ဟီဘရူး ၁၃:၁-၂၅
၁၃ သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခြင်းကို ဆက်တင်ပြကြလော့။
၂ ဧည့်ဝတ်ပြုခြင်းအမှုကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့သည် ထိုသို့ပြုခြင်းဖြင့် ကောင်းကင်တမန်များကို အမှတ်တမဲ့ ဧည့်ဝတ်ပြုကြ၏။
၃ သင်တို့သည် အကျဉ်းခံနေရသူတို့နှင့်အတူ အကျဉ်းခံနေရသကဲ့သို့ မှတ်ယူလျက် သူတို့ကို သတိရကြလော့။ သင်တို့ကိုယ်တိုင်လည်း အသွေးအသားခန္ဓာနှင့် ရှိနေသေးသောကြောင့် ညှဉ်းဆဲခံရသူတို့ကို သတိရကြလော့။
၄ လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့။ မင်္ဂလာအိပ်ရာကို မညစ်ညူးစေနှင့်။ အကြောင်းမူကား မတရားမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သူကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။
၅ သင်တို့၏ဘဝပုံစံတွင် ငွေတပ်မက်ခြင်းကင်း၍ ရှိသမျှနှင့် ရောင့်ရဲလော့။ အကြောင်းမူကား ကိုယ်တော်က “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား” ဟုမိန့်တော်မူ၏။
၆ ထို့ကြောင့် “ယေဟောဝါဘုရားသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း” ဟုငါတို့ရဲရင့်စွာ ပြောဆိုနိုင်ကြ၏။
၇ သင်တို့ကို ဦးဆောင်နေသောသူ၊ ဘုရားသခင့်တရားစကားတော်ကို ဟောပြောနေသောသူတို့အား သတိရကြလော့။ သူတို့ အပြုအမူ၏အကျိုးရလဒ်ကို စေ့စေ့ကြည့်ရှုလျက် သူတို့၏ယုံကြည်ခြင်းကို တုပကြလော့။
၈ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်မပြောင်းလဲဘဲ ရှိတော်မူ၏။
၉ ထူးဆန်းသော သွန်သင်ချက်အမျိုးမျိုးကြောင့် လမ်းမလွဲကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ မဟာကရုဏာတော်အားဖြင့် စိတ်နှလုံးခိုင်ခံ့ခြင်းသည် ကောင်း၏။ စားစရာဖြင့် အချိန်ကုန်စေသူတို့သည် မည်သည့်အကျိုးမျှမရ။
၁၀ ငါတို့တွင် ယဇ်ပလ္လင် တစ်ခုရှိ၏။ တဲတော်တွင် အမှုတော်မြတ်ဆောင်ရွက်သူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှ စားခွင့်မရှိ။
၁၁ အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေရန် တိရစ္ဆာန်များ၏အသွေးကို အသန့်ရှင်းဆုံးဌာနထဲသို့ ယူဆောင်သွားပြီးလျှင် ခန္ဓာကိုယ်ကို စခန်းအပြင်တွင် မီးရှို့ရ၏။
၁၂ ထို့ကြောင့် ယေရှုသည်လည်း မိမိအသွေးအားဖြင့် လူတို့ကို သန့်ရှင်းစေရန် မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
၁၃ သို့ဖြင့် စခန်းအပြင်သို့ထွက်ပြီး ကိုယ်တော်ထံသွား၍ ကိုယ်တော်ခံရသည့် ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြစို့။
၁၄ အကြောင်းမူကား ဤနေရာတွင် ငါတို့အတွက် တည်မြဲသောမြို့မရှိ။ ငါတို့သည် နောင်တည်မည့်မြို့ကို စိတ်ထက်သန်စွာ စောင့်မျှော်နေကြ၏။
၁၅ ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏နာမတော်ကို ကြေညာခြင်းဖြစ်သည့် နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ယေရှုမှတစ်ဆင့် ကိုယ်တော်အား အစဉ်မပြတ် ပူဇော်ကြစို့။
၁၆ ထို့ပြင် ကောင်းမှုပြုခြင်း၊ သူတစ်ပါးအား ဥစ္စာဝေမျှခြင်း အမှုတို့ကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင် အားရနှစ်သက်တော်မူ၏။
၁၇ သင်တို့တွင် ဦးဆောင်သူများကို နာခံကြလော့။ လက်အောက်ခံကြလော့။ အကြောင်းမူကား သူတို့သည် ကိုယ်တိုင်စာရင်းရှင်းရမည့်သူကဲ့သို့ သင်တို့ကို ဂရုစိုက်ကြည့်ရှုနေကြ၏။ သင်တို့ကို အကျိုးယုတ်စေမည့် ညည်းတွားခြင်းဖြင့်မဟုတ်ဘဲ ဝမ်းမြောက်စွာ ထိုသို့ပြုနိုင်ကြမည်။
၁၈ ငါတို့အတွက် ဆက်၍ဆုတောင်းပေးနေကြလော့။ အကြောင်းမူကား ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုသဖြင့် ဩတ္တပ္ပစိတ် ကြည်လင်ကြောင်း ယုံကြည်စိတ်ချကြ၏။
၁၉ သို့သော် ငါသည် သင်တို့ထံသို့ အမြန်ဆုံးရောက်လာမည်အကြောင်း ငါ့အတွက် ဆုတောင်းပေးရန် အထူးတိုက်တွန်းနှိုးဆော်ပါ၏။
၂၀ မဟာသိုးထိန်းဖြစ်သော ငါတို့၏သခင်ယေရှုကို ထာဝရပဋိညာဉ်၏အသွေးတော်နှင့်တကွ သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည်၊
၂၁ သင်တို့ကို မိမိအလိုတော်ဆောင်ရွက်ရန် ကောင်းသောအရာရှိသမျှနှင့် ပြည့်စုံစေတော်မူပါစေ။ မျက်မှောက်တော်တွင် မိမိနှစ်သက်တော်မူရာကို ငါတို့အထဲ၌ ယေရှုခရစ်အားဖြင့် လုပ်ဆောင်နေတော်မူသော ဘုရားသခင်သည် ကာလအစဉ်အဆက် ဘုန်းထင်ရှားတော်မူပါစေ။ အာမင်။
၂၂ ညီအစ်ကိုတို့၊ ငါသည် ဤအားပေးစာကို အကျဉ်းချုပ်ရေးလိုက်သည်ဖြစ်၍ လက်ခံကြရန် သင်တို့ကို နှိုးဆော်ပါ၏။
၂၃ ငါတို့၏ ညီအစ်ကိုတိမောသေသည် လွတ်လာပြီဖြစ်ကြောင်း သိစေလို၏။ မကြာမီ သူရောက်လာလျှင် သူနှင့်အတူ သင်တို့ကို ငါလာတွေ့မည်။
၂၄ သင်တို့ကို ဦးဆောင်နေသူများနှင့် သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ပေးကြလော့။ အီတလီပြည်၌ ရှိသူတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
၂၅ မဟာကရုဏာတော်သည် သင်တို့အပေါင်းနှင့်အတူ ရှိပါစေ။