၁ ကောရိန္သု ၄:၁-၂၁
၄ ခရစ်တော်၏ အစေအပါးများကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ မြင့်မြတ်သော လျှို့ဝှက်ချက်များကို စောင့်သော ဘဏ္ဍာစိုးများကဲ့သို့လည်းကောင်း သူတစ်ပါးသည် ငါတို့ကို ယူမှတ်ပါစေ။
၂ ထိုမှတစ်ပါး ဘဏ္ဍာစိုးမှန်လျှင် သစ္စာရှိရမည်။
၃ သင်တို့ရှေ့၊ လူတို့ရှေ့တွင် ငါအစစ်ခံရမည့်အမှုသည် ငါ့အတွက်မူ အရေးမပါသော အမှုဖြစ်၏။ ငါသည် ကိုယ့်ကိုယ်ကိုယ်ပင် စစ်ဆေးခြင်းမပြု။
၄ အကြောင်းမူကား ကိုယ့်စိတ်သည် ကိုယ်ကိုအပြစ်မတင်။ သို့သော်လည်း ထိုအကြောင်းကြောင့် ငါသည် ဖြောင့်မတ်သည်မဟုတ်။ ငါ့ကို စစ်ဆေးသောသူကား ယေဟောဝါဘုရားပေတည်း။
၅ ထို့ကြောင့် မှောင်မိုက်ရှိ လျှို့ဝှက်ရာများကို အလင်းသို့ ယူဆောင်လာ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေမည့်သခင် ကြွလာတော်မူချိန်မတိုင်မီ အဘယ်အမှုကိုမျှ မစီရင်ကြနှင့်။ ထိုအချိန်တွင် လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကို ခံကြရလိမ့်မည်။
၆ ညီအစ်ကိုတို့၊ သင်တို့အကျိုးအတွက် ငါသည် ကိုယ်တိုင်နှင့် အာပေါလုကို ပုံပမာပြ၍ ဤအရာများကို ပြောခဲ့ပြီ။ သင်တို့သည် “ကျမ်းစာ၌ရေးထားသည်ထက် မလွန်ရ” ဟူသောမူကို ငါတို့ထံမှ သင်ယူစေရန်၊ တစ်ဦးကိုဆန့်ကျင်၍ တစ်ဦးကို မျက်နှာသာပေးခြင်းဖြင့် ထောင်လွှားခြင်း မရှိစေရန်ဖြစ်၏။
၇ မည်သူသည် သင့်ကိုခြားနားစေသနည်း။ မခံယူဘဲ အဘယ်အရာကို သင်ပိုင်သနည်း။ ခံယူသည်မှန်လျှင် မခံယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။
၈ ယခုတွင် သင်တို့သည် ပြည့်ဝနေကြပြီလော။ ကြွယ်ဝနေကြပြီလော။ ငါတို့မပါဘဲ ဘုရင်များအဖြစ် စိုးစံနေကြပြီလော။ ငါတို့သည် သင်တို့နှင့်အတူဘုရင်များအဖြစ် စိုးစံရသောအခွင့်ရှိမည်အကြောင်း သင်တို့ကို အမှန်စိုးစံစေလို၏။
၉ သေဒဏ်စီရင်ခံရသူများကဲ့သို့ တမန်တော်များဖြစ်သော ငါတို့ကို နောက်ဆုံး၌ ဘုရားသခင် ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား ငါတို့သည် လောကရှေ့၊ ကောင်းကင်တမန်တို့ရှေ့နှင့် လူတို့ရှေ့တွင် ပွဲဝင်သောသူများဖြစ်ကြ၏။
၁၀ ငါတို့သည် ခရစ်တော်အတွက် လူမိုက်များဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ သတိပညာရှိသူများဖြစ်ကြ၏။ ငါတို့သည် အားနည်း၍ သင်တို့မူကား အားကြီးသူများ ဖြစ်ကြ၏။ သင်တို့သည် အသရေရှိသူများဖြစ်၍ ငါတို့မူကား ရှုတ်ချခံရသူများ ဖြစ်ကြ၏။
၁၁ ယခုအချိန်တိုင်အောင် အစာရေစာငတ်ပြတ်ခြင်း၊ အဝတ်မဲ့ခြင်း၊ ရိုက်ပုတ်ခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း တို့ကို မပြတ်ခံရ၏။
၁၂ ကိုယ့်လက်နှင့် ပင်ပန်းစွာလုပ်ကိုင်ကြရ၏။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းကို ခံရသောအခါ သည်းခံကြ၏။
၁၃ အသရေရှုတ်ချခံရသောအခါ တောင်းပန်ကြ၏။ ငါတို့သည် ယခုတိုင်အောင် ဤလောက၏ အမှိုက်ကဲ့သို့လည်းကောင်း၊ အရာခပ်သိမ်း၏ အညစ်အကြေးကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
၁၄ သင်တို့အရှက်ရစေရန် ဤသို့ ငါရေးလိုက်ခြင်းမဟုတ်၊ ငါချစ်သော သားသမီးများကဲ့သို့ သင်တို့ကို သတိပေးဆုံးမခြင်းဖြစ်၏။
၁၅ သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသောဆရာ တစ်သောင်းရှိသော်လည်း အဖများစွာ မရှိပေ။ သတင်းကောင်းအားဖြင့် ငါသည် ခရစ်တော်ယေရှု၌ သင်တို့၏အဖ ဖြစ်လာခဲ့ပြီ။
၁၆ သို့ဖြစ်၍ ငါ့ကို တုပကြမည်အကြောင်း ငါတောင်းပန်၏။
၁၇ ထိုအကြောင်းကြောင့် သခင်၌ သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံ ငါစေလွှတ်လိုက်၏။ အရပ်ရပ်ရှိ အသင်းတော်တိုင်းတွင် ငါသွန်သင်ပေးသည့်အတိုင်း ခရစ်တော်ယေရှု၌ ငါ၏နည်းလမ်းများကို သူသည် သင်တို့အား သတိရစေလိမ့်မည်။
၁၈ သင်တို့ထံ ငါမလာဘိသကဲ့သို့ အချို့တို့သည် ထောင်လွှားလျက်ရှိကြ၏။
၁၉ သို့သော် ယေဟောဝါဘုရား အလိုတော်ရှိလျှင် ငါသည် သင်တို့ထံ မကြာမီလာ၍ ထောင်လွှားသောသူတို့၏စကားကို မဟုတ်ဘဲ သူတို့၏တန်ခိုးကိုသိရန် ငါလေ့လာမည်။
၂၀ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စကား၌မတည်။ တန်ခိုးတော်၌ တည်၏။
၂၁ သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်း။ ငါသည် သင်တို့ထံ ကြိမ်လုံးနှင့် လာရမည်လော။ သို့မဟုတ် မေတ္တာနှင့်လည်းကောင်း၊ နူးညံ့သိမ်မွေ့သောစိတ်နှင့်လည်းကောင်း လာရမည်လော။