၁ ယောဟန် ၁:၁-၁၀
၁ အသက်ရစေသော တရားစကားတော်ကို ယူဆောင်လာသူအကြောင်း ငါတို့စာရေးလိုက်ပါ၏။ အစကတည်းက တည်ရှိခဲ့သော ထိုအသက်တော်အကြောင်းကို ငါတို့ကြားခဲ့ရ၏။ ငါတို့မျက်စိနှင့် မြင်ခဲ့ရ၏။ စေ့စေ့ကြည့်ရှုခဲ့ရ၏။ ငါတို့လက်နှင့် စမ်းခဲ့ရ၏။
၂ (ထိုအသက်တော်သည် ထင်ရှားခဲ့ပြီ။ ခမည်းတော်နှင့်အတူ ရှိခဲ့သော၊ ငါတို့အား ထင်ရှားပြခဲ့သော ထာဝရအသက်တော်ကို ငါတို့ တွေ့မြင်ခဲ့ကြောင်း သင်တို့ကို သက်သေခံ၍ ပြောပြကြ၏။)
၃ ငါတို့သည် ခမည်းတော်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ထားသည်ဖြစ်၍ သင်တို့လည်း ငါတို့နှင့် မိတ်သဟာယဖွဲ့နိုင်ရန် ငါတို့မြင်ခဲ့ ကြားခဲ့ရာများကို သင်တို့အား ပြောပြခြင်းဖြစ်၏။
၄ ထို့ကြောင့် ငါတို့၏ဝမ်းမြောက်ခြင်း ပြည့်စုံစေရန် ဤအကြောင်းအရာများကို စာရေးလိုက်ခြင်းဖြစ်၏။
၅ ကိုယ်တော်ထံမှကြားသိခဲ့ရ၍ သင်တို့ အား ကြေညာသော သတင်းတရားဟူမူကား ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ကိုယ်တော်ထံ၌ မှောင်မိုက်လုံးဝမရှိ။
၆ “ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့သည်” ဟုဆိုလျက် မှောင်မိုက်၌ လျှောက်လှမ်းနေလျှင် ငါတို့သည် လိမ်လည်သူများဖြစ်ကြ၏။ အမှန်တရားကို မကျင့်ကြ။
၇ သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ရှိတော်မူသည်နည်းတူ ငါတို့လည်း အလင်း၌ လျှောက်လှမ်းလျှင် အချင်းချင်း မိတ်သဟာယဖွဲ့ရာရောက်၏။ ကိုယ်တော့်သားတော် ယေရှု၏အသွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှမှ သန့်စင်စေပြီ။
၈ “ငါတို့၌ အပြစ်မရှိ” ဟုဆိုလျှင် မိမိကိုယ်ကို လှည့်စားရာရောက်၏။ ငါတို့တွင် အမှန်တရားမရှိ။
၉ ဘုရားသခင်သည် သစ္စာရှိ၍ ဖြောင့်မတ်တော်မူသောကြောင့် ငါတို့သည် အပြစ်များကို ဝန်ခံလျှင် ကိုယ်တော် ခွင့်လွှတ်ပြီး မတရားမှုရှိသမျှတို့မှ ငါတို့ကို သန့်စင်စေတော်မူမည်။
၁၀ “ငါတို့၌ အပြစ်မရှိ” ဟုဆိုလျှင် ကိုယ်တော်သည် မုသာသုံးသည်ဟု ဆိုရာရောက်၏။ ကိုယ်တော်၏တရားစကားတော်သည် ငါတို့၌မရှိ။