၁ ပေတရု ၁:၁-၂၅
၁ ယေရှုခရစ်၏တမန်တော် ငါပေတရုသည် ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှနယ်*၊ ဗိသုနိပြည် အရပ်ရပ်သို့ ကွဲလွင့်နေသည့် ခေတ္တတည်းခိုသူများဖြစ်သော ရွေးကောက်တော်မူခြင်းခံရသူများထံ စာရေးလိုက်ပါ၏။
၂ သင်တို့ကို အဖဘုရားသခင်၏ ကြိုတင်သိမြင်မှုနှင့်အညီ ရွေးကောက်ထားတော်မူ၍ ဘုရားသခင့်စွမ်းအားတော်*ဖြင့် သန့်ရှင်းစေ၏။ အကြောင်းမှာ သင်တို့သည် နာခံမှုရှိစေရန်၊ ယေရှုခရစ်၏အသွေးတော်နှင့် ဖျန်းခြင်းခံရရန်ဖြစ်၏။
သင်တို့တွင် မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်း တိုးပွားပါစေ။
၃ ငါတို့သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။ ကိုယ်တော်သည် ကြီးစွာသော သနားကြင်နာမှုနှင့်အညီ ငါတို့အား တစ်ဖန် မွေးဖွားစေတော်မူ၍ ယေရှုခရစ်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ရှင်သန်သောမျှော်လင့်ချက်ကို ပေးတော်မူ၏။
၄ မပျက်စီးနိုင်သော၊ မညစ်ညူးသော၊ မညှိုးနွမ်းသော အမွေကိုလည်း ပေးတော်မူ၏။ ထိုအမွေတော်သည် သင်တို့အတွက် ကောင်းကင်၌ သိုထား၏။
၅ သင်တို့သည် ကယ်တင်ခြင်းရစေရန် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော်နှင့် စောင့်ရှောက်ခံရ၏။ ထိုကယ်တင်ခြင်းသည် နောက်ဆုံးကာလတွင် ထင်ရှားပြခံရလိမ့်မည်။
၆ သို့ဖြစ်၍ သင်တို့သည် စမ်းသပ်မှုအမျိုးမျိုးကြောင့် ယခုကာလ တစ်ခဏမျှ ဝမ်းနည်းရမည်မှန်သော်လည်း အလွန်ဝမ်းမြောက်လျက်ရှိကြ၏။
၇ မီးဖြင့် စစ်ဆေးပြီးဖြစ်သော်လည်း ပျက်စီးတတ်သော ရွှေထက် စမ်းသပ်ခံရသော သင်တို့၏ယုံကြည်ခြင်းသည် များစွာသာ၍ အဖိုးတန်၏။ သို့ဖြင့် ယေရှုခရစ်ပေါ်ထွန်းချိန်တွင် ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဂုဏ်အသရေဖြစ်စေမည်အကြောင်းကို တွေ့နိုင်မည်။
၈ သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုလည်း ကိုယ်တော်ကို မတွေ့မမြင်သည့်တိုင် ယုံကြည်ကြောင်းတင်ပြပြီး မပြောပြနိုင်လောက်အောင် အလွန့်အလွန် ဝမ်းမြောက်လျက်ရှိကြ၏။
၉ သင်တို့၏ ယုံကြည်ခြင်းကြောင့် သင်တို့*ကယ်တင်ခံရမည်ကို စိတ်ချ၍ဖြစ်၏။
၁၀ သင်တို့အတွက်ဖြစ်သော မဟာကရုဏာတော်အကြောင်းကို ကြိုဟောသည့် ပရောဖက်များသည် ထိုကယ်တင်ခြင်းအကြောင်းကို ကြိုးစားလျက် စိစစ်၍ စေ့စေ့ရှာဖွေခဲ့ကြ၏။
၁၁ ခရစ်တော်ခံရမည့် ဆင်းရဲဒုက္ခနှင့် ထို့နောက် ရရှိမည့်ဘုန်းအသရေအကြောင်းကို သူတို့ထဲတွင်ရှိသော စွမ်းအားတော်သည် ကြိုတင်သက်သေခံစဉ်က ခရစ်တော်နှင့်ပတ်သက်ရာများ ဖြစ်ပျက်မည့်အချိန်နှင့် အခြေအနေများကို သူတို့ လေ့လာရှာဖွေလျက်ရှိကြ၏။
၁၂ သူတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက် အမှုဆောင်နေကြောင်း ဖွင့်ပြခံရ၏။ ကောင်းကင်ဘုံမှ စေလွှတ်ခံရသော သန့်ရှင်းသောစွမ်းအားတော်ဖြင့် သင်တို့အား သတင်းကောင်း ဟောပြောသူများမှတစ်ဆင့် ယခု သင်တို့အား ကြေညာလျက် ရှိသောအရာများကို ဖော်ပြကြ၏။ ကောင်းကင်တမန်များသည် ထိုအရာများကို စေ့စေ့ကြည့်ရှုလိုစိတ် ရှိကြ၏။
၁၃ ထို့ကြောင့် အားသွန်ခွန်စိုက်လုပ်ဆောင်ရန် သင်တို့၏စိတ်ကို ပြင်ဆင်ထားကြလော့။* အပြည့်အဝ သတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းချိန်တွင် သင်တို့ခံစားရမည့် မဟာကရုဏာတော်ကို မျှော်လင့်နေကြလော့။
၁၄ သင်တို့သည် နာခံတတ်သော ကလေးများအနေနှင့် ယခင် မသိနားမလည်စဉ်က ရှိခဲ့သောအလိုဆန္ဒအတိုင်း မလိုက်ကြနှင့်တော့။
၁၅ သင်တို့ကို ခေါ်တော်မူသောအရှင်သည် သန့်ရှင်းတော်မူသည့်နည်းတူ သင်တို့သည်လည်း ပြုမူကျင့်ကြံလေသမျှ၌ သန့်ရှင်းကြလော့။
၁၆ အကြောင်းမူကား “ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းရမည်” ဟုကျမ်းစာ၌ ရေးထား၏။
၁၇ ထို့ပြင် လူတစ်ဦးစီ၏ အကျင့်နှင့်အလျောက် မျက်နှာမလိုက်ဘဲ တရားစီရင်တော်မူသောအဖကို သင်တို့ခေါ်သည်မှန်လျှင် ဧည့်သည်အဖြစ် နေထိုင်ချိန်အတွင်း ကြောက်ရွံ့သောသဘောဖြင့် ပြုမူကြလော့။
၁၈ မိရိုးဖလာထုံးတမ်းစဉ်လာအတိုင်း အချည်းနှီးသောပြုမူကျင့်ကြံပုံမှ သင်တို့ကို ရွှေငွေအစရှိသော ပျက်စီးတတ်သည့်အရာတို့ဖြင့် ရွေးနုတ်တော်မူခြင်းမဟုတ်ကြောင်း သင်တို့သိကြ၏။
၁၉ သို့အစား အပြစ်အနာအဆာ၊ အစွန်းအထင်းကင်းစင်သည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်ဖြင့် ရွေးနုတ်တော်မူခြင်းဖြစ်၏။
၂၀ ဘုရားသခင်သည် ကိုယ်တော်ကို ဤလောကမတည်မီ ရွေးကောက်တော်မူသော်လည်း သင်တို့အကျိုးအတွက် နောက်ဆုံးကာလတွင် ထင်ရှားစေတော်မူ၏။
၂၁ ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းတန်ခိုးပေးသနားတော်မူသောအရှင် ဘုရားသခင်ကို သင်တို့သည် ကိုယ်တော်အားဖြင့် ယုံကြည်သူများ ဖြစ်လာကြ၏။ သို့ဖြင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ခြင်းရှိလာကြမည်။
၂၂ ယခု သင်တို့သည် ဟန်ဆောင်မှုမရှိဘဲ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းနှင့်တကွ အမှန်တရားကို နာခံခြင်းဖြင့် သင်တို့ကိုယ်ကို* စင်ကြယ်စေပြီဖြစ်ရာ အချင်းချင်း စိတ်နှလုံးထဲမှ နက်ရှိုင်းစွာ ချစ်ကြလော့။
၂၃ အကြောင်းမူကား သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့်မဟုတ်ဘဲ အသက်ရှင်၍ ထာဝစဉ် တည်မြဲတော်မူသည့် ဘုရားသခင်၏ တရားစကားတော် တည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သည့် မျိုးစေ့အားဖြင့် တစ်ဖန် မွေးဖွားခံရ၏။
၂၄ “လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ ဖြစ်ကြ၏။ မြက်ပင်သည် ညှိုးနွမ်းလျက် အပွင့်လည်း ကြွေတတ်၏။
၂၅ ယေဟောဝါ*ဘုရား၏ တရားစကားတော်မူကား ထာဝစဉ်တည်မြဲ၏။” ထို “တရားစကားတော်” ကို သတင်းကောင်းအဖြစ် သင်တို့အား ဟောပြောလျက်ရှိ၏။