၁ ကောရိန္သု ၃:၁-၂၃

 ညီအစ်ကိုတို့၊ ငါသည် စွမ်းအားတော်၏လမ်းပြမှု ခံယူသူတို့ကို ပြောဆိုသကဲ့သို့ သင်တို့ကို မပြောဆိုနိုင်ဘဲ လူ့ဇာတိသဘောရှိသူများ၊ ခရစ်တော်၏လမ်းစဉ်၌ သူငယ်ဖြစ်သူများကို ပြောသကဲ့သို့ ပြောဆိုရ၏။ ၂  သင်တို့သည် ကြေခဲသောအစာကို မစားနိုင်ကြသေးသဖြင့် နို့ကိုသာ ငါတိုက်ကျွေးရ၏။ ယခုလည်း မစားနိုင်ကြသေး။ ၃  အကြောင်းမူကား သင်တို့တွင် လူ့ဇာတိသဘော ရှိသေး၏။ သင်တို့တွင် မနာလိုခြင်း၊ ခိုက်ရန်ဖြစ်ခြင်း ရှိသည်ဖြစ်၍ သင်တို့သည် လူ့ဇာတိသဘောရှိသူ မဟုတ်လော။ လူတို့ထုံးစံအတိုင်း ကျင့်ကြံသူများ မဟုတ်လော။ ၄  တစ်ဦးက “ငါသည် ပေါလုတပည့်ဖြစ်၏၊” နောက်တစ်ဦးက “ငါသည် အာပေါလုတပည့်ဖြစ်၏” ဟူ၍ပြောကြလျှင် သင်တို့သည် လောကသားများနည်းတူ ဖြစ်ကြမည် မဟုတ်လော။ ၅  သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် သခင်ပေးအပ်သောအမှုကို လုပ်ဆောင်၍ သင်တို့ကို ယုံကြည်သူများ ဖြစ်လာစေသော အမှုတော်ဆောင်များ ဖြစ်ကြ၏။ ၆  ငါသည် စိုက်ပျိုး၏။ အာပေါလုကား ရေလောင်း၏။ သို့ရာတွင် ဘုရားသခင်သည် အပင်ကို ကြီးထွားစေတော်မူ၏။ ၇  စိုက်ပျိုးသောသူ၊ ရေလောင်းသောသူတို့သည် အရေးပါသည် မဟုတ်။ ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် အရေးပါတော်မူ၏။ ၈  စိုက်ပျိုးသောသူနှင့် ရေလောင်းသောသူသည် တစ်လုံးတစ်ဝတည်းဖြစ်၏။ သို့သော် အသီးသီးတို့သည် မိမိလုပ်ဆောင်သည့်အတိုင်း အကျိုးခံစားရလိမ့်မည်။ ၉  ငါတို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်ကြ၍ သင်တို့သည် ဘုရားသခင် ပျိုးထောင်နေသော စိုက်ခင်းဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။ ၁၀  ဘုရားသခင်၏ မဟာကရုဏာတော်ကို ငါခံရသည်နှင့်အညီ ဗိသုကာပညာရှင်ကဲ့သို့ အုတ်မြစ်ကို ချထားပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင် မည်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုလျက် နေကြစေ။ ၁၁  အကြောင်းမူကား ယေရှုခရစ်တည်းဟူသော ချထားပြီးသည့် အုတ်မြစ်မှတစ်ပါး အခြားသောအုတ်မြစ်ကို မည်သူမျှ မချနိုင်။ ၁၂  တစ်ဦးတစ်ယောက်သည် ထိုအုတ်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးတို့ဖြင့် ထပ်ဆင့်တည်ဆောက်လျှင်၊ ၁၃  တစ်ဦးစီ၏လုပ်ဆောင်ချက်သည် ထင်ရှားလိမ့်မည်။ အကြောင်းမူကား မီးအားဖြင့် ထင်ရှားမည့်နေ့ ရောက်လိမ့်မည်။ တစ်ဦးစီ၏လုပ်ဆောင်ချက်များသည် မည်သို့သောအလုပ်ဖြစ်ကြောင်း မီးသည် ထင်ရှားစေလိမ့်မည်။ ၁၄  ထိုအုတ်မြစ်ပေါ်တွင် ထပ်ဆင့်၍ တည်ဆောက်သောသူ၏အလုပ်သည် တည်နေလျှင် ထိုသူသည် အကျိုးကိုခံစားရလိမ့်မည်။ ၁၅  ထိုသူ၏အလုပ်သည် ကျွမ်းလောင်လျှင် ထိုသူသည် အရှုံးခံရလိမ့်မည်။ ကိုယ်တိုင်မူကား ကယ်တင်ခြင်း ရလိမ့်မည်။ ကယ်တင်ခံရလျှင်ပင် မီးထဲက လွတ်သကဲ့သို့ ဖြစ်လိမ့်မည်။ ၁၆  သင်တို့သည် ဘုရားသခင်၏ဗိမာန်တော် ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင့်စွမ်းအားတော်သည် သင်တို့၌ ကိန်းဝပ်သည်ကိုလည်းကောင်း မသိကြသလော။ ၁၇  မည်သူမဆို ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးလျှင် ဘုရားသခင်သည် ထိုသူကို ဖျက်ဆီးလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်း၏။ သင်တို့သည် ထိုဗိမာန်တော်ဖြစ်ကြ၏။ ၁၈  မည်သူမျှ ကိုယ့်ကိုယ်ကိုယ် မလှည့်ဖြားပါစေနှင့်။ သင်တို့တွင် မည်သူမဆို ဤလောကစနစ်၌ ကိုယ့်ကိုယ်ကိုယ် ပညာရှိဖြစ်သည်ဟု ထင်လျှင်၊ ပညာရှိအဖြစ်သို့ရောက်ရန် လူမိုက်ဖြစ်ပါစေ။ ၁၉  အကြောင်းမူကား လောကဉာဏ်ပညာသည် ဘုရားသခင့်ရှေ့တော်၌ မိုက်မဲခြင်းဖြစ်၏။ “ကိုယ်တော်သည် ပညာရှိတို့ကို သူတို့၏စဉ်းလဲခြင်းအားဖြင့် ကျော့ဖမ်းတော်မူ၏” ဟုကျမ်းစာ၌ ရေးထားသောကြောင့်ဖြစ်၏။ ၂၀  တစ်ဖန် “ပညာရှိတို့၏ အကြံအစည်များသည် အချည်းနှီးဖြစ်ကြောင်းကို ယေဟောဝါဘုရား သိတော်မူသည်” ဟူ၍လည်း ရေးထား၏။ ၂၁  သို့ဖြစ်၍ မည်သူမျှ လူတို့ကြောင့် မဝါကြွားစေနှင့်။ အကြောင်းမူကား အရာခပ်သိမ်းကို သင်တို့ပိုင်၏။ ၂၂  ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ လောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာမည့်အရာဖြစ်စေ အရာခပ်သိမ်းကို သင်တို့ပိုင်၏။ ၂၃  သင်တို့ကို ခရစ်တော်ပိုင်၏။ ခရစ်တော်ကိုလည်း ဘုရားသခင်ပိုင်တော်မူ၏။

အောက်ခြေမှတ်ချက်များ