၁ ကောရိန္သု ၁၆:၁-၂၄

၁၆  သန့်ရှင်း သူတို့အတွက် အလှူငွေ ကောက်ခံခြင်းနှင့်ပတ်သက်၍ ဂလာတိပြည်ရှိ အသင်းတော်များကို ငါမှာထားသည့်အတိုင်း သင်တို့လည်း ထိုနည်းတူပြုကြလော့။ ၂  ငါရောက်လာသောအခါ အလှူငွေကောက်ခံခြင်း မရှိစေရန် သီတင်းပတ်တွင် ပထမနေ့၌ အသီးသီးအဆင်ပြေသည့်အတိုင်း မိမိတို့ဥစ္စာအချို့ကို အိမ်တွင်သီးသန့် ဖယ်ထားကြလော့။ ၃  ငါရောက်လာသောအခါ သင်တို့ စာရေးထောက်ခံသောသူတို့အား သင်တို့၏အလှူကို ဂျေရုဆလင်မြို့သို့ ယူဆောင်သွားစေပါမည်။ ၄  သို့ရာတွင် ထိုအရပ်သို့ ငါကိုယ်တိုင်လည်း သွားသင့်လျှင် သူတို့သည် ငါနှင့်အတူ လိုက်ကြရမည်။ ၅  သို့သော် ငါသည် မက်ဆီဒိုးနီးယားပြည်ကို ဖြတ်သွားမည်ဖြစ်၍ ထိုပြည်မှ သင်တို့ရှိရာသို့လာမည်။ ၆  ဖြစ်နိုင်လျှင် သင်တို့နှင့်အတူ ဆောင်းကာလကုန်သည်အထိ နေမည်။ သို့ဖြင့် သင်တို့သည် ငါသွားမည့်နေရာသို့ လိုက်လံပို့ဆောင်ပေးနိုင်မည်။ ၇  အကြောင်းမူကား သင်တို့ကို ယခု ခရီးလမ်းကြုံ တွေ့မြင်ရုံမျှသာ ငါအလိုမရှိ။ နောက်မှ ယေဟောဝါဘုရား ခွင့်ပြုတော်မူလျှင် သင်တို့နှင့်အတူ အတန်ကြာနေမည်ဟု မျှော်လင့်ပါ၏။ ၈  ယခုမူကားငါသည် ပင်တေကုတ္တေပွဲနေ့တိုင်အောင် ဧဖက်မြို့၌ နေမည်။ ၉  အကြောင်းမူကားငါ၏ရှေ့တွင် ဆောင်ရွက်စရာ လုပ်ငန်းတံခါးကြီး ပွင့်လျက်ရှိ၏။ သို့သော် ဆန့်ကျင်သူအများလည်း ရှိကြ၏။ ၁၀  သင်တို့ထံ တိမောသေရောက်လာလျှင် သူ့ကို စိုးရိမ်ခြင်းမရှိပါစေနှင့်။ အကြောင်းမူကား သူသည် ငါကဲ့သို့ပင် ယေဟောဝါဘုရား၏အမှုတော်ကို ဆောင်ရွက်သူဖြစ်၏။ ၁၁  ထို့ကြောင့် မည်သူမျှ သူ့ကိုမထီလေးစား မပြုစေနှင့်။ ငါ့ထံ အေးချမ်းစွာ ရောက်လာစေရန် သူ့ကို ပို့ပေးကြလော့။ အကြောင်းမူကား ငါနှင့်အတူ ညီအစ်ကိုတို့သည် သူ့ကိုစောင့်မျှော်နေကြ၏။ ၁၂  ငါတို့၏ညီအစ်ကို အာပေါလုကို ညီအစ်ကိုတို့နှင့်အတူ သင်တို့ထံ လိုက်လာရန် ငါအထူးတောင်းပန်သော်လည်း သူသည် ယခု လာလိုစိတ် အလျှင်းမရှိ။ သို့သော် သူသည် အခွင့်သာလျှင် လာပါလိမ့်မည်။ ၁၃  နိုးကြားလျက် နေကြလော့။ ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံကြလော့။ ယောက်ျားကဲ့သို့ ရဲစွမ်းသတ္တိ ရှိကြလော့။ ခွန်အားရှိကြလော့။ ၁၄  အမှုကိစ္စမှန်သမျှကို ချစ်ခြင်းမေတ္တာနှင့် ပြုကြလော့။ ၁၅  ညီအစ်ကိုတို့၊ သင်တို့ကို ငါနှိုးဆော်ပါ၏။ သတေဖနာ၏ အိမ်သူအိမ်သားတို့သည် အခါယပြည်မှ ဦးဆုံးသော တပည့်တော်များ*ဖြစ်ကြောင်း၊ သူတို့သည် သန့်ရှင်းသူတို့ကို အလုပ်အကျွေးပြုရန် ဆက်ကပ်ထားကြကြောင်း သင်တို့သိကြ၏။ ၁၆  သင်တို့သည် ထိုသို့သော သူတို့မှစ၍ ပူးပေါင်းဆောင်ရွက်သူ၊ ကြိုးစားအားထုတ်သူတိုင်းကို လက်အောက်ခံလျက်နေကြလော့။ ၁၇  သင်တို့သည် ဤတွင်မရှိသော်လည်း သင်တို့ကိုယ်စား သတေဖနာ၊ ဖော်တုနတ်၊ အခါယကုတို့ ရှိနေကြသောကြောင့် ငါဝမ်းမြောက်ပါ၏။ ၁၈  အကြောင်းမူကား သူတို့သည် ငါ၏စိတ်*ကိုလည်းကောင်း၊ သင်တို့၏စိတ်ကိုလည်းကောင်း လန်းဆန်းစေကြပြီ။ ထို့ကြောင့် ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။ ၁၉  အာရှနယ်*မှ အသင်းတော်များသည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့် ပြစ်က*တို့သည် သူတို့၏အိမ်၌စုဝေးသော အသင်းတော်နှင့်တကွ သခင်၌ရှိသော သင်တို့ကို လှိုက်လှဲစွာ နှုတ်ဆက်ကြ၏။ ၂၀  ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ သန့်ရှင်းသောနမ်းခြင်းနှင့် အချင်းချင်းနှုတ်ဆက်ကြလော့။ ၂၁  ငါပေါလုသည် ဤနှုတ်ဆက်စကားကို ငါကိုယ်တိုင် ရေးနေခြင်းဖြစ်၏။ ၂၂  မည်သူမဆို သခင်ကိုမချစ်ခင်လျှင် ကျိန်ခြင်းကိုခံရပါစေ။ ကျွန်ုပ်တို့၏သခင်၊ ကြွလာတော်မူပါ။ ၂၃  သခင်ယေရှု၏ မဟာကရုဏာသည် သင်တို့နှင့်အတူရှိပါစေ။ ၂၄  ခရစ်တော်ယေရှု၌ တစည်းတလုံးတည်းရှိသော သင်တို့အားလုံးနှင့်အတူ ငါ၏ချစ်ခြင်းမေတ္တာရှိပါစေ။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “အခါယပြည်မှ အဦးသီးသောအသီးများ။”
ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။
တ ၂:၉ အောက်ခြေမှတ်ချက်ရှု။
“ပြစ်ကိလ” ဟုလည်းခေါ်သည်။