၁ ကောရိန္သု ၁၅:၁-၅၈
၁၅ ညီအစ်ကိုတို့၊ သင်တို့ထံ ငါဟောပြောခဲ့သော၊ သင်တို့လည်း လက်ခံ၍ စွဲစွဲမြဲမြဲလိုက်နာနေသော သတင်းကောင်းကို သင်တို့အား အသိပေးပါ၏။
၂ သင်တို့ထံ ငါဟောပြောသည့် သတင်းကောင်းကို သင်တို့ အခိုင်အမာ စွဲကိုင်ထားလျှင် ကယ်တင်ခြင်းရလိမ့်မည်။ ထိုသို့မဟုတ်လျှင် အကျိုးမဲ့ယုံကြည်သူများ ဖြစ်လိမ့်မည်။
၃ ငါကိုယ်တိုင် ခံယူရရှိ၍ သင်တို့အား ပေးအပ်သည့် အဓိကကျသောအရာကား ခရစ်တော်သည် ကျမ်းစာဆိုသည့်အတိုင်း ငါတို့အပြစ်အတွက် အသေခံတော်မူကြောင်း၊
၄ ကိုယ်တော်သည် သင်္ဂြိုဟ်ခံရပြီးမှ ကျမ်းစာဆိုသည့်အတိုင်း သုံးရက်မြောက်သောနေ့တွင် ထမြောက်တော်မူကြောင်း ဖြစ်၏။
၅ ကိုယ်တော်သည် ကေဖထံသို့လည်းကောင်း၊ ထို့နောက် တစ်ဆယ့်နှစ်ပါးတို့ထံသို့လည်းကောင်း ကိုယ်ကိုထင်ရှားပြတော်မူ၏။
၆ ထို့နောက် ညီအစ်ကိုငါးရာကျော်တို့ရှေ့ တစ်ပြိုင်နက် ထင်ရှားပြတော်မူ၏။ ထိုသူတို့တွင် အများစုသည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏။ အချို့မူကား သေခြင်း၌ အိပ်ပျော်ကြလေပြီ။
၇ ထို့နောက် ယာကုပ်ထံသို့လည်းကောင်း၊ ထို့နောက် တမန်တော်အပေါင်းတို့ထံသို့လည်းကောင်း ကိုယ်ကိုထင်ရှားပြတော်မူ၏။
၈ နောက်ဆုံး၌ အချိန်မတန်ဘဲ မွေးဖွားလာသူကဲ့သို့ဖြစ်သော ငါ့ကိုလည်း ကိုယ်ကိုထင်ရှားပြတော်မူ၏။
၉ ငါသည် တမန်တော်တို့တွင် အနိမ့်ကျဆုံးဖြစ်၏။ ငါသည် ဘုရားသခင်၏အသင်းတော်ကို နှိပ်စက်ညှဉ်းပန်းခဲ့သောကြောင့် တမန်တော်ဟုပင် အခေါ်မခံထိုက်။
၁၀ သို့သော် ဘုရားသခင်၏ မဟာကရုဏာတော်အားဖြင့် ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော မဟာကရုဏာတော်သည် အချည်းနှီးဖြစ်သည်မဟုတ်။ ထိုသူအပေါင်းတို့ထက် ငါသည် သာ၍ကြိုးစားအားထုတ်၏။ သို့သော် ငါကြိုးစားသည်မဟုတ်၊ ငါနှင့်အတူရှိသော ဘုရားသခင်၏ မဟာကရုဏာတော်သည် ကြိုးစား၏။
၁၁ သို့ရာတွင် ငါဖြစ်စေ၊ သူတို့ဖြစ်စေ ဟောပြောနေကြသည်ဖြစ်၍ သင်တို့သည် ယုံကြည်ကြပြီ။
၁၂ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ယခု ငါတို့ဟောပြောနေကြလျှင် လူသေတို့၏ရှင်ပြန်ထမြောက်ခြင်း မရှိဟု သင်တို့တွင် အချို့သူတို့ အဘယ်ကြောင့် ဆိုကြသနည်း။
၁၃ လူသေတို့ ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူမည်မဟုတ်။
၁၄ ခရစ်တော်သည် ထမြောက်ခြင်းမခံရလျှင် ငါတို့၏ဟောပြောခြင်းသည် အမှန်ပင် အချည်းနှီးဖြစ်၏။ ငါတို့၏ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။
၁၅ ထို့ပြင် လူသေတို့၏ထမြောက်ခြင်း မရှိသည်မှန်လျှင် ခရစ်တော်ကို ထမြောက်စေတော် မမူဘဲလျက်၊ ထမြောက်စေတော်မူသည် ဟု ဘုရားသခင်ကို ဆန့်ကျင်၍ ပြောကြားကြသောကြောင့် ငါတို့သည် ဘုရားသခင်အကြောင်း မဟုတ်မမှန်သက်သေခံသူများ ဖြစ်ကြလေပြီ။
၁၆ အကြောင်းမူကား လူသေတို့ ထမြောက်မည်မဟုတ်လျှင် ခရစ်တော်လည်းထမြောက်မည်မဟုတ်။
၁၇ ခရစ်တော်သည် ထမြောက်တော်မမူလျှင် သင်တို့၏ ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၏။ သင်တို့သည် အပြစ်၌ ရှိကြဆဲဖြစ်၏။
၁၈ ထို့ပြင် ခရစ်တော်၏ တပည့်များအဖြစ်သေခြင်း၌ အိပ်ပျော်သောသူတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကြ၏။
၁၉ ငါတို့သည် ဤအသက်တာတွင်သာ ခရစ်တော်ကို မျှော်လင့်သည်မှန်လျှင် လူခပ်သိမ်းတို့တွင် သနားစရာအကောင်းဆုံး ဖြစ်ကြလိမ့်မည်။
၂၀ သို့သော် ယခုမူကားခရစ်တော်သည် သေခြင်း၌ အိပ်ပျော်သူတို့တွင်ဦးဆုံး*ထမြောက်တော်မူပြီ။
၂၁ အကြောင်းမူကား တစ်ယောက်သောသူအားဖြင့် သေခြင်းတရားဖြစ်ပေါ်လာသကဲ့သို့ တစ်ယောက်သောသူအားဖြင့် လူသေတို့၏ရှင်ပြန်ထမြောက်ခြင်းလည်း ဖြစ်ပေါ်လာ၏။
၂၂ လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်။
၂၃ သို့သော် လူအသီးသီး အစဉ်လိုက် ထမြောက်ကြမည်။ခရစ်တော်သည် ဦးဆုံး*ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည်ကိုယ်တော်ရောက်ရှိနေချိန်အတွင်း ထမြောက်ကြမည်။
၂၄ အဆုံး၌ကားခရစ်တော်သည် နိုင်ငံတော်ကို ခမည်းတော် ဘုရားသခင်ထံ အပ်ပေးပြီးမှ အစိုးရရှိသမျှ၊ အခွင့်အာဏာတန်ခိုးရှိသမျှတို့ကို အချည်းနှီးဖြစ်စေတော်မူလိမ့်မည်။
၂၅ ဘုရားသခင်သည် ရန်သူအပေါင်းတို့ကို ခြေတော်အောက်၌ ချထားတော်မူချိန်တိုင်အောင် ခရစ်တော်သည်အုပ်စိုးရမည်။
၂၆ ထိုအခါ နောက်ဆုံးရန်သူတည်းဟူသော သေခြင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်။
၂၇ အကြောင်းမူကား ဘုရားသခင်သည် “အရာခပ်သိမ်းကို ခြေတော်အောက်၌ ချထားတော်မူ၏။” သို့သော် ‘အရာခပ်သိမ်းကို ချထားလျက်ရှိ၏’ ဟုဆိုရာ၌ အရာခပ်သိမ်းကို ချထားတော်မူသောအရှင် မပါဝင်ကြောင်း ထင်ရှား၏။
၂၈ အရာခပ်သိမ်းကို သားတော်အောက်၌ ချထားတော်မူပြီးနောက် အရာခပ်သိမ်းကို ချထားတော်မူသောအရှင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်တော်မူမည်။
၂၉ သို့မဟုတ်လျှင် သေလွန်သူများဖြစ်ရန် ရည်ရွယ်လျက် နှစ်ခြင်းခံနေသူတို့သည် မည်သို့ပြုရမည်နည်း။ လူသေတို့ အလျှင်းထမြောက်မည် မဟုတ်လျှင် သူတို့သည် အဘယ်ကြောင့် သေလွန်သူများဖြစ်ရန် ရည်ရွယ်လျက် နှစ်ခြင်းခံနေကြသနည်း။
၃၀ ငါတို့သည်လည်း အချိန်နာရီတိုင်း အဘယ်ကြောင့် ဘေးကြုံနေကြသနည်း။
၃၁ ငါသည် သေဘေးနှင့် နေစဉ်ကြုံနေရ၏။ ညီအစ်ကိုတို့၊ ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် သင်တို့အတွက် ငါဝါကြွားနိုင်သောကြောင့် ထိုသို့ ငါအခိုင်အမာဆို၏။
၃၂ လူတို့ပြုသည့်အတိုင်း ငါသည် ဧဖက်မြို့၌ သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်သော်လည်း ငါ့အတွက် အဘယ်အကျိုး ရှိသနည်း။ လူသေတို့၏ထမြောက်ခြင်း မရှိလျှင် “စားလျက်၊ သောက်လျက်နေကြစို့၊ အကြောင်းမူကား နက်ဖြန် သေကြရမည်။”
၃၃ လှည့်ဖြားခြင်းကို မခံကြနှင့်။ မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏။
၃၄ ဖြောင့်မတ်သောအမှုကိုပြုရန် နိုးကြားကြလော့။ အပြစ်ကို ပြုကျင့်မနေကြနှင့်။ အချို့သောသူတို့သည် ဘုရားသခင်ကို မသိကြ။ သင်တို့ ရှက်ကြောက်စေရန် ထိုသို့ ငါဆိုရခြင်းဖြစ်၏။
၃၅ သို့သော်လည်း တစ်ဦးတစ်ယောက်က “လူသေတို့သည် မည်သို့ထမြောက်ကြမည်နည်း။ အဘယ်ခန္ဓာကိုယ်မျိုးဖြင့် ပေါ်ထွက်လာကြမည်နည်း” ဟုဆိုပေမည်။
၃၆ အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့သည် မပျက်လျှင်မရှင်တတ်။
၃၇ သင်စိုက်ပျိုးသော အရာသည် ကြီးထွားလာမည့်ကိုယ်ထည်မဟုတ်၊ အစေ့သက်သက်ဖြစ်၏။ ဂျုံစေ့သော်လည်းကောင်း၊ အခြားသောမျိုးစေ့သော်လည်းကောင်း ဖြစ်နိုင်၏။
၃၈ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ထိုမျိုးစေ့အား ကိုယ်ထည်ကိုပေးတော်မူ၏။ မျိုးစေ့အသီးသီးအားလည်း အမျိုးအတိုင်း ကိုယ်ထည်ကိုပေးတော်မူ၏။
၃၉ အသားရှိသမျှသည် တစ်မျိုးတည်းမဟုတ်။ လူ၊ နွား၊ ငှက်၊ ငါးတို့၏အသားဟူ၍ အသီးသီး ရှိကြ၏။
၄၀ ကောင်းကင်ခန္ဓာလည်းရှိ၏။ မြေကြီးခန္ဓာလည်းရှိ၏။ သို့သော် ကောင်းကင်ခန္ဓာ၏ ဘုန်းအသရေတစ်မျိုး၊ မြေကြီးခန္ဓာ၏ ဘုန်းအသရေတစ်မျိုး ဖြစ်၏။
၄၁ နေ၏ဘုန်းအသရေ၊ လ၏ဘုန်းအသရေ၊ ကြယ်များ၏ဘုန်းအသရေ ဟူ၍ အသီးသီးရှိကြ၏။ ကြယ်တစ်လုံးနှင့် တစ်လုံး ဘုန်းအသရေချင်း မတူကြ။
၄၂ လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်၏။ ကိုယ်သည် စိုက်သောအခါ ပုပ်ပျက်တတ်သည့်သဘောရှိ၏။ ထမြောက်သောအခါ မပုပ်ပျက်နိုင်သည့်သဘောရှိ၏။
၄၃ စိုက်သောအခါ ဘုန်းအသရေမရှိ။ ထမြောက်သောအခါ ဘုန်းအသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အားနည်း၏။ ထမြောက်သောအခါ ခွန်အားနှင့် ပြည့်စုံ၏။
၄၄ စိုက်သောအခါ ရုပ်ခန္ဓာကိုယ်ဖြစ်၏။ ထမြောက်သောအခါ နာမ်ခန္ဓာကိုယ်ဖြစ်၏။ ရုပ်ခန္ဓာကိုယ်ရှိလျှင် နာမ်ခန္ဓာကိုယ်လည်း ရှိ၏။
၄၅ “ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါ* ဖြစ်လာ၏” ဟုကျမ်းစာ၌ ရေးထား၏။ နောက်ဆုံးသောအာဒံသည် အသက်ပေးသော နာမ်ဝိညာဉ် ဖြစ်လာ၏။
၄၆ နာမ်ခန္ဓာကိုယ်သည် ဦးစွာ ဖြစ်သည် မဟုတ်။ ရုပ်ခန္ဓာကိုယ်သည် ဦးစွာဖြစ်၏။ နောက်မှ နာမ်ခန္ဓာကိုယ်ဖြစ်၏။
၄၇ ပထမလူသည် မြေကြီးမှ ထွက်ပေါ်လာ၏။ မြေမှုန့်မှ ဖြစ်လာ၏။ ဒုတိယလူမူကား ကောင်းကင်မှ ထွက်ပေါ်လာ၏။
၄၈ မြေမှုန့်မှ ဖန်ဆင်းခံရသော အခြားသူများလည်း မြေမှုန့်မှ ဖန်ဆင်းခံရသောသူကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားများဖြစ်မည့်သူများလည်း ကောင်းကင်မှ လာသောသူကဲ့သို့ ဖြစ်ကြ၏။
၄၉ ငါတို့သည် မြေမှုန့်မှ ဖန်ဆင်းခံရသူ၏ ပုံသဏ္ဌာန်ကိုဆောင်သကဲ့သို့ ကောင်းကင်မှ လာသောသူ၏ ပုံသဏ္ဌာန်ကိုလည်းဆောင် ကြလိမ့်မည်။
၅၀ ညီအစ်ကိုတို့၊ ငါဆိုသည်ကား လူ့အသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သော အဖြစ်ကို အမွေမခံတတ်။
၅၁ မြင့်မြတ်သောလျှို့ဝှက်ချက်ကို သင်တို့အား ငါပြောပြ၏။ ငါတို့ရှိသမျှသည် သေခြင်း၌ အိပ်ပျော်ကြရမည်မဟုတ်ဘဲ ငါတို့ရှိသမျှသည် ပြောင်းလဲကြရလိမ့်မည်။
၅၂ နောက်ဆုံးသော တံပိုးမှုတ်သောအခါ တစ်ခဏချင်း မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲကြရလိမ့်မည်။ အကြောင်းမူကား တံပိုးမှုတ်သောအခါ လူသေတို့သည် မပုပ်ပျက်နိုင်သောအဖြစ်သို့ ထမြောက်၍ ငါတို့ရှိသမျှသည် ပြောင်းလဲကြရလိမ့်မည်။
၅၃ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေနိုင်သောအရာသည် မသေနိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။
၅၄ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သော အဖြစ်သို့လည်းကောင်း၊ သေနိုင်သောအရာသည် မသေနိုင်သော အဖြစ်သို့လည်းကောင်း ပြောင်းလဲသောအခါ ကျမ်းစာ၌ရေးထားသော ဤအချက် ပြည့်စုံရလိမ့်မည်။ “သေခြင်းသည် ထာဝစဉ် ဝါးမျိုခံရပြီ။”
၅၅ “သေခြင်း၊ သင်၏အောင်မြင်မှုကား အဘယ်မှာနည်း။ သေခြင်း၊ သင်၏အဆိပ်ဆူးကား အဘယ်မှာနည်း။”
၅၆ သေခြင်းတရားကိုဖြစ်စေသော အဆိပ်ဆူးကား အပြစ်တရားဖြစ်၏။ အပြစ်တရား၏ တန်ခိုးမူကား ပညတ်တရားဖြစ်၏။
၅၇ သို့သော် ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့ကို အောင်မြင်ခြင်းအခွင့် ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။
၅၈ ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်၏ လုပ်ငန်းတော်တွင် သင်တို့ ကြိုးစားအားထုတ်ခြင်းသည် အချည်းနှီးမဖြစ်ကြောင်း သိမှတ်သဖြင့် တည်ကြည်ခိုင်မြဲ၍ မရွေ့လျော့ဘဲ သခင်၏အမှုတော်တွင် အလုပ်များလျက်နေကြလော့။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “အဦးသီးသောအသီး။”
^ မူရင်း၊ “အဦးသီးသောအသီး။”
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။