၁ ကောရိန္သု ၈:၁-၁၃
၈ ရုပ်တုကို ပူဇော်သော အစားအစာနှင့် ပတ်သက်၍ ငါတို့အားလုံးတွင် အသိပညာရှိကြောင်း ငါတို့သိကြ၏။ အသိပညာသည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။
၂ မည်သူမဆို တစ်စုံတစ်ရာကိုသိပြီဟု ထင်မှတ်လျှင် ထိုသူသည် သိသင့်သိအပ်သည့်အတိုင်း မသိသေး။
၃ မည်သူမဆို ဘုရားသခင်ကို ချစ်လျှင်မူကား ထိုသူကို ကိုယ်တော်သိတော်မူ၏။
၄ ရုပ်တုကို ပူဇော်သောအစားအစာ စားခြင်းနှင့် ပတ်သက်၍မူ ရုပ်တုသည် ဤလောက၌ အချည်းနှီးဖြစ်ကြောင်း၊ တစ်ဆူတည်းသော ဘုရားသခင်မှတစ်ပါး အခြားသော ဘုရားမရှိကြောင်းကိုလည်း ငါတို့သိကြ၏။
၅ ကောင်းကင်၌ဖြစ်စေ၊ မြေကြီး၌ဖြစ်စေ “ဘုရားများ၊” “သခင်များ” ဟူ၍သမုတ်ခံရသော “ဘုရား” အများရှိကြသော်လည်း၊
၆ ငါတို့၌ကား ခမည်းတော် ဘုရားသခင် တစ်ဆူတည်း ရှိတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော်ကြောင့် ဖြစ်တည်လာ၍ ငါတို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ယေရှုခရစ်တည်းဟူသော သခင်တစ်ပါးတည်းရှိတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့် ဖြစ်တည်လာ၍ငါတို့သည် ကိုယ်တော်အားဖြင့် အသက်ရှင်ကြ၏။
၇ မည်သို့ပင်ဖြစ်စေ လူတိုင်းတွင် ထိုအသိပညာ ရှိသည်မဟုတ်။ လူအချို့သည် ရုပ်တုနှင့်ဆိုင်သောထုံးစံများကို ယခုတိုင်အောင် စွဲလမ်းနေကြသေးသဖြင့် အစာကိုစားသည့်အခါ ရုပ်တုကိုပူဇော်ထားသည်ဟု ယူမှတ်လျက် စားကြ၍ သူတို့၏သြတ္တပ္ပစိတ်သည် အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်ရ၏။
၈ သို့သော် အစားအစာသည် ဘုရားသခင်၏ မျက်နှာသာရစေမည် မဟုတ်။ မစားလျှင် အကျိုးဆုတ်ယုတ်သည်မဟုတ်။ စားလျှင်လည်း အကျိုးဖြစ်ထွန်းသည်မဟုတ်။
၉ သို့သော် သင်တို့၌ရှိသော ဤအခွင့်သည် အားနည်းသောသူတို့အတွက် တိုက်မိ၍လဲစရာမဖြစ်စေရန် သတိပြုလျက်နေကြလော့။
၁၀ အကြောင်းမူကား အသိပညာရှိသော သင်သည် ရုပ်တုဗိမာန်အတွင်း စားပွဲ၌ လျောင်းနေသည်ကို ဩတ္တပ္ပစိတ် အားနည်းသူတစ်ဦးမြင်လျှင် ထိုသူသည် ရုပ်တုအား ပူဇော်သောအစာကို စားရဲလာမည် မဟုတ်လော။
၁၁ သို့ဖြစ်လျှင် ခရစ်တော်အသေခံပေးခဲ့သော အားနည်းသူဖြစ်သည့် သင့်ညီအစ်ကိုသည် သင်၏အသိပညာကြောင့် ပျက်စီးခြင်းသို့ ရောက်ရ၏။
၁၂ သင်တို့သည် ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၏အားနည်းသည့် ဩတ္တပ္ပစိတ်ကို ထိခိုက်သောအခါ ခရစ်တော်ကို ပြစ်မှားရာရောက်၏။
၁၃ ထို့ကြောင့် အစားအစာဖြင့် ငါ၏ညီအစ်ကိုကို တိုက်မိ၍လဲစရာဖြစ်စေလျှင် ငါ၏ညီအစ်ကိုကို တိုက်မိ၍လဲစရာမဖြစ်စေရန် ငါသည် မည်သည့်အခါမျှ အသားကို စားတော့မည်မဟုတ်။