၁ ကောရိန္သု ၁၄:၁-၄၀
၁၄ မေတ္တာရှိရန် အစဉ်ကြိုးစားအားထုတ်*ကြလော့။ ဘုရားသခင်ထံတော်မှ ဆုကျေးဇူးများကို ထက်သန်စွာ ရှာဖွေလျက်နေကြလော့။ သို့သော် ပရောဖက်ပြုရသောအခွင့်ကို သာ၍အလိုရှိကြလော့။
၂ အကြောင်းမူကား အခြားသောဘာသာစကားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရားသခင်အားပြော၏။ မြင့်မြတ်သော လျှို့ဝှက်ချက်များကို ဘုရားသခင့်စွမ်းအားတော်ဖြင့် ပြောသော်လည်း သူ၏စကားကို မည်သူမျှနားမလည်။
၃ ပရောဖက်ပြုသောသူမူကား သူ၏စကားဖြင့် လူတို့အား တည်ဆောက်ခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ခြင်းတို့ကိုပြုတတ်၏။
၄ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည် မိမိကိုယ်ကို တည်ဆောက်တတ်၏။ ပရောဖက်ပြုသောသူမူကား အသင်းတော်ကို တည်ဆောက်တတ်၏။
၅ သင်တို့ရှိသမျှသည် ဘာသာစကားအမျိုးမျိုးဖြင့် ပြောတတ်စေရန် ငါအလိုရှိသော်လည်း ပရောဖက်ပြုစေရန် သာ၍အလိုရှိ၏။ အကြောင်းမူကား ဘာသာစကားအမျိုးမျိုးဖြင့် ပြောသောသူသည် အသင်းတော်ကို တည်ဆောက်ရန် ဘာသာမပြန်ပေးလျှင် ပရောဖက်ပြုသောသူသည် သူ့ထက်သာ၍ ကြီးမြတ်၏။
၆ ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ ဘာသာစကားအမျိုးမျိုးဖြင့် ပြောသော်လည်း ဗျာဒိတ်တော်အားဖြင့်လည်းကောင်း၊ အသိပညာအားဖြင့်လည်းကောင်း၊ ပရောဖက်ပြုခြင်းအားဖြင့်လည်းကောင်း၊ သွန်သင်ပေးခြင်းအားဖြင့်လည်းကောင်း သင်တို့အား မပြောဆိုလျှင် အဘယ်အကျိုးရှိမည်နည်း။
၇ ထိုနည်းတူ ပလွေဖြစ်စေ၊ စောင်းဖြစ်စေ သက်မဲ့တူရိယာများပင် သံစဉ်မပေါ်လျှင် တီးမှုတ်သော ပလွေသံ၊ စောင်းသံတို့ကို မည်သို့သိနိုင်မည်နည်း။
၈ တံပိုးမှုတ်သံသည် မပီပြင်လျှင် တိုက်ပွဲဝင်ရန် မည်သူအသင့်ပြင်မည်နည်း။
၉ ထိုနည်းတူ သင်တို့သည် နားလည်လွယ်သောစကားကို နှုတ်ဖြင့်မမြွက်လျှင် ထိုစကားကို မည်သို့သိနိုင်မည်နည်း။ လေထဲ၌ ပြောသကဲ့သို့ ဖြစ်လိမ့်မည်။
၁၀ ဤလောက၌ စကားသံအမျိုးမျိုးရှိ၏။ သို့သော် အဘယ်စကားသံမျှ အဓိပ္ပာယ်ကင်းမဲ့သည်မဟုတ်။
၁၁ စကားသံ၏အဓိပ္ပာယ်ကို ငါနားမလည်လျှင် ငါသည် ပြောဆိုသူအတွက် တိုင်းတစ်ပါးသား ဖြစ်လိမ့်မည်။ ပြောဆိုသူသည်လည်း ငါ့အတွက် တိုင်းတစ်ပါးသား ဖြစ်လိမ့်မည်။
၁၂ ထို့ကြောင့် သင်တို့သည်လည်း ဘုရားသခင့်စွမ်းအားတော်ဖြင့် ရသောဆုကျေးဇူးများကို အလွန်လိုချင်သည်ဖြစ်၍ အသင်းတော်ကို တည်ဆောက်ရန် ထိုဆုကျေးဇူးများနှင့် ကြွယ်ဝမည်အကြောင်း ရှာကြံကြလော့။
၁၃ ထို့ကြောင့် အခြားသောဘာသာစကားဖြင့် ပြောဆိုသူသည် ဘာသာပြန်နိုင်မည်အကြောင်း ဆုတောင်းပါစေ။
၁၄ ငါသည် အခြားသောဘာသာစကားဖြင့် ဆုတောင်းနေလျှင် ထိုဆုတောင်းခြင်းအခွင့်သည် ဘုရားသခင့် စွမ်းအားတော်ဖြင့်ရသော ဆုကျေးဇူးဖြစ်၏။ ငါ၏စိတ်ထဲတွင်မူကား နားမလည်ချေ။
၁၅ သို့ဖြစ်လျှင် မည်သို့ပြုရမည်နည်း။ ငါသည် စွမ်းအားတော်ဖြင့်ရသော ဆုကျေးဇူးဖြင့် ဆုတောင်းမည်။ စိတ်နှင့်လည်း ဆုတောင်းမည်။ ငါသည် ဘုရားသခင့်စွမ်းအားတော်ဖြင့်ရသော ဆုကျေးဇူးဖြင့် ချီးမွမ်းသီချင်းဆိုမည်။ စိတ်နှင့်လည်း ချီးမွမ်းသီချင်းဆိုမည်။
၁၆ ထိုသို့မဟုတ်လျှင် သင်သည် ဘုရားသခင့်စွမ်းအားတော်ဖြင့်ရသော ဆုကျေးဇူးနှင့် ချီးမွမ်းလျှင် သာမန်လူသည် သင်၏စကားကို နားမလည်သောကြောင့် ကျေးဇူးတော်ချီးမွမ်းရာ၌ “အာမင်” ဟုမည်သို့ဆိုမည်နည်း။
၁၇ သင်သည် ကျေးဇူးတော်ကို ကောင်းစွာချီးမွမ်းသည် မှန်သော်လည်း အခြားသောသူမူကား တည်ဆောက်ခြင်း မခံရ။
၁၈ ငါသည် ဘာသာစကားအမျိုးမျိုးကို သင်တို့ ရှိသမျှထက် ပို၍ပြောဆိုနိုင်သဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
၁၉ သို့သော် အသင်းတော်၌ အခြားဘာသာစကားဖြင့် စကားအခွန်းပေါင်း တစ်သောင်းကို ပြောနိုင်သည်ထက် သူတစ်ပါးကို သွန်သင်ရန် နားလည်နိုင်သည့်စကား ငါးခွန်းပြောခြင်းကို ငါသည် သာ၍အလိုရှိ၏။
၂၀ ညီအစ်ကိုတို့၊ သင်တို့သည် သိနားလည်နိုင်စွမ်း၌ သူငယ်မဖြစ်ကြနှင့်။ မကောင်းမှု၌ နို့စို့သူငယ်ဖြစ်ကြလော့။ သိနားလည်နိုင်စွမ်း၌မူကား ကြီးရင့်သောသူဖြစ်ကြလော့။
၂၁ ပညတ်ကျမ်း၌ ရေးထားသည်ကား “‘တိုင်းတစ်ပါးဘာသာစကား ပြောသောသူတို့နှင့် သူစိမ်းတို့၏နှုတ်ဖြင့် ဤလူမျိုးကို ငါပြောမည်။ သို့တိုင် သူတို့သည် ငါ့စကားကို နားမထောင်ဘဲ နေကြလိမ့်မည်’ ဟူ၍ ယေဟောဝါဘုရားမိန့်တော်မူ၏။”
၂၂ သို့ဖြစ်၍ ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုခြင်းသည် ယုံကြည်သော သူတို့အတွက် မဟုတ်၊ မယုံကြည်သော သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ ပရောဖက်ပြုခြင်းမူကား မယုံကြည်သော သူတို့အတွက် မဟုတ်၊ ယုံကြည်သော သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။
၂၃ ထို့ကြောင့် အသင်းတော်တစ်ခုလုံးသည် အတူစုဝေး၍ ရှိသမျှသည် ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုနေကြစဉ် သာမန်လူများ၊ သို့မဟုတ် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ကို အရူးဖြစ်သည်ဟု ဆိုကြမည် မဟုတ်လော။
၂၄ သို့သော် သင်တို့ရှိသမျှသည် ပရောဖက်ပြုနေကြစဉ် မယုံကြည်သောသူ၊ သို့မဟုတ် သာမန်လူသည် ဝင်လာလျှင် သင်တို့၏စကားများသည် သူ့ကိုဆုံးမပဲ့ပြင်၍ မိမိကိုယ်ကို ဆန်းစစ်စေ၏။
၂၅ ထိုသူ၏စိတ်နှလုံးထဲ လျှို့ဝှက်ထားရာများသည် ထင်ရှားလာ၍ “ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်” ဟုပြောဆိုလျက် ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။
၂၆ သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ပြုမည်နည်း။ သင်တို့သည် စုဝေးကြသောအခါ တစ်ဦး၌ ဆာလံသီချင်းဆိုခြင်း၊ တစ်ဦး၌ သွန်သင်ခြင်း၊ တစ်ဦး၌ ဗျာဒိတ်တော်ကို ဖော်ပြခြင်း၊ တစ်ဦး၌ အခြားသောဘာသာစကားကို ပြောဆိုခြင်း၊ တစ်ဦး၌ ဘာသာစကားပြန်ဆိုခြင်း ဆုအသီးသီးကို ရရှိထားကြသဖြင့် ထိုအမှုခပ်သိမ်းကို တည်ဆောက်စရာအဖို့ ဖြစ်စေကြလော့။
၂၇ အခြားသောဘာသာစကားဖြင့် ပြောဆိုသူရှိလျှင် နှစ်ဦးဖြစ်စေ၊ အများဆုံး သုံးဦးဖြစ်စေ အလှည့်ကျပြောဆိုပါစေ။ တစ်စုံတစ်ဦးက ဘာသာပြန်ဆိုပါစေ။
၂၈ ဘာသာပြန်သူ မရှိလျှင်ထိုသူသည်အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိကိုယ်ကိုလည်းကောင်း၊ဘုရားသခင်ကိုလည်းကောင်း ပြောဆိုပါစေ။
၂၉ ထို့ပြင် ပရောဖက်နှစ်ဦးဖြစ်စေ၊ သုံးဦးဖြစ်စေ ဟောပြောပါစေ။ အခြားသောသူတို့မူကား အနက်ကို ပိုင်းခြားသိမြင်ကြပါစေ။
၃၀ သို့ရာတွင် ထိုင်လျက်နေသော အခြားသူတစ်ဦးသည် ဗျာဒိတ်တော်ရလျှင် ပထမဟောပြောသူသည် တိတ်ဆိတ်စွာ နေပါစေ။
၃၁ အကြောင်းမူကား လူအားလုံးသည် သင်ယူရန်လည်းကောင်း၊ အားပေးခံရရန်လည်းကောင်း သင်တို့ရှိသမျှသည် အလှည့်ကျ ပရောဖက်ပြုနိုင်ကြ၏။
၃၂ စွမ်းအားတော်ဖြင့်ရသော ပရောဖက်ပြုရသည့် ဆုကျေးဇူးများကို ပရောဖက်များက ထိန်းချုပ်ပါစေ။
၃၃ အကြောင်းမူကား ဘုရားသခင်သည် စည်းစနစ်မရှိသောဘုရား မဟုတ်။ သင့်တင့် ငြိမ်သက်ခြင်းရှိသောဘုရား ဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏ အသင်းတော်အားလုံးတွင်ကဲ့သို့၊
၃၄ အသင်းတော်များတွင် အမျိုးသမီးတို့သည် တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသော အခွင့်မရှိ။ ပညတ်တရား စီရင်သည့်အတိုင်း သူတို့သည် လက်အောက်ခံကြစေ။
၃၅ အမျိုးသမီးတို့သည် တစ်စုံတစ်ရာကို သင်ယူလိုလျှင် အိမ်၌ မိမိတို့၏ခင်ပွန်းကို မေးမြန်းကြစေ။ အမျိုးသမီးသည် အသင်းတော်၌ ဟောပြောလျှင် ရှက်ဖွယ်သောအမှုဖြစ်၏။
၃၆ မည်သို့နည်း။ ဘုရားသခင်၏တရားစကားတော်သည် သင်တို့ထံမှ ထွက်လာသလော။ သင်တို့ထံသို့သာ ရောက်လာသလော။
၃၇ ကိုယ့်ကိုယ်ကိုယ် ပရောဖက်ဖြစ်သည်၊ စွမ်းအားတော်ဖြင့် ဆုကျေးဇူးရရှိသည် ဟူ၍ ထင်မှတ်သူ မည်သူမဆိုသည် သင်တို့ထံ ငါရေးလိုက်သော စကားများကို သိမှတ်ဝန်ခံပါစေ။ အကြောင်းမူကား ထိုစကားများသည် သခင်၏ပညတ်တော်ဖြစ်၏။
၃၈ သို့ရာတွင် တစ်ဦးတစ်ယောက်သည် မသိလျှင် မသိသည့်အတိုင်း ဆက်၍နေပါစေ။
၃၉ သို့ဖြစ်၍ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် ပရောဖက်ပြုခြင်းအမှုကို ထက်သန်စွာ ရှာဖွေလျက်နေကြလော့။ ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုခြင်းကိုလည်း မတားမြစ်ကြနှင့်။
၄၀ ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ၊ စည်းစနစ်တကျ ဖြစ်စေကြလော့။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “မီအောင်လိုက်။”