၁ ပေတရု ၂:၁-၂၅
၂ ထို့ကြောင့် ဆိုးသွမ်းခြင်းရှိသမျှ၊ လှည့်ဖြားခြင်းရှိသမျှကိုလည်းကောင်း၊ ဟန်ဆောင်ခြင်း၊ ငြူစူခြင်းနှင့် အပုပ်ချခြင်းအမျိုးမျိုးကိုလည်းကောင်း ဖယ်ရှားကြလော့။
၂ ဖွားစသူငယ်များကဲ့သို့ တရားစကားတော်နှင့်ဆိုင်သော နို့စစ်ကို တောင့်တကြလော့။ သင်တို့သည် ကယ်တင်ခြင်းရရှိရန် ထိုနို့စစ်အားဖြင့် ကြီးထွားလာနိုင်မည်။
၃ အကြောင်းမူကား သခင်သည် ကရုဏာရှိကြောင်း သင်တို့ မြည်းစမ်းခဲ့ကြပြီ။
၄ လူတို့ပယ်ထားသည်မှန်သော်လည်း ဘုရားသခင် ရွေးချယ်တော်မူ၍ ကိုယ်တော်အတွက် အဖိုးထိုက်သည့် အသက်ကျောက်တည်းဟူသော ထိုသခင်ထံသို့ သင်တို့ရောက်လာကြပြီး၊
၅ သန့်ရှင်းသောယဇ်ပုရောဟိတ်အဖွဲ့ ဖြစ်လာရန် အသက်ကျောက်များဖြစ်သော သင်တို့အားဖြင့် ဝိညာဏအိမ်တော်ကို တည်ဆောက်လျက်ရှိ၏။ ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်လက်ခံတော်မူသော ဝိညာဏယဇ်များကို ပူဇော်ရန်အတွက်ဖြစ်၏။
၆ “ရွေးချယ်ခံရသော၊ တိုက်ထောင့်အုတ်မြစ်ကျောက်ဖြစ်သော၊ အဖိုးထိုက်သောကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို ယုံကြည်သူမည်သည်ကား စိတ်ပျက်ခြင်း အလျှင်းမရှိရာ” ဟု ကျမ်းစာတွင် ရေးထား၏။
၇ သို့ဖြစ်၍ သင်တို့သည် ယုံကြည်သူများဖြစ်သောကြောင့် ကိုယ်တော်သည် သင်တို့အတွက် အဖိုးထိုက်၏။ မယုံကြည်သောသူတို့အတွက်မူကား “တိုက်ကို တည်ဆောက်သောသူတို့ ပယ်ထားသော ထိုကျောက်သည် တိုက်ထောင့်အထွတ်ကျောက် ဖြစ်လာ၏။”
၈ ထို့ပြင် “တိုက်မိ၍ လဲစရာကျောက်၊ ထိခိုက်စရာကျောက်ဆောင်” ဖြစ်လာ၏။ ထိုသူတို့သည် တရားစကားတော်ကို နားမထောင်သောကြောင့် တိုက်မိ၍လဲကြ၏။ ထိုသို့ဖြစ်စေရန် ခန့်ထားခြင်းခံရ၏။
၉ သင်တို့မူကား မှောင်မိုက်မှ အံ့ဖွယ်အလင်းသို့ ခေါ်တော်မူသောအရှင်၏ “မွန်မြတ်သော ဂုဏ်ရည်တော်များကို အနှံ့အပြား ဟောပြောရန် ရွေးချယ်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်ရာလူစု ဖြစ်ကြ၏။”
၁၀ သင်တို့သည် တစ်ချိန်က ထိုလူစုအဝင် မဟုတ်။ ယခုမူကား ဘုရားသခင်၏လူမျိုးဖြစ်ကြ၏။ သနားကြင်နာခြင်း မခံခဲ့ရသော်လည်း ယခုမူကား သနားကြင်နာတော်မူခြင်းခံရ၏။
၁၁ ချစ်ရသောသူတို့၊ တိုင်းတစ်ပါးဧည့်သည်များအနေဖြင့် သင်တို့*နှင့် ဆိုင်ပြိုင်တိုက်လှန်လျက်ရှိသော သွေးသားဆန္ဒများကို ကြဉ်ရှောင်ရန် ငါတိုက်တွန်းပါ၏။
၁၂ လောကရှိ လူများရှေ့တွင် ကောင်းမွန်စွာ ကျင့်ကြံလျက်နေကြလော့။ သူတို့သည် သင်တို့ကို လူဆိုးများဟု ဆန့်ကျင်ပြောဆိုသော်လည်း သင်တို့၏ကောင်းသောအကျင့်ကို မြင်သောကြောင့် ကြည့်ရှုစစ်ဆေးတော်မူသောနေ့တွင် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြမည်။
၁၃ သခင်ကိုထောက်၍ လူ့အာဏာပိုင်ရှိသမျှတို့ကို လက်အောက်ခံကြလော့။ မြင့်မြတ်သောရှင်ဘုရင်ကိုဖြစ်စေ၊
၁၄ လူဆိုးတို့ကို အပြစ်ဒဏ်ပေးပြီး လူကောင်းတို့ကို ချီးမြှောက်ရန် ထိုရှင်ဘုရင် စေလွှတ်သော ဘုရင်ခံများကိုဖြစ်စေ လက်အောက်ခံကြလော့။
၁၅ အကြောင်းမူကား သင်တို့သည် ကောင်းမှုပြုခြင်းဖြင့် လူမိုက်တို့၏အသိပညာမရှိ၍ ပြောသောစကားများကို တိတ်စေရန် ဘုရားသခင် အလိုတော်ရှိ၏။
၁၆ လွတ်လပ်သူများကဲ့သို့ ပြုမူနေထိုင်လော့။ သို့သော် သင်တို့၏ လွတ်လပ်မှုကို မကောင်းမှုဖုံးကွယ်ရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ကျွန်များ ကိုင်စွဲသကဲ့သို့ ကိုင်စွဲထားလော့။
၁၇ လူအမျိုးမျိုးတို့ကို ရိုသေ၍ ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့၍ ရှင်ဘုရင်ကို ရိုသေကြလော့။
၁၈ အစေခံတို့သည် မိမိတို့သခင်များကို ကြောက်ရွံ့ခြင်းနှင့်တကွ လက်အောက်ခံကြစေ။ သဘောကောင်း၍ အကျိုးသင့်အကြောင်းသင့်သဘော ရှိသော သခင်ကိုသာမက အလိုမကျနိုင်သော သခင်ကိုပါ လက်အောက်ခံကြစေ။
၁၉ တစ်စုံတစ်ဦးသည် ဘုရားသခင်ရှေ့ ဩတ္တပ္ပစိတ်ကြောင့် ဝမ်းနည်းဖွယ်ရာများနှင့် မတရားမှုများကို ခံရပ်လျှင် နှစ်သက်တော်မူဖွယ်ဖြစ်၏။
၂၀ သင်တို့သည် အပြစ်ပြု၍ ရိုက်နှက်ခံရခြင်းကို ခံရပ်လျှင် အဘယ်ချီးမွမ်းဖွယ်ရာဖြစ်သနည်း။ သို့သော် ကောင်းမှုပြု၍ ဆင်းရဲဒုက္ခခံရခြင်းကို ခံရပ်လျှင် ထိုအမှုသည် ဘုရားသခင် နှစ်သက်တော်မူဖွယ်ရာဖြစ်၏။
၂၁ အမှန်စင်စစ် ထိုသို့ခံရရန် သင်တို့ကို ခေါ်တော်မူပြီ။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ ခြေရာတော်ကို ထက်ကြပ်မကွာ လိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏။
၂၂ ကိုယ်တော်သည် အပြစ်ကိုမပြု။ နှုတ်တော်၌လည်း လှည့်စားခြင်းကိုမတွေ့။
၂၃ ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်၍ ကဲ့ရဲ့ရှုတ်ချခြင်းမပြု။ ဆင်းရဲဒုက္ခခံရသောအခါ ခြိမ်းခြောက်ခြင်းမပြုဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောအရှင်ထံ မိမိကိုယ်ကို အပ်တော်မူ၏။
၂၄ ငါတို့သည် အပြစ်နှင့် မသက်ဆိုင်တော့ဘဲ ဖြောင့်မတ်ခြင်းအတိုင်း အသက်ရှင်ရန် သစ်တိုင်ပေါ်တွင် ခန္ဓာတော်၌ ငါတို့အပြစ်များကို ခံတော်မူ၏။ ထို့ပြင် “ကိုယ်တော်၏ ဒဏ်ချက်များအားဖြင့် သင်တို့ ကျန်းမာလာခဲ့ကြ၏။”
၂၅ သင်တို့သည် လမ်းလွဲသော သိုးများကဲ့သို့ ဖြစ်ကြ၏။ ယခုမူကား သင်တို့*ကို ကြည့်ရှုစောင့်ရှောက်သော သိုးထိန်း*ထံသို့ ပြန်လာကြ၏။