ဟီဘရူး ၆:၁-၂၀
၆ ထို့ကြောင့်၊ ယခု ငါတို့သည် ခရစ်တော်နှင့်ဆိုင်သော အခြေခံအယူဝါဒများကို ချန်ထား၍ ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းနေကြစို့။ ထိုအခြေခံအုတ်မြစ်ကို ပြန်မချကြစို့နှင့်။ ထိုအရာတို့မှာ သေခြင်းနှင့်ဆိုင်သောအကျင့်များကို နောင်တယူခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊
၂ နှစ်ခြင်း၊ လက်တင်ခြင်း၊ သေလွန်သူများ ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရတရားစီရင်ခြင်းတို့နှင့်ဆိုင်သော သွန်သင်ချက်များဖြစ်၏။
၃ ဘုရားသခင်ခွင့်ပြုတော်မူလျှင် ရင့်ကျက်သည့်အဖြစ်သို့ ငါတို့တက်လှမ်းကြမည်။
၄ အကြောင်းမူကား တစ်ချိန်က အလင်းသို့ရောက်ဖူးသူ၊ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းဖူးသူ၊ သန့်ရှင်းသောစွမ်းအားတော်ကို ခံယူဖူးသူ၊
၅ ဘုရားသခင်၏တရားစကားတော်နှင့် လာမည့်ခေတ်စနစ်*တွင် ထင်ရှားမည့် တန်ခိုးများကို မြည်းစမ်းဖူးသူ၊
၆ ဖြစ်ပြီးမှ စွန့်ခွာသွားသူတို့ကို ပြန်လည်နောင်တရစေရန် မဖြစ်နိုင်။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားတော်ကို တစ်ဖန် သစ်တိုင်တင်၍ လူအများရှေ့ ရှုတ်ချကြ၏။
၇ ဥပမာ၊ မိုးရေကိုစုပ်ယူသော မြေကြီးသည် စိုက်ပျိုးသူအတွက် သီးနှံများဖြစ်ထွန်းစေ၏။ ထိုမြေသည် ဘုရားသခင်ထံမှ ကောင်းချီးခံစားရ၏။
၈ ဆူးပင်များကို ပေါက်စေသောမြေကြီးမူကား ပစ်ထားခံရ၍ ကျိန်ခြင်းခံရလိမ့်မည်။ အဆုံး၌ မီးရှို့ဖျက်ဆီး ခံရလိမ့်မည်။
၉ သို့ရာတွင် ချစ်ရသောသူတို့၊ ဤသို့ဆိုသော်လည်း သင်တို့မူကား သာ၍ကောင်းသောအရာများ၊ ကယ်တင်ခြင်းနှင့်ဆိုင်သောအရာများ ရမည်ဟု ငါတို့ယုံကြည်စိတ်ချကြ၏။
၁၀ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို ကူညီထောက်မခဲ့၍ ဆက်လက်ကူညီထောက်မနေသဖြင့် ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်။
၁၁ သင်တို့တစ်ဦးစီသည် အဆုံးတိုင်အောင် မျှော်လင့်ခြင်းနှင့်ပတ်သက်၍ ယုံကြည်စိတ်ချမှု အပြည့်အဝရှိမည်အကြောင်း လုံ့လစိုက်ထုတ်ကြရန် ငါတို့အလိုရှိ၏။
၁၂ သင်တို့ ပျင်းရိခြင်း မရှိစေရန်လည်းကောင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းအားဖြင့် ကတိတော်များကို အမွေခံရသူများအား အတုယူကြစေရန်လည်းကောင်း ဖြစ်၏။
၁၃ အကြောင်းမူကား ဘုရားသခင်သည် အာဗြဟံကို ကတိပြုတော်မူသောအခါ မိမိထက်ကြီးမြတ်သူ မရှိသောကြောင့် မိမိကိုယ်ကို တိုင်တည်၍ ကျိန်ဆို၏။
၁၄ “ငါသည် သင့်ကို အမှန်ကောင်းချီးပေးမည်။ သင့်ကို တိုးပွားများပြားစေမည်” ဟုမိန့်တော်မူ၏။
၁၅ အာဗြဟံသည် စိတ်ရှည်သောကြောင့် ထိုကတိတော်ကို ရရှိခဲ့၏။
၁၆ လူတို့သည် မိမိထက်သာ၍ ကြီးမြတ်သူကို တိုင်တည်၍ ကျိန်ဆိုတတ်ကြ၏။ ထိုကျိန်ဆိုမှုသည် တရားဝင်အာမခံချက်ဖြစ်သောကြောင့် အငြင်းပွားမှုရှိသမျှကို အဆုံးတိုင်စေ၏။
၁၇ ထိုနည်းတူ၊ ဘုရားသခင်သည် မိမိ၏မပြောင်းလဲနိုင်သော အကြံအစည်ကို ကတိတော်အမွေခံသူများအား သာ၍သေချာစွာဖော်ပြရန် ကျိန်ဆိုချက်ဖြင့် အတည်ပြုခဲ့၏။
၁၈ ထို့ကြောင့် ဘုရားသခင်မုသာမသုံးနိုင်သော မပြောင်းလဲသည့် အရာနှစ်ခုအားဖြင့် ခိုလှုံရာသို့ပြေးဝင်သော ငါတို့သည် ရှေ့တွင်ရှိသောမျှော်လင့်ခြင်းကို ဆုပ်ကိုင်နိုင်မည်အကြောင်း အားပေးခံရကြ၏။
၁၉ ထိုမျှော်လင့်ခြင်းသည် ငါတို့*အတွက် ခိုင်ခံ့သေချာသော ကျောက်ဆူးသဖွယ်ဖြစ်၍ ငါတို့ကို ကန့်လန့်ကာအတွင်းသို့ ဝင်စေ၏။
၂၀ ရှေ့ပြေးဖြစ်သော ယေရှုသည် ငါတို့အကျိုးအတွက် ထိုကုလားကာအတွင်းသို့ဝင်၍ မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်လာ၏။