ဟီဘရူး ၇:၁-၂၈
၇ အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်တည်းဟူသော ရှာလင်မင်း မေလခိဇေဒက်သည် ဘုရင်များကိုသတ်ဖြတ်ရာမှ ပြန်လာသော အာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းချီးပေးလေ၏။
၂ အာဗြဟံ ဆယ်ဖို့တစ်ဖို့ ခွဲဝေပေးခဲ့သော ထိုသူ၏အမည်နာမ အနက်ကား ဦးစွာ “ဖြောင့်မတ်ခြင်းမင်း” ဟူ၍လည်းကောင်း၊ ထို့ပြင် “ငြိမ်သက်ခြင်းမင်း” တည်းဟူသော ရှာလင်မင်းဟူ၍လည်းကောင်း ဖြစ်၏။
၃ အဖမရှိ၊ အမိမရှိ၊ ဆွေစဉ်မျိုးဆက်မရှိ၊ ဘဝအစအဆုံးမရှိသော်လည်း ဘုရားသခင်၏သားတော်နှင့် တူစေသောကြောင့် သူသည် ထာဝရယဇ်ပုရောဟိတ် ဖြစ်၏။
၄ အကောင်းဆုံးသော လက်ရပစ္စည်းများမှ ဆယ်ဖို့တစ်ဖို့ကို အမျိုး၏အဖအာဗြဟံ ပေးဆက်ခဲ့သော ထိုမင်းကြီးသည် မည်မျှကြီးမြတ်ကြောင်း ဆင်ခြင်လော့။
၅ ယဇ်ပုရောဟိတ်အရာကို ရရှိသော လေဝိသားများသည် အာဗြဟံ၏မျိုးရိုးပင်ဖြစ်သော မိမိတို့ညီအစ်ကိုများထံမှ ပညတ်တရားအတိုင်း ဆယ်ဖို့တစ်ဖို့ကို ကောက်ခံကြ၏။
၆ သို့သော် လေဝိအမျိုးမဟုတ်သူသည် ကတိတော်ရသော အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ခံယူ၍ သူ့ကို ကောင်းချီးပေးခဲ့၏။
၇ သာ၍ကြီးမြတ်သောသူသည် နိမ့်ကျသူကို ကောင်းချီးပေးတတ်ကြောင်း ငြင်းဆိုဖွယ်မရှိ။
၈ ယခုအခါ သေတတ်သောသူတို့သည် ဆယ်ဖို့တစ်ဖို့ကို ခံယူကြ၏။ ထိုအခါကမူ အသက်ရှင်သည်ဟု သက်သေခံခြင်းကိုရသောသူသည် ဆယ်ဖို့တစ်ဖို့ ခံယူ၏။
၉ ဆယ်ဖို့တစ်ဖို့ကိုရသော လေဝိပင်လျှင် အာဗြဟံအားဖြင့် ဆယ်ဖို့တစ်ဖို့ပေးသည်ဟု ငါဆိုနိုင်၏။
၁၀ အကြောင်းမူကား အာဗြဟံကို မေလခိဇေဒက် ခရီးဦးကြိုပြုစဉ်တွင် လေဝိသည် ဘိုးဘေးအာဗြဟံ၏မျိုးရိုးအဖြစ် မမွေးဖွားသေး။
၁၁ လူတို့အားပေးသော ပညတ်တရား၏ကဏ္ဍတစ်ရပ်ဖြစ်သည့် လေဝိအမျိုး ယဇ်ပုရောဟိတ်အရာအားဖြင့်သာ စုံလင်ခြင်းသို့ ရောက်နိုင်ခဲ့လျှင် အာရုန်နည်းတူဟု မဆိုဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦး ပေါ်ထွန်းရန် လိုသေးသလော။
၁၂ ယဇ်ပုရောဟိတ်အရာသည် ပြောင်းလဲမှုရှိလျှင် ပညတ်တရားသည်လည်း ပြောင်းလဲရန် လိုအပ်လာ၏။
၁၃ ဤအကြောင်းအရာများနှင့် သက်ဆိုင်သူသည် ယဇ်ပလ္လင်၌ အမှုမဆောင်ရွက်ခဲ့ဖူးသော အမျိုးမှဖြစ်၏။
၁၄ ငါတို့သခင်သည် ယုဒအမျိုးမှ ပေါ်ထွန်းကြောင်း ထင်ရှား၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ်များနှင့် ပတ်သက်သည်ဟု မောရှေ တစ်ခွန်းမျှမပြောခဲ့။
၁၅ ထို့ပြင် မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦး ပေါ်ထွန်းကြောင်း သာ၍ရှင်းလင်းလာ၏။
၁၆ ထိုသူသည် မျိုးရိုးကို အခြေပြု၍ ပညတ်တရားအရ ယဇ်ပုရောဟိတ်ဖြစ်လာခြင်းမဟုတ်ဘဲ မပျက်စီးနိုင်သောအသက်ရှိစေသည့် တန်ခိုးတော်အရ ဖြစ်လာ၏။
၁၇ အကြောင်းမူကား ကျမ်းတစ်ချက်က “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်” ဟုဆို၏။
၁၈ သို့ဖြစ်၍ ယခင်ပညတ်တရားသည် အားနည်း၍ အကျိုးမပြုသောကြောင့် ဖယ်ရှားခံရ၏။
၁၉ ပညတ်တရားသည် မည်သည့်အရာကိုမျှ စုံလင်ခြင်းသို့ မရောက်စေနိုင်။ သို့သော် ဖြည့်ဆည်းထားသည့် သာ၍မြတ်သောမျှော်လင့်ခြင်းသည် စုံလင်ခြင်းသို့ ရောက်စေနိုင်၏။ ထိုမျှော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်နိုင်ကြ၏။
၂၀ ထို့ပြင် ကျိန်ဆိုတော်မူခြင်းရှိ၏။
၂၁ ကျိန်ဆိုတော်မူခြင်းမရှိဘဲ ယဇ်ပုရောဟိတ်ဖြစ်လာသူများရှိသော်လည်း ကျိန်ဆိုတော်မူခြင်းကြောင့် ယဇ်ပုရောဟိတ်ဖြစ်လာသူ တစ်ဦးရှိ၏။ သူနှင့်ပတ်သက်၍ “‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်’ ဟု ယေဟောဝါ*ဘုရား ကျိန်ဆိုတော်မူ၍ နောက်တစ်ဖန် ပြောင်းလဲခြင်းမရှိ” ဟုထိုအရှင်မိန့်တော်မူ၏။
၂၂ ထို့ကြောင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏ အာမခံဖြစ်လာ၏။
၂၃ ထို့ပြင် သေခြင်း၏ဟန့်တားမှုကြောင့် ယဇ်ပုရောဟိတ်အရာကိုဆက်ခံသူ များစွာရှိရ၏။
၂၄ ယေရှုမူကား ထာဝစဉ်အသက်ရှင်သောကြောင့် သူ၏ယဇ်ပုရောဟိတ်အရာကို ဆက်ခံသူမရှိ။
၂၅ ထို့ကြောင့် ကိုယ်တော်သည် မိမိမှတစ်ဆင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူများအား ကယ်တင်နိုင်၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အသက်ရှင်သောကြောင့်ဖြစ်၏။
၂၆ သစ္စာစောင့်သော၊ ပရိယာယ်ကင်းသော၊ အညစ်အကြေးကင်းစင်သော၊ အပြစ်သားများနှင့် မရောနှောသော၊ ကောင်းကင်ထက် မြင့်မြတ်သော ထိုယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက် သင့်တော်လှပေ၏။
၂၇ ဦးစွာ မိမိအတွက်၊ ထို့နောက် လူတို့အတွက် အပြစ်ဖြေရာယဇ်များကို နေ့စဉ်ပူဇော်ရသော ယဇ်ပုရောဟိတ်မင်းများနှင့်မတူဘဲ ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်း အပြီးပူဇော်၏။
၂၈ ပညတ်တရားသည် အားနည်းချက်ရှိသော ယဇ်ပုရောဟိတ်မင်းများကို ခန့်အပ်၏။ သို့သော် ပညတ်တရားနောက်မှဖြစ်သော ကျိန်ဆိုတော်မူခြင်းသည် ထာဝရစုံလင်သော သားတော်ကို ခန့်အပ်၏။