၁ ကောရိန္သု ၁၁:၁-၃၄
၁၁ ငါသည် ခရစ်တော်ကို အတုယူသကဲ့သို့ သင်တို့လည်း ငါ့ကို အတုယူကြလော့။
၂ သင်တို့သည် အရာရာ၌ ငါ့ကိုအောက်မေ့၍ ငါပေးအပ်သော ညွှန်ကြားချက်များကို စွဲကိုင်ထားကြသောကြောင့် သင်တို့ကို ငါချီးမွမ်း၏။
၃ သို့ရာတွင် ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်ကြောင်း၊ မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်ကြောင်း၊ ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင် ဖြစ်တော်မူကြောင်းကို သင်တို့အား ငါသိစေလို၏။
၄ ယောက်ျားတိုင်းသည် ခေါင်းကိုဖုံး၍ ဆုတောင်းလျှင်လည်းကောင်း၊ ပရောဖက်ပြုလျှင်လည်းကောင်း မိမိခေါင်းအသရေကို ရှုတ်ချရာရောက်၏။
၅ မိန်းမတိုင်းသည် ခေါင်းကိုမဖုံးဘဲ ဆုတောင်းလျှင်လည်းကောင်း၊ ပရောဖက်ပြုလျှင်လည်းကောင်း မိမိခေါင်းအသရေကို ရှုတ်ချရာရောက်၏။ ထိုသို့ပြုလျှင် ဆံပင်ရိတ်*ထားသောမိန်းမနှင့် အတူတူပင်ဖြစ်၏။
၆ မိန်းမတစ်ဦးသည် ခေါင်းကို မဖုံးလျှင်ဆံပင်ကို ဖြတ်ပါစေ။ ဆံပင်ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းသည် ရှက်ဖွယ်ဖြစ်လျှင် ခေါင်းကိုဖုံးပါစေ။
၇ ယောက်ျားသည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် ဘုန်းအသရေတော်ဖြစ်သောကြောင့် ခေါင်းကို မဖုံးအပ်။ မိန်းမမူကား ယောက်ျား၏ ဘုန်းအသရေဖြစ်၏။
၈ ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည် မဟုတ်။ မိန်းမသည် ယောက်ျားကြောင့် ဖြစ်၏။
၉ ထို့ပြင် ယောက်ျားကိုမိန်းမအတွက် ဖန်ဆင်းသည် မဟုတ်။ မိန်းမကို ယောက်ျားအတွက် ဖန်ဆင်းတော်မူ၏။
၁၀ ထို့ကြောင့် ကောင်းကင်တမန်တို့ကို ထောက်၍ မိန်းမသည် လက်အောက်ခံသည့် အထိမ်းအမှတ်အဖြစ် ခေါင်းကိုဖုံးအပ်၏။
၁၁ ထို့ပြင် သခင်၌ရှိသူတို့တွင် ယောက်ျားမပါဘဲ မိန်းမ မတည်ရှိ။ မိန်းမ,မပါဘဲ ယောက်ျား မတည်ရှိ။
၁၂ အကြောင်းမူကား မိန်းမသည် ယောက်ျားကြောင့် ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့် ဖြစ်၏။ သို့သော် အရာခပ်သိမ်းသည် ဘုရားသခင်ကြောင့်ဖြစ်ကြ၏။
၁၃ မိန်းမတစ်ဦးသည် ခေါင်းကိုမဖုံးဘဲ ဘုရားသခင်ထံ ဆုတောင်းလျှင် သင့်လျော်မည်၊ မသင့်လျော်မည်ကို သင်တို့ကိုယ်တိုင် စီရင်ကြလော့။
၁၄ ဆံပင်ရှည်ထားခြင်းသည် ယောက်ျားတစ်ဦးအတွက် ရှက်ဖွယ်ဖြစ်ကြောင်း သဘာဝတရားကပင် သင်တို့အား သွန်သင်သည် မဟုတ်လော။
၁၅ သို့သော် မိန်းမ၌ ဆံပင်ရှည်ထားလျှင် သူ့အတွက် ဘုန်းအသရေဖြစ်၏။ အကြောင်းမူကား ခေါင်းအုပ်အဖြစ် မိန်းမအား ဆံပင်ကို ပေးတော်မူ၏။
၁၆ သို့ရာတွင် တစ်ဦးတစ်ယောက်သည် အခြားထုံးစံတစ်မျိုးမျိုးကို လိုက်လိုလျှင် ငါတို့၌ဖြစ်စေ၊ ဘုရားသခင်၏အသင်းတော်တို့၌ဖြစ်စေ ထိုသို့သောထုံးစံ မရှိ။
၁၇ သို့သော် ထိုသို့သွန်သင်ရာတွင် သင်တို့ကို ငါမချီးမွမ်း။ အကြောင်းမူကား၊ သင်တို့၏စုဝေးခြင်းသည် သင်တို့ကို ကောင်းကျိုးမပြု၊ ဆိုးကျိုးသာပြု၏။
၁၈ ဦးစွာ၊ အသင်းတော်တွင် သင်တို့စုဝေးကြသောအခါ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုရှိသည်ဟု ငါကြားရ၏။ ကြားရသည့်အတိုင်းလည်း အတော်အတန်မှန်လိမ့်မည်ဟု ငါယုံ၏။
၁၉ အကြောင်းမူကား သင်တို့တွင် ဂိုဏ်းခွဲခြင်း ရှိရမည်။ သို့မှသာ သင်တို့တွင် နှစ်သက်တော်မူသောသူတို့သည် ထင်ရှားလာလိမ့်မည်။
၂၀ ထို့ကြောင့် သင်တို့သည်အတူတကွ စုဝေးကြသောအခါ သခင့်ညစာစားပွဲကို တော်မှန်စွာ သုံးဆောင်ရာမရောက်။
၂၁ အကြောင်းမူကား သုံးဆောင်ချိန် ရောက်သောအခါ အသီးသီးတို့သည် မိမိတို့၏ညစာကို အလျင်စားထားကြသဖြင့် တစ်ဦးသည် ဆာမွတ်လျက်၊ အခြားတစ်ဦးမူ မူးယစ်လျက်ရှိ၏။
၂၂ သင်တို့တွင် စားသောက်ရန် အိမ်မရှိကြသလော။ သို့မဟုတ်လျှင် ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင်ပြု၍ မရှိဆင်းရဲသားတို့ကို ရှက်ကြောက်စေသလော။ သင်တို့ကို ငါမည်သို့ ဆိုရမည်နည်း။ သင်တို့ကို ချီးမွမ်းရမည်လော။ ဤအမှုတွင် သင်တို့ကို ငါမချီးမွမ်း။
၂၃ အကြောင်းမူကား သင်တို့အား ငါပေးအပ်သောအရာကို သခင်ထံမှ ငါရ၏။ ထိုအရာကား သခင်ယေရှုသည် ရန်သူ၏လက်သို့ အပ်နှံခံရမည့်ညတွင် မုန့်ကိုယူ၍၊
၂၄ ကျေးဇူးတော် ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ပြီးလျှင် “ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ကို ကိုယ်စားပြု၏။ ငါ့ကိုအောက်မေ့ရန် ဤသို့ ပြုလျက်နေကြလော့” ဟုမိန့်တော်မူ၏။
၂၅ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ “ဤခွက်သည် ငါ၏သွေးဖြင့် ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကို သောက်သည့်အခါတိုင်း ငါ့ကိုအောက်မေ့ရန် ဤသို့ ပြုလျက်နေကြလော့” ဟုမိန့်တော်မူ၏။
၂၆ အကြောင်းမူကား သင်တို့သည် ဤမုန့်ကိုစား၍ ဤခွက်ကိုသောက်သည့်အခါတိုင်း သခင်၏အသေခံတော်မူခြင်းကို ကြွလာတော်မူသည်တိုင်အောင် ကြွေးကြော်နေကြခြင်းဖြစ်၏။
၂၇ သို့ဖြစ်၍ မထိုက်မတန်ဘဲ ထိုမုန့်နှင့် သခင်၏ခွက်ကို စားသောက်သောသူသည် သခင်၏ခန္ဓာကိုယ်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်၏။
၂၈ ထို့ကြောင့် လူတိုင်း ကိုယ်ကို ဦးစွာ စစ်ကြောပြီးမှ မုန့်ကို စား၍ ခွက်ကို သောက်စေ။
၂၉ အကြောင်းမူကား သခင်၏ခန္ဓာကိုယ်သည် အဘယ်အရာကို ကိုယ်စားပြုကြောင်း ပိုင်းခြားသိမြင်ခြင်း မရှိလျှင် စားသောက်သောသူသည် မိမိကိုယ်ကို တရားစီရင်ရာရောက်၏။
၃၀ ထို့ကြောင့် သင်တို့တွင် အားနည်းသောသူ၊ မကျန်းမာသောသူ အများရှိကြ၏။ သေခြင်း၌ အိပ်ပျော်နေသူ အတော်များများလည်းရှိကြ၏။
၃၁ ငါတို့သည် ကိုယ်ကို စစ်ဆေးသိမြင်လျှင် စီရင်တော်မူခြင်း ခံရမည်မဟုတ်။
၃၂ သို့သော် ငါတို့သည် စီရင်တော်မူခြင်း ခံရသောအခါလောကနှင့် အတူ အပြစ်စီရင်တော်မူခြင်းမှ ကင်းလွတ်မည်အကြောင်း ယေဟောဝါဘုရား၏ ဆုံးမတော်မူခြင်းကို ခံကြရ၏။
၃၃ ထို့ကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် ထိုသို့စားသောက်ရန် စုဝေးကြသောအခါ တစ်ဦးကိုတစ်ဦး စောင့်ဆိုင်းကြလော့။
၃၄ တစ်စုံတစ်ဦးသည် ဆာမွတ်လျှင် အိမ်တွင် စားသောက်ပါစေ။ သို့ပြုလျှင် သင်တို့သည် တရားစီရင်ခြင်းခံရမည် မဟုတ်။ ကျန်သောအမှုကိစ္စများကိုမူ ငါရောက်လာသောအခါ စီမံပေးမည်။
အောက်ခြေမှတ်ချက်များ
^ အကျင့်ယိုယွင်းမှုအတွက် အပြစ်ဒဏ်ပေးခြင်းကို ဆိုလိုသည်။