၁ ကောရိန္သု ၁၀:၁-၃၃
၁၀ ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးရှိသမျှသည် မိုးတိမ်အောက်တွင်ရှိ၍ ပင်လယ်ကို ဖြတ်သန်းခဲ့ကြကြောင်း သင်တို့မသိဘဲ မနေစေလိုပါ။
၂ သူတို့ရှိသမျှသည်မိုးတိမ်နှင့် ပင်လယ်ထဲမှာမောရှေ၌ နှစ်ခြင်းခံကြ၏။
၃ သူတို့ရှိသမျှသည် ဘုရားသခင် ပေးတော်မူသော အစာတစ်မျိုးတည်းကို စားသုံးကြ၏။
၄ သူတို့ရှိသမျှသည် ဘုရားသခင် ပေးတော်မူသော ရေတစ်မျိုးတည်းကို သောက်သုံးကြ၏။ သူတို့နောက်၌လိုက်သော၊ ဘုရားသခင် တည်စေတော်မူသည့် ကျောက်ဆောင်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ဆောင်ကား ခရစ်တော်ကို ဆိုလို၏။
၅ သို့ရာတွင် ဘုရားသခင်သည် သူတို့ထဲမှအများစုကို နှစ်သက်တော်မမူ။ ထို့ကြောင့် သူတို့သည် တောကန္တာရတွင် သေကျေပျက်စီးခဲ့ကြ၏။
၆ အကျိုးပျက်စေသောအရာများကို သူတို့တပ်မက်သကဲ့သို့ ငါတို့ မတပ်မက်ကြရန် ထိုအကြောင်းအရာများသည် ငါတို့အတွက် ပုံနမူနာဖြစ်၏။
၇ ထိုသူအချို့ကဲ့သို့ ရုပ်တုမကိုးကွယ်ကြနှင့်။ အကြောင်းမူကား “လူတို့သည် ထိုင်၍ စားသောက်ကြ၏။ ထ၍ ပျော်ပါးကြ၏” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။
၈ ထိုသူအချို့တို့သည် မတရားမေထုန်ပြုသကဲ့သို့ ငါတို့သည် မပြုကျင့်ဘဲ နေကြစို့။ သူတို့ထဲမှ လူနှစ်သောင်းသုံးထောင်တို့သည် ထိုသို့ပြု၍ တစ်နေ့တည်းတွင် သေကျေပျက်စီးခဲ့ကြ၏။
၉ ထိုသူအချို့သည် ယေဟောဝါဘုရားကို စမ်းသပ်သကဲ့သို့ ငါတို့သည် ကိုယ်တော်ကို စမ်းသပ်ခြင်း မပြုဘဲ နေကြစို့။ သူတို့သည် ထိုသို့စမ်းသပ်၍ မြွေဖြင့် သေကျေပျက်စီးခဲ့ကြ၏။
၁၀ ထိုသူအချို့ ညည်းညူသကဲ့သို့ မညည်းညူဘဲ နေကြစို့။ သူတို့သည် ထိုသို့ညည်းညူ၍ ဖျက်ဆီးသောသူ၏လက်ဖြင့် သေကျေပျက်စီးခဲ့ကြ၏။
၁၁ ထိုအကြောင်းအရာများသည် ပုံနမူနာအဖြစ် ထိုသူတို့၌ ဖြစ်ပျက်၏။ ခေတ်စနစ်များအဆုံး*တွင်ရှိသော ငါတို့ကို သတိပေးရန် ကျမ်းစာ၌ ရေးထား၏။
၁၂ ထို့ကြောင့် မိမိတည်ကြည်နေသည်ဟု ထင်မှတ်သောသူသည် မလဲကျရန် သတိပြုစေ။
၁၃ လူတို့ကြုံရတတ်သော သွေးဆောင်ခြင်းကိုသာ သင်တို့ခံရ၏။ ဘုရားသခင်သည် သစ္စာရှိတော်မူသောကြောင့် သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်။ သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်။
၁၄ ထို့ကြောင့် ချစ်ရသောသူတို့၊ ရုပ်တုကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြလော့။
၁၅ ပိုင်းခြားသိမြင်တတ်သူတို့ကို ပြောသကဲ့သို့ ငါပြော၏။ ငါ့စကားကို ဆင်ခြင်ကြလော့။
၁၆ ကျေးဇူးတော်ခွက်အတွက် ဆုတောင်းခြင်းသည် ခရစ်တော်၏အသွေး၌ ပါဝင်ဆက်ဆံခြင်း မဟုတ်လော။ မုန့်ကိုဖဲ့ခြင်းသည် ခရစ်တော်၏ခန္ဓာကိုယ်၌ ပါဝင်ဆက်ဆံခြင်း မဟုတ်လော။
၁၇ မုန့်တစ်လုံးတည်းရှိ၍ ငါတို့အားလုံးသည် ထိုမုန့်တစ်လုံးတည်းကို သုံးဆောင်သောကြောင့် ငါတို့သည် လူအများဖြစ်သော်လည်း ခန္ဓာကိုယ်တစ်ခုတည်းဖြစ်၏။
၁၈ လူ့ဇာတိသဘောဖြင့် အစ္စရေးလူမျိုးကို ကြည့်ရှုဆင်ခြင်ကြလော့။ ယဇ်ကောင်ကို စားသုံးသူတို့သည် ယဇ်ပလ္လင်နှင့် ပါဝင်ဆက်ဆံသည် မဟုတ်လော။
၁၉ သို့ဖြစ်၍ ငါသည် မည်သို့ဆိုရမည်နည်း။ ရုပ်တုကို ပူဇော်သော ယဇ်ကောင်သည် အရေးပါသလော။ ရုပ်တုသည် အရေးပါသလော။
၂၀ ထိုသို့မဟုတ်။ လူမျိုးခြားတို့ ပူဇော်သောယဇ်သည် ဘုရားသခင်အား ပူဇော်ခြင်း မဟုတ်။ နတ်ဆိုးတို့ကို ပူဇော်ခြင်း ဖြစ်၏။ ငါသည် သင်တို့ကို နတ်ဆိုးတို့နှင့် ပါဝင်ဆက်ဆံသူများ မဖြစ်စေလို။
၂၁ သင်တို့သည် ယေဟောဝါဘုရား၏ခွက်နှင့် နတ်ဆိုးတို့၏ခွက် နှစ်မျိုးလုံးကို မသောက်သုံး နိုင်ကြ။ “ယေဟောဝါဘုရား၏စားပွဲ” နှင့် နတ်ဆိုးတို့၏စားပွဲ နှစ်မျိုးလုံးတွင် သင်တို့ မသုံးဆောင်နိုင်ကြ။
၂၂ “ယေဟောဝါဘုရား၏ အမျက်တော်ကို ငါတို့ နှိုးဆွနေသလော။” ငါတို့သည် ကိုယ်တော်ထက် သာ၍ခွန်အားကြီးသလော။
၂၃ အရာခပ်သိမ်းကိုပြုနိုင်သည် မှန်သော်လည်း အရာခပ်သိမ်းသည် အကျိုးရှိသည် မဟုတ်။ အရာခပ်သိမ်းကို ပြုနိုင်သည် မှန်သော်လည်း အရာခပ်သိမ်းသည် တည်ဆောက်တတ်သည် မဟုတ်။
၂၄ လူအသီးသီးတို့သည် ကိုယ့်အကျိုးကိုမရှာဘဲ သူတစ်ပါး၏ အကျိုးကို ရှာကြစေ။
၂၅ သင်တို့၏ ဩတ္တပ္ပစိတ်ကိုထောက်၍ အသားဈေးတွင် ရောင်းသမျှကို မမေးမြန်းဘဲ စားကြလော့။
၂၆ အကြောင်းမူကား “ယေဟောဝါဘုရားသည် မြေကြီးနှင့် မြေကြီးပေါ်ရှိသမျှတို့ကို ပိုင်တော်မူ၏။”
၂၇ မယုံကြည်သောသူသည် သင်တို့ကို ခေါ်ဖိတ်၍ သင်တို့ သွားလိုလျှင် သင်တို့၏ ဩတ္တပ္ပစိတ်ကိုထောက်၍ သင်တို့ရှေ့၌ တည်ခင်းသမျှကို မမေးမြန်းဘဲ စားကြလော့။
၂၈ သို့သော် တစ်စုံတစ်ဦးက “ဤအရာသည် ပူဇော်ထားသောအရာဖြစ်၏” ဟုဆိုလျှင် ထိုသို့ဆိုသောသူနှင့် ဩတ္တပ္ပစိတ်ကိုထောက်၍ မစားကြနှင့်။
၂၉ “ဩတ္တပ္ပစိတ်” ဟုဆိုသော် ကိုယ့်စိတ်ကို မဆိုလို၊ သူတစ်ပါး၏ စိတ်ကို ဆိုလို၏။ သူတစ်ပါး၏ ဩတ္တပ္ပစိတ်သည် ငါ၏လွတ်လပ်ခွင့်ကို အဘယ်ကြောင့် စီရင်ရမည်နည်း။
၃၀ ငါသည် ကျေးဇူးတင်စိတ်နှင့် သုံးဆောင်လျှင် ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည့်အတွက် ငါ့ကို အဘယ်ကြောင့် ကဲ့ရဲ့ပြစ်တင်ရသနည်း။
၃၁ ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်းတော်အတွက် အရာခပ်သိမ်းကို ပြုကြလော့။
၃၂ ဂျူးလူနှင့် ဂရိလူတို့ကိုလည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်ကိုလည်းကောင်း တိုက်မိ၍ လဲစရာအကြောင်း မဖြစ်စေကြနှင့်။
၃၃ လူတို့ ကယ်တင်ခြင်းရစေရန် ငါသည် ကိုယ့်အကျိုးကိုမရှာဘဲ လူအပေါင်း၏အကျိုးကိုရှာ၍ အရာရာ၌ သူတို့အလိုအတိုင်း ပြုသကဲ့သို့ ပြုကြလော့။
အောက်ခြေမှတ်ချက်များ
^ သို့မဟုတ်၊ “လောကစနစ်အဆုံး။”