၁ ကောရိန္သု ၆:၁-၂၀

 သင်တို့တွင် တစ်စုံတစ်ဦးသည် အချင်းချင်း အမှုကိစ္စရှိလျှင် သန့်ရှင်းသူတို့ထံ မသွားဘဲ တရားရုံးရှိ မဖြောင့်မတ်သောသူတို့၏ စီရင်ခြင်းကိုခံယူဝံ့သလော။ ၂  သန့်ရှင်းသူတို့သည် ဤလောကကို တရားစီရင်မည်ဖြစ်ကြောင်း သင်တို့ မသိကြသလော။ သင်တို့သည် ဤလောကကို စီရင်ရသည်မှန်လျှင် အရေးမပါသောအမှုများကို မစီရင်ထိုက်သလော။ ၃  ငါတို့သည် ကောင်းကင်တမန်များကို တရားစီရင်ရမည်ဖြစ်ကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ယခုဘဝဆိုင်ရာ အမှုများကို စီရင်နိုင်ကြရမည်။ ၄  သင်တို့သည် ယခုဘဝဆိုင်ရာအမှုများကို စီရင်စရာရှိလျှင် အသရေမရှိသောသူဟု အသင်းတော်က ယူမှတ်သောသူတို့ကို တရားသူကြီးအရာ၌ ထားကြသလော။ ၅  သင်တို့အရှက်ရစေရန် ထိုသို့ငါပြောဆို၏။ သင်တို့တွင် ညီအစ်ကိုချင်းတို့၏အမှုကို စီရင်နိုင်သောပညာရှိ တစ်ယောက်မျှ မရှိသလော။ ၆  တရားရုံးသို့သွား၍ မယုံကြည်သူတို့ရှေ့တွင် ညီအစ်ကိုချင်း တရားတွေ့ကြရသလော။ ၇  အချင်းချင်း တရားစွဲဆိုနေခြင်းသည် သင်တို့အတွက် လုံးဝ ရှုံးနိမ့်ခြင်း ဖြစ်၏။ သို့ဖြစ်၍ မတရားမှုကို အဘယ်ကြောင့် ကိုယ်တိုင် မခံကြသနည်း။ လိမ်လည်မှုကို အဘယ်ကြောင့် ကိုယ်တိုင် မခံကြသနည်း။ ၈  ထိုသို့မခံဘဲ သင်တို့သည် ညီအစ်ကိုများအပေါ် မတရားပြု၍ လိမ်လည်ကြလေပြီ။ ၉  အဘယ်သို့နည်း။ မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ လှည့်ဖြားခြင်းကို မခံကြနှင့်။ မတရားမေထုန်ပြုသူ၊ ရုပ်တုကိုးကွယ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိန်းမလျှာဖြစ်သူ၊ ယောက်ျားချင်းမေထုန်ပြုသူ၊ ၁၀  သူ့ဥစ္စာကိုခိုးသူ၊ လောဘကြီးသူ၊ သောက်ကြူးသူ၊ ဆဲရေးကဲ့ရဲ့သူ၊ လုယက်သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်။ ၁၁  သင်တို့ထဲမှ အချို့သည် ယခင်က ထိုသို့သောသူများ ဖြစ်ကြ၏။ သို့သော် ယခုတွင် သခင်ယေရှုခရစ်၏ နာမအားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ စွမ်းအားတော်အားဖြင့်လည်းကောင်း သင်တို့သည် ဆေးကြောသန့်စင်ခြင်းခံရ၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။ ၁၂  ငါသည် ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်သော်လည်း ခပ်သိမ်းသောအမှုတို့သည် အကျိုးရှိသည်မဟုတ်။ ငါသည် ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည် မှန်၏။ သို့သော် မည်သည့်အရာကမျှ ငါ့ကိုကျွန်ပြုနိုင်မည်မဟုတ်။ ၁၃  အစားအစာသည် ဝမ်းအတွက် ဖြစ်၏။ ဝမ်းသည်လည်း အစားအစာအတွက် ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုနှစ်မျိုးစလုံးကို အချည်းနှီးဖြစ်စေတော်မူမည်။ ခန္ဓာကိုယ်သည် မတရားမေထုန်ပြုရန်အတွက် မဟုတ်။ သခင်အတွက်ဖြစ်၏။ သခင်သည်လည်း ခန္ဓာကိုယ်အတွက် ဖြစ်တော်မူ၏။ ၁၄  ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင်ကို ထမြောက်စေတော်မူသည့်နည်းတူ ငါတို့ကိုလည်း သေခြင်းမှ ထမြောက်စေတော်မူလိမ့်မည်။ ၁၅  သင်တို့၏ ကိုယ်ခန္ဓာများသည် ခရစ်တော်၏ ကိုယ်အင်္ဂါများဖြစ်ကြောင်း သင်တို့ မသိကြသလော။ သို့ဖြစ်လျှင် ငါသည် ခရစ်တော်၏ ကိုယ်အင်္ဂါများကို ယူ၍ ပြည့်တန်ဆာ၏ အင်္ဂါများ ဖြစ်စေရမည်လော။ လုံးဝမဖြစ်စေရာ။ ၁၆  အဘယ်သို့နည်း။ ပြည့်တန်ဆာနှင့် ပေါင်းဖော်သောသူသည် ထိုပြည့်တန်ဆာနှင့် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြောင်းကို သင်တို့မသိကြသလော။ အကြောင်းမူကား “ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်” ဟု ဘုရားသခင် မိန့်တော်မူ၏။ ၁၇  သခင်၌ မှီဝဲသူမူကား ထိုသခင်နှင့် တစ်စိတ်တစ်သဘောတည်းဖြစ်၏။ ၁၈  မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြလော့။ လူပြုတတ်သော အခြားအပြစ်ရှိသမျှသည် ခန္ဓာကိုယ်ပြင်ပ၌ရှိ၏။ မတရားမေထုန်ပြုလေ့ ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏။ ၁၉  အဘယ်သို့နည်း။ သင်တို့ခန္ဓာကိုယ်သည် ဘုရားသခင်ထံမှ ရရှိထားသည့် သင်တို့အထဲ၌ ကိန်းဝပ်သော သန့်ရှင်းသောစွမ်းအားတော်၏ ဗိမာန်တော်ဖြစ်ကြောင်းကို မသိကြသလော။ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် မပိုင်ကြ။ ၂၀  အကြောင်းမူကား၊ သင်တို့ကို အဖိုးနှင့်ဝယ်ထားတော်မူပြီ။ သို့ဖြစ်၍ သင်တို့၏ကိုယ်ခန္ဓာ၌ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြလော့။

အောက်ခြေမှတ်ချက်များ