၁ ကောရိန္သု ၇:၁-၄၀

 သင်တို့ရေးလိုက်သော စာနှင့်ပတ်သက်၍ ဆိုရလျှင် ယောက်ျားသည် မိန်းမကို မထိမတွေ့သော် ကောင်း၏။ ၂  သို့သော် မတရားမေထုန်အမှု ပျံ့နှံ့နေခြင်းကြောင့် ယောက်ျားတိုင်း ဇနီးရှိစေ။ မိန်းမတိုင်းလည်း ခင်ပွန်းရှိစေ။ ၃  ခင်ပွန်းသည် ဆက်ဆံခြင်းဝတ်ကို မိမိဇနီးအား ပြုစေလော့။ ဇနီးသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိခင်ပွန်းအား ပြုစေလော့။ ၄  ဇနီးသည် မိမိခန္ဓာကိုယ်ကို မပိုင်၊ ခင်ပွန်းသာလျှင် ပိုင်၏။ ထိုနည်းတူ ခင်ပွန်းသည်လည်း မိမိခန္ဓာကိုယ်ကိုမပိုင်၊ ဇနီးသာလျှင် ပိုင်၏။ ၅  ဆုတောင်းခြင်းဝတ်ကို ပြုနိုင်ရန် အချိန်သတ်မှတ်ပြီး နှစ်ဦးသဘောတူ ရှောင်ကြဉ်သည်မှလွဲ၍ အချင်းချင်း ဆက်ဆံခြင်းဝတ်ကို ပြုကြလော့။ ထို့နောက် ပြန်လည်ပေါင်းသင်းကြလော့။ သို့မဟုတ်လျှင် ချုပ်တည်းခြင်း မရှိသဖြင့် သင်တို့သည် စာတန်၏သွေးဆောင်မှုကို ခံရလိမ့်မည်။ ၆  ဤသို့ဆိုရာတွင် ငါသည် အမိန့်ပေးခြင်းမဟုတ်။ အခွင့်ပေးခြင်းသာဖြစ်၏။ ၇  သို့သော် လူအပေါင်းတို့ကို ငါကဲ့သို့ပင် ဖြစ်စေလို၏။ မည်သို့ပင်ဖြစ်စေ လူအသီးသီးသည် ဘုရားသခင်ထံတော်မှ ဆုကျေးဇူးကိုယ်စီ ရကြ၏။ ၈  အိမ်ထောင်မရှိသောသူတို့နှင့် မုဆိုးမတို့သည် ငါကဲ့သို့ပင်နေလျှင် ကောင်းမည်ဟု ငါဆို၏။ ၉  သို့သော်လည်း ကိုယ်ကိုမချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြစေ။ ရာဂမီးတောက်လောင်နေခြင်းထက် အိမ်ထောင်ပြုခြင်းက သာ၍ကောင်း၏။ ၁၀  အိမ်ထောင်သည်တို့အား ငါမဟုတ်ဘဲ သခင်ညွှန်ကြားတော်မူသည်ကား ဇနီးသည် ခင်ပွန်းနှင့် မခွဲခွာသင့်။ ၁၁  ခွဲခွာလျှင်မူကား အိမ်ထောင်မပြုဘဲ နေစေ။ သို့မဟုတ်လျှင် မိမိခင်ပွန်းနှင့် ပြန်လည်ပေါင်းသင်းပါစေ။ ခင်ပွန်းသည်လည်း ဇနီးကို ပစ်မထားသင့်။ ၁၂  အခြားသောသူတို့ကို သခင်မိန့်ဆိုသည်မဟုတ်ဘဲ ဤသို့ငါဆို၏။ မည်သည့်ညီအစ်ကို၌မဆို မယုံကြည်သူဇနီးရှိ၍ ထိုဇနီးသည် မိမိနှင့် ပေါင်းသင်းနေထိုင်လိုလျှင် ပစ်မထားနှင့်။ ၁၃  အမျိုးသမီးတစ်ဦး၌လည်း မယုံကြည်သူခင်ပွန်းရှိ၍ ထိုခင်ပွန်းသည် မိမိနှင့် ပေါင်းသင်းနေထိုင်လိုလျှင် မိမိခင်ပွန်းကိုပစ် မထားနှင့်။ ၁၄  အကြောင်းမူကား မယုံကြည်သူခင်ပွန်းသည် မိမိ၏ဇနီးနှင့် ပတ်သက်၍ သန့်ရှင်း၏။ မယုံကြည်သူဇနီးသည်လည်း ထိုညီအစ်ကိုနှင့်ပတ်သက်၍ သန့်ရှင်း၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးသည် မစင်ကြယ်။ ယခုမူကား သန့်ရှင်းကြ၏။ ၁၅  သို့သော်လည်း မယုံကြည်သူသည် ခွဲခွာလိုလျှင် ခွဲခွာသွားပါစေ။ ထိုသို့သော အခြေအနေမျိုးတွင် ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ ချည်နှောင်ခြင်းမရှိ။ ဘုရားသခင်သည် သင်တို့ကို ငြိမ်သက်ခြင်း၌ ခေါ်တော်မူပြီ။ ၁၆  အကြောင်းမူကား အသင်ဇနီးဖြစ်သူ၊ သင်သည် ကိုယ့်ခင်ပွန်းကို ကယ်တင်နိုင်မည်ဟု မည်သို့သိသနည်း။ အသင်ခင်ပွန်းဖြစ်သူ၊ သင်သည် ကိုယ့်ဇနီးကို ကယ်တင်နိုင်မည်ဟု မည်သို့သိသနည်း။ ၁၇  ယေဟောဝါဘုရားသည် လူအသီးသီးတို့အား ဝေစုခွဲပေးသည့်အတိုင်း၊ သူတို့သည် ခေါ်တော်မူခြင်းနှင့် အညီပြုမူကျင့်ကြံနေကြပါစေ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ ငါစီရင်၏။ ၁၈  အရေဖျားလှီးခြင်းခံသောသူသည် ခေါ်တော်မူခြင်းခံရသလော။ ထိုအတိုင်း ရှိနေပါစေ။ အရေဖျားလှီးခြင်းမခံသောသူသည် ခေါ်တော်မူခြင်း ခံရသလော။ ထိုအတိုင်း ရှိနေပါစေ။ ၁၉  အရေဖျားလှီးခြင်းသည် အဓိကမဟုတ်။ မလှီးဘဲနေခြင်းသည်လည်း အဓိကမဟုတ်။ ဘုရားသခင်၏ ပညတ်တော်များကို စောင့်ရှောက်ခြင်းသည်သာ အဓိကကျ၏။ ၂၀  မည်သည့်အဖြစ်၌မဆို ခေါ်တော်မူခြင်း ခံရသူတိုင်းသည် ထိုအဖြစ်၌ ရှိနေပါစေ။ ၂၁  ကျွန်အဖြစ်၌ရှိစဉ် ခေါ်တော်မူခြင်း ခံရသလော။ မစိုးရိမ်လေနှင့်။ သို့သော်လည်း လွတ်ခြင်းသို့ ရောက်နိုင်မည်ဆိုလျှင် ထိုအခွင့်အရေးကို အမိအရယူလော့။ ၂၂  အကြောင်းမူကား ကျွန်အဖြစ်၌ရှိစဉ် သခင်၌ ခေါ်တော်မူခြင်း ခံရသူသည် သခင်၏လွတ်လပ်သူ ဖြစ်၏။ ထိုနည်းတူ လွတ်လပ်သူဖြစ်စဉ် ခေါ်တော်မူခြင်း ခံရသူသည် ခရစ်တော်၏ကျွန် ဖြစ်၏။ ၂၃  သင်တို့ကို အဖိုးနှင့်ဝယ်ထားတော်မူပြီ။ လူတို့ထံ၌ ကျွန်မခံကြနှင့်တော့။ ၂၄  ညီအစ်ကိုတို့၊ မည်သည့်အဖြစ်၌မဆို ခေါ်တော်မူခြင်း ခံရသူတိုင်းသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ထားသည့်အဖြစ်၌ ရှိနေပါစေ။ ၂၅  အပျိုလူပျိုတို့နှင့် ပတ်သက်၍ သခင်၏ပညတ်ချက် ငါ၌မရှိသော်လည်း ငါသည် သစ္စာရှိသူဖြစ်မည်အကြောင်း သခင်၏သနားခြင်းကျေးဇူးကို ခံရသောသူအဖြစ် ငါ၏ ထင်မြင်ချက်ကိုဖော်ပြမည်။ ၂၆  ယခုကြုံနေရသည့် အခြေအနေကြောင့် လူသည် ရှိရင်းစွဲအခြေအနေအတိုင်း နေထိုင်သွားလျှင် ကောင်းမည်ဟု ငါထင်၏။ ၂၇  သင်သည် ဇနီးနှင့် နှောင်ကြိုးဖွဲ့ထားသလော။ လွတ်ခြင်းအခွင့်ကို မရှာနှင့်တော့။ ဇနီးနှင့် နှောင်ဖွဲ့ခြင်း ကင်းသလော။ ဇနီးကို မရှာနှင့်တော့။ ၂၈  သို့သော် သင်သည် အိမ်ထောင်ပြုလျှင်ပင် အပြစ်မရှိ။ အပျိုလူပျိုသည်လည်း အိမ်ထောင်ပြုလျှင် အပြစ်မရှိ။ သို့ရာတွင် အိမ်ထောင်ပြုသူတို့သည် ကာယဆင်းရဲဒုက္ခကို ခံကြရလိမ့်မည်။ ငါသည် သင်တို့ကို ထိုသို့မခံစေလို။ ၂၉  ညီအစ်ကိုတို့၊ ငါဆိုသည်ကား အချိန်အနည်းငယ်သာ ကျန်တော့သည်။ ယခုမှစ၍ ဇနီးရှိသောသူသည် ဇနီးမရှိသကဲ့သို့ ဖြစ်ရမည်။ ၃၀  ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် မဝမ်းမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာကို ဝယ်သောသူသည် အပိုင်မရှိသကဲ့သို့ ဖြစ်ရမည်။ ၃၁  ဤလောကကို သုံးသောသူသည် အပြည့်အဝ မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား ဤလောက၏ ဇာတ်ကွက်သည် ပြောင်းလဲလျက်ရှိ၏။ ၃၂  ငါသည်သင်တို့ကို စိုးရိမ်ပူပန်ခြင်းနှင့် ကင်းလွတ်စေလို၏။ အိမ်ထောင်မပြုသူသည် သခင့်စိတ်တော်နှင့်တွေ့စေရန် သခင်၏အမှုတော်များအတွက် စိုးရိမ်ပူပန်တတ်၏။ ၃၃  အိမ်ထောင်သည်မူကား မိမိဇနီး၏စိတ်နှင့် တွေ့စေရန် လောကအမှုအရာများအတွက် စိုးရိမ်ပူပန်တတ်၏။ ၃၄  ထို့ပြင် သူသည် စိတ်နှစ်ခွဖြစ်နေ၏။ အိမ်ထောင်မရှိသောအမျိုးသမီးနှင့် အပျိုကညာသည်ကိုယ်စိတ်နှစ်ဖြာသန့်ရှင်းစေရန် သခင်၏အမှုအရာများအတွက် စိုးရိမ်ပူပန်တတ်၏။ အိမ်ထောင်သည်အမျိုးသမီးမူကား ခင်ပွန်း၏စိတ်နှင့်တွေ့စေရန် လောကအမှုအရာများအတွက် စိုးရိမ်ပူပန်တတ်၏။ ၃၅  သင်တို့အကျိုးအတွက် ဤသို့ငါဆိုရ၏။ သင်တို့ကို ချုပ်ချယ်လို၍မဟုတ်။ သင်တို့သည် တင့်တယ်စွာကျင့်၍ အာရုံပျံ့လွင့်ခြင်းမရှိဘဲ သခင်ကို မပြတ်ခစားခွင့်ရှိစေရန် ဖြစ်၏။ ၃၆  မည်သူမဆို အပျိုလူပျိုဘဝဖြင့် မနေနိုင်ဟု ထင်မှတ်လျှင်၊ အပွင့်လန်းဆုံးအချိန်လည်း လွန်ပြီဖြစ်လျှင် ထိုသူ၏ဆန္ဒအတိုင်း အိမ်ထောင်ပြုပါစေ။ ထိုသို့ပြုသော် အပြစ်မရှိ။ ထိမ်းမြားကြပါစေ။ ၃၇  သို့သော် တစ်စုံတစ်ဦးသည် ထိမ်းမြားရန်မလိုဟု စိတ်ဆုံးဖြတ်ထားလျှင်၊ စိတ်အလိုကို ချုပ်ထိန်းနိုင်၍ အပျိုလူပျိုဘဝဖြင့် နေသွားမည်ဟု စိတ်ဆုံးဖြတ်ထားပြီဆိုလျှင် ကောင်းစွာပြု၏။ ၃၈  အပျိုလူပျိုဘဝကိုစွန့်၍ အိမ်ထောင်ပြုသူသည်လည်း ကောင်းစွာပြု၏။ အိမ်ထောင်မပြုသောသူမူကား သာ၍ကောင်းစွာပြု၏။ ၃၉  ဇနီးသည် ခင်ပွန်းအသက်ရှင်နေသရွေ့ ကာလပတ်လုံး ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေဆုံးလျှင်မူကား မိမိအလိုရှိသောသူနှင့် ထိမ်းမြားခွင့်ရှိ၏။ သို့သော် သခင်၌ရှိသောသူကိုသာ ထိမ်းမြားရမည်။ ၄၀  ထိုအမျိုးသမီးသည် ထိမ်းမြားခွင့်ရှိလျက်နှင့် မထိမ်းမြားဘဲနေလျှင်မူကား သာ၍ပျော်ရွှင်သည်ဟု ငါထင်မြင်၏။ ငါ၌လည်း ဘုရားသခင့် စွမ်းအားတော်ရှိသည်ဟု အမှန်ပင် ငါယူမှတ်၏။

အောက်ခြေမှတ်ချက်များ