၁ ပေတရု ၅:၁-၁၄
၅ ထို့ကြောင့် သင်တို့တွင်ရှိသော အသက်ကြီးသူများ*ကို ဤသို့ ငါတိုက်တွန်းနှိုးဆော်၏။ အကြောင်းမူကား ငါသည်လည်း သူတို့ကဲ့သို့ အသက်ကြီးသူတစ်ဦးဖြစ်၏။ ခရစ်တော်၏ဆင်းရဲဒုက္ခကို တွေ့ မြင်သူဖြစ်၏။ ထင်ရှားမည့်ဘုန်းတော်ကိုပင် မျှဝေခံစားရသူလည်းဖြစ်၏။
၂ သင်တို့စောင့်ရှောက်နေသော ဘုရားသခင့်သိုးတော်စုကို အတင်းအကျပ် စေခိုင်းခံရ၍မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ထိန်းကျောင်းကြလော့။ မသမာသောနည်းဖြင့် အမြတ်ထုတ်လို၍မဟုတ်ဘဲ စေတနာစိတ်နှင့် ပြုကြလော့။
၃ ဘုရားသခင်၏ပိုင်ဆိုင်ရာကို အစိုးတရမပြုဘဲ သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့။
၄ ဤသို့ဖြင့် သိုးထိန်းချုပ် ထင်ရှားသောအခါ သင်တို့သည် မညှိုးနွမ်းတတ်သော ဘုန်းသရဖူကို ရကြလိမ့်မည်။
၅ ထိုနည်းတူ၊ လူငယ်တို့ အသက်ကြီးသောသူတို့ကို လက်အောက်ခံကြလော့။ သင်တို့ရှိသမျှသည် အချင်းချင်း ဆက်ဆံရာတွင် စိတ်နှိမ့်ချခြင်းကို ဝတ်ဆင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် မောက်မာသောသူတို့ကို ဆန့်ကျင်၍ စိတ်နှိမ့်ချသောသူတို့ကို မဟာကရုဏာတော် ပေးသနားတော်မူ၏။
၆ ထို့ကြောင့် ဘုရားသခင်သည် အချိန်တန်လျှင် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း တန်ခိုးကြီးသော လက်တော်အောက်တွင် မိမိကိုယ်ကို နှိမ့်ချကြလော့။
၇ ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။
၈ သင်တို့သည် သတိရှိလျက် နိုးကြားနေကြလော့။ သင်တို့၏ရန်သူ မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏။
၉ ဤလောကတွင်ရှိသော သင်တို့၏ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးသည်လည်း ထပ်တူဆင်းရဲဒုက္ခကို ခံစားနေရကြောင်း သိမှတ်၍ မာရ်နတ်ကို ဆန့်ကျင်ကြလော့။ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံကြလော့။
၁၀ သင်တို့သည် ဆင်းရဲဒုက္ခကို တစ်ခဏခံရပြီးနောက် ခရစ်တော်အားဖြင့် ထာဝရဘုန်းတော်သို့ သင်တို့ကို ခေါ်တော်မူသော မဟာကရုဏာတော်ရှင် ဘုရားသခင်ကိုယ်တော်တိုင် သင်တို့၏လေ့ကျင့်မှုကို အဆုံးသတ်စေတော်မူလိမ့်မည်။ ကိုယ်တော်သည် သင်တို့ကို ခိုင်ခံ့မြဲမြံစေ၍ ခွန်အားရှိစေတော်မူလိမ့်မည်။
၁၁ ကိုယ်တော်၏တန်ခိုးတော်သည် ထာဝစဉ်တည်ပါစေ။ အာမင်။
၁၂ ငါသည် အားပေးတိုက်တွန်းရန်၊ ဘုရားသခင်၏မဟာကရုဏာတော် အစစ်အမှန်ဖြစ်ကြောင်း အလေးအနက် သက်သေခံရန် အကျဉ်းချုပ်ရေးထားသော ဤစာကို သစ္စာရှိသောညီအစ်ကိုဟု ငါယူမှတ်သည့် သိလွှာနုမှတစ်ဆင့် သင်တို့ထံ ပေးပို့လိုက်၏။ ထိုမဟာကရုဏာတော်၌ ခိုင်ခံ့မြဲမြံခြင်းရှိကြလော့။
၁၃ သင်တို့နည်းတူ ရွေးချယ်ခံရသူ ဗာဗုလုန်မြို့တွင်ရှိသော အမျိုးသမီး*နှင့် ငါ၏သား မာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
၁၄ မေတ္တာဖြင့်နမ်း၍ အချင်းချင်း နှုတ်ဆက်ကြလော့။
ခရစ်တော်၏တပည့်များဖြစ်သော သင်တို့အားလုံးအပေါ် ငြိမ်သက်ခြင်းရှိပါစေ။