၁ သက်သာလောနိတ် ၁:၁-၁၀
၁ ပေါလု၊ သိလွာနု*နှင့် တိမောသေတို့သည် အဖဘုရားသခင်နှင့်လည်းကောင်း၊ သခင်ယေရှုခရစ်နှင့်လည်းကောင်း တစည်းတလုံးတည်းရှိသော သက်သာလောနိတ် အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။
မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေ။
၂ ငါတို့သည် သင်တို့အားလုံးနှင့်ပတ်သက်၍ ဆုတောင်းသည့်အခါတိုင်း ဘုရားသခင်အား အစဉ်ကျေးဇူးတင်ပါ၏။
၃ အကြောင်းမူကား ငါတို့၏အဖ ဘုရားသခင့်ရှေ့တော်၌ သင်တို့၏ယုံကြည်ခြင်းလုပ်ရပ်၊ မေတ္တာပါသော ကြိုးစားအားထုတ်မှုနှင့် ငါတို့သခင် ယေရှုခရစ်ကို မျှော်လင့်သောစိတ်ကြောင့် ခံနိုင်ရည်ရှိခြင်းတို့ကို ငါတို့သည် အစဉ်သတိရလျက်ရှိပါ၏။
၄ ဘုရားသခင် ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ကို ဘုရားသခင် ရွေးကောက်တော်မူကြောင်းကို ငါတို့သိကြ၏။
၅ အကြောင်းမူကား သင်တို့အား ငါတို့ဟောပြောသော သတင်းကောင်းကို စကားနှင့်သာမဟုတ်၊ တန်ခိုးတော်နှင့်လည်းကောင်း၊ သန့်ရှင်းသောစွမ်းအားတော်*နှင့်လည်းကောင်း၊ ခိုင်မာသော ယုံကြည်စိတ်ချမှုနှင့်လည်းကောင်း ဟောပြောခဲ့ကြ၏။ ငါတို့သည် သင်တို့အကျိုးအတွက် မည်သို့ပြုမူကျင့်ကြံခဲ့သည်ကို သင်တို့သိကြ၏။
၆ များစွာသောဆင်းရဲဒုက္ခကြားမှ သင်တို့သည် ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်မှရရှိသော ရွှင်လန်းမှုဖြင့် တရားစကားတော်ကို လက်ခံသောကြောင့် သင်တို့သည် ငါတို့နှင့် သခင်ကို တုပသူများဖြစ်လာကြ၏။
၇ သို့ဖြင့် သင်တို့သည် မက်ဆီဒိုးနီးယားပြည်နှင့် အခါယပြည်၌ရှိသော ယုံကြည်သူအပေါင်းတို့အတွက် စံနမူနာဖြစ်ကြ၏။
၈ သင်တို့ထံမှ ယေဟောဝါ*ဘုရား၏ တရားစကားတော်သည် မက်ဆီဒိုးနီးယားပြည်၊ အခါယပြည်တို့တွင် နှံ့ပြားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်သတင်းသည် အရပ်ရပ်သို့ ပျံ့နှံ့လေ၏။ သို့ဖြစ်၍ ငါတို့သည် တစ်စုံတစ်ခုကိုမျှ ပြောစရာမလိုတော့ချေ။
၉ အကြောင်းမူကား ငါတို့သည် အစက သင်တို့အထဲသို့ မည်သို့ဝင်လာခဲ့ကြောင်း၊ သင်တို့သည် အသက်ရှင်၍ စစ်မှန်သော ဘုရားသခင်ကို အစေခံရန် ရုပ်တုကိုးကွယ်ခြင်းမှ ဘုရားသခင်ထံ မည်သို့လှည့်လာခဲ့ကြောင်းတို့ကို သူတို့ကိုယ်တိုင် ပြောပြကြ၏။
၁၀ ကောင်းကင်မှ ကြွလာတော်မူမည့် သားတော်ကို သင်တို့စောင့်မျှော်ရန် ဘုရားသခင့်ထံ လှည့်လာကြောင်းကိုလည်း ပြောပြကြ၏။ ထိုသားတော်ကား သေခြင်းမှ ဘုရားသခင် ထမြောက်စေတော်မူ၍ ကျရောက်မည့် အမျက်တော်မှ ငါတို့ကို ကယ်နုတ်တော်မူသော ယေရှုပေတည်း။
အောက်ခြေမှတ်ချက်များ
^ သို့မဟုတ်၊ “သိလ။”
^ ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။
^ ဤဘာသာပြန်ကျမ်းတွင် ‘ယေဟောဝါ’ ဟူသည့် ဘုရားသခင်၏နာမတော် ၂၃၇ ကြိမ်ပါရှိသည့်အနက်မှ တစ်ကြိမ်အပါအဝင်ဖြစ်သည်။ နောက်ဆက်တွဲ ၂ ရှု။