသည်ဟု မိမိတို့ထင်သည့်အတိုင်း တစ်ခဏသာ ဆုံးမတတ်ကြ၏။ ဘုရားသခင်မူကား ကိုယ်တော်၏သန့်ရှင်းခြင်းကို ငါတို့ရရှိနိုင်မည်အကြောင်း ငါတို့အကျိုးအတွက် ဆုံးမတော်မူ၏။ ၁၁  ဆုံးမခြင်းခံရစဉ် ဝမ်းမြောက်စရာဟု မထင်တတ်။ ဝမ်းနည်းစရာဟု ထင်တတ်၏။ သို့သော် ဆုံးမခြင်းအားဖြင့် လေ့ကျင့်ခံရသူတို့သည် နောက်မှ ဖြောင့်မတ်ခြင်းတည်းဟူသော ငြိမ်သက်ခြင်းအသီးကို ရကြ၏။ ၁၂  ထို့ကြောင့် တွဲလဲနေသောလက်နှင့် မခိုင်သောဒူးများကို ခိုင်ခံ့စေကြလော့။ ၁၃  ခြေဆွံ့သူသည် အဆစ်မလွဲသည်သာမက ဒဏ်ရာပျောက်ကင်းစေရန် သင်တို့သွားရာလမ်းများကို ဖြောင့်စေကြလော့။ ၁၄  လူအပေါင်းနှင့် သင့်မြတ်စွာနေရန်၊ သန့်ရှင်းခြင်းရှိရန် အစဉ်ကြိုးစားအားထုတ်*ကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ သခင်ကို တွေ့ မြင်မည်မဟုတ်။ ၁၅  ဘုရားသခင်၏ မဟာကရုဏာတော်ကို မည်သူမျှမဆုံးရှုံးစေရန်၊ အဆိပ်ရှိသောပင်မြစ်ပေါက်၍ နှောင့်ယှက်သဖြင့် ညစ်ညူးသွားသူများမရှိစေရန် သတိပြုကြလော့။ ၁၆  မတရားမေထုန်ပြုသူ၊ မိမိ၏သားဦးအခွင့်အရာကို တစ်နပ်စာအတွက် စွန့်လွှတ်သော ဧသောကဲ့သို့ မြင့်မြတ်သောအရာများကို တန်ဖိုးမထားသူ မရှိစေရန် သတိပြုကြလော့။ ၁၇  သူသည် နောက်မှ ကောင်းချီးမင်္ဂလာကို အမွေရလိုသောအခါ ငြင်းပယ်ခံရကြောင်း၊ အဖစိတ်ပြောင်းလဲရန် မျက်ရည်ကျလျက် ကြိုးစားသော်လည်း ထိုအခွင့်ကို မရခဲ့ကြောင်း သင်တို့သိကြ၏။ ၁၈  သင်တို့သည် ထိတွေ့နိုင်၍ မီးလောင် သောတောင်သို့ ချဉ်းကပ်ခဲ့သည်မဟုတ်။ မှောင်မည်းသော တိမ်တိုက်၊ အမှောင်ထု၊ မိုးသက်မုန်တိုင်းတို့ ဖြစ်ပေါ်ခဲ့သော၊ ၁၉  တံပိုးမှုတ်သံ၊ နှုတ်တော်ထွက်အသံတို့ ထွက်ပေါ်ခဲ့သောတောင်သို့ ချဉ်းကပ်ခဲ့သည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည် ဆက်မပြောပါနှင့်တော့ဟု အသနားခံကြ၏။ ၂၀  အကြောင်းမူကား “ထိုတောင်ကို တိရစ္ဆာန်ထိမိလျှင် ခဲနှင့် ပေါက်သတ်ရမည်” ဟူသောမိန့်မှာချက်ကို သူတို့မခံနိုင်ကြ။ ၂၁  ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသောကြောင့် မောရှေက “ငါသည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိသည်” ဟုဆို၏။ ၂၂  သင်တို့မူကား ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသည့် ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ဂျေရုဆလင်မြို့ သို့လည်းကောင်း၊ မြောက်မြားလှသော ကောင်းကင်တမန်များရှေ့သို့ လည်းကောင်း ချဉ်းကပ်ကြရပြီ။ ၂၃  ကောင်းကင်တမန်များ စည်းဝေးရာသို့လည်းကောင်း၊ ကောင်းကင်စာရင်းဝင်သော သားဦးတို့၏ အသင်းတော်သို့လည်းကောင်း၊ လူခပ်သိမ်းတို့၏ တရားသူကြီး ဘုရားသခင်ထံတော်သို့ လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်၍ သန့်ရှင်းသောစွမ်းအားတော်ဖြင့် ခန့်အပ်ခံရသော ဖြောင့်မတ်သူတို့၏ အသက်တာသို့လည်းကောင်း၊ ၂၄  ပဋိညာဉ်တရားသစ်၏ ဖျန်ဖြေသူတည်းဟူသော ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏အသွေးထက် သာ၍မြတ်သောနည်းဖြင့် ဟောပြောသော ဖျန်းသည့်အသွေးတော် ထံသို့လည်းကောင်း ရောက်ကြ၏။ ၂၅  သင်တို့သည် မိန့်ဆိုသောအရှင်ကို မပျက်မကွက်နာခံမည်အကြောင်း သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဘုရားသခင်၏သတိပေးချက် ဆင့်ဆိုသူကို မနာခံသောသူတို့သည် မလွတ်မြောက်ခဲ့ကြ။ သို့ဖြစ်လျှင် ကောင်းကင်ဘုံမှ မိန့်ဆိုသောအရှင်ထံမှ ငါတို့ကျောခိုင်းသွားလျှင် သာ၍လွတ်မြောက်မည်မဟုတ်။ ၂၆  ထိုစဉ်အခါက ကိုယ်တော်၏အသံတော်သည် မြေကြီးကို လှုပ်ခါ၏။ ယခုမူကား “ငါသည် မြေကြီးကိုသာမက ကောင်းကင်ကိုလည်း နောက်တစ်ကြိမ် လှုပ်ဦးမည်” ဟု ကတိပြုလျက် မိန့်တော်မူ၏။ ⁠ ၂၇  “နောက်တစ်ကြိမ်” ဟူသောစကားသည် လှုပ်ခါခံရသောအရာများ တည်းဟူသော ဘုရားသခင်မပြုလုပ်သည့်အရာများ ဖယ်ရှားခံရမည်ကို ဆိုလို၏။ သို့ဖြင့် လှုပ်ခါမခံရသောအရာများ တည်ရှိစေရန်ဖြစ်၏။ ၂၈  ထို့ကြောင့် ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရမည်ဖြစ်သဖြင့် မဟာကရုဏာတော်ကို ဆက်၍ခံစားကြစို့။ သို့ဖြင့် ဘုရားသခင်လက်ခံနိုင်တော်မူသော အမှုတော်မြတ်ကို ကြောက်ရွံ့ရိုသေသောသဘောဖြင့် ဆောင်ရွက်နိုင်ကြမည်။ ၂၉  အကြောင်းမူကား ငါတို့၏ဘုရားသခင်သည် လောင်ကျွမ်းသောမီး လည်း ဖြစ်တော်မူ၏။

အောက်ခြေမှတ်ချက်များ

ဗြဲ ၁၂:၁ မူရင်း၊ “သက်သေတိမ်ထုကြီး။”
ဗြဲ ၁၂:၂ နောက်ဆက်တွဲ ၆ ရှု။
ဗြဲ ၁၂:၃ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
ဗြဲ ၁၂:၁၄ မူရင်း၊ “မီအောင်လိုက်။”