၁ သက်သာလောနိတ် ၂:၁-၂၀
၂ ညီအစ်ကိုတို့၊ သင်တို့ထံ ငါတို့လာရောက်ခြင်းသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သိကြ၏။
၂ သင်တို့သိသည့်အတိုင်း ငါတို့သည် ဖိလိပ္ပိမြို့တွင် ဦးစွာ ဆင်းရဲခံရကာ မထီမဲ့မြင် ဆက်ဆံခံရပြီးနောက် ငါတို့၏ဘုရားသခင်အားဖြင့် သတ္တိမွေးလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်တို့အား အလွန်ကြိုးစားအားထုတ်၍ ဟောပြောခဲ့ကြ၏။
၃ အကြောင်းမူကား ငါတို့၏တိုက်တွန်းနှိုးဆော်ချက်သည် မှားယွင်းခြင်း၊ ညစ်ညမ်းခြင်းတို့မှ ဖြစ်ပေါ်လာသည်မဟုတ်။ လှည့်စားခြင်းလည်း မဟုတ်။
၄ ငါတို့ကို ဘုရားသခင် စစ်ဆေး၍ သတင်းကောင်း လွှဲအပ်ခံထိုက်သူများအဖြစ် ယူမှတ်တော်မူသည့်အတိုင်း ငါတို့သည် လူတို့နှစ်သက်ရာကို မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ဆေးသော ဘုရားသခင် နှစ်သက်တော်မူရာကို ဟောပြောကြ၏။
၅ အမှန်ဆိုရသော်၊ သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်သောစကားကိုပြောခြင်း၊ တပ်မက်စိတ်ရှိလျက်နှင့် မရှိဟန်ဆောင်ခြင်းတို့ကို မည်သည့်အခါမျှ မပြုကြောင်း ဘုရားသခင်သည် သက်သေဖြစ်တော်မူ၏။
၆ ငါတို့သည် ခရစ်တော်၏ တမန်တော်များအနေနှင့် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သော်လည်း သင်တို့ထံမှလည်းကောင်း၊ အခြားသူများထံမှလည်းကောင်း မည်သူ့ထံကမျှ ဘုန်းအသရေကို ငါတို့မရှာယူခဲ့ကြ။
၇ ထိုသို့ဖြစ်မည့်အစား နို့တိုက်မိခင်သည် သားသမီးများကို ပြုစုယုယသကဲ့သို့ ငါတို့သည် သင်တို့ကို သိမ်မွေ့ညင်သာစွာ ပြုစုကြ၏။
၈ ငါတို့သည် သင်တို့ကို အလွန်ချစ်ခင်စုံမက်သောကြောင့် ဘုရားသခင်၏ သတင်းကောင်းကိုသာမက ကိုယ့်အသက်*ကိုပင် ပေးလိုသောစိတ်ရှိ၏။ သင်တို့သည် ငါတို့ချစ်ခင်မြတ်နိုးရသူများ ဖြစ်လာသောကြောင့်ဖြစ်၏။
၉ ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပင်ပန်းပန်း လုပ်ကိုင်ဆောင်ရွက်ကြောင်းကို သင်တို့မှတ်မိကြ၏။ မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ငါတို့သည် နေ့ညမပြတ် အလုပ်လုပ်လျက် ဘုရားသခင်၏ သတင်းကောင်းကို သင်တို့အား ဟောပြောကြ၏။
၁၀ ငါတို့သည် ယုံကြည်သူ သင်တို့အပေါ် မည်မျှသစ္စာစောင့်သိ၍ ဖြောင့်မတ်စွာ၊ အပြစ်ကင်းစွာ ပြုမူခဲ့ကြောင်းကို သင်တို့သာမက ဘုရားသခင်သည်လည်း သက်သေဖြစ်၏။
၁၁ သင်တို့ ကောင်းစွာ သိရှိသည့်အတိုင်း ဖခင်သည် သားသမီးများအပေါ် ပြုမူသကဲ့သို့ ငါတို့သည် သင်တို့တစ်ဦးစီကို နှစ်သိမ့်အားပေး၍ လေးလေးနက်နက် တိုက်တွန်းနှိုးဆော်ခဲ့ကြ၏။
၁၂ ဤသို့ဖြင့် မိမိ၏နိုင်ငံတော်နှင့် ဘုန်းတော်သို့ သင်တို့ကို ခေါ်တော်မူသော ဘုရားသခင့်ရှေ့တော်တွင် သင်တို့ ထိုက်တန်စွာ လျှောက်လှမ်းနိုင်ကြမည်။
၁၃ သင်တို့သည် ငါတို့ထံမှ ကြားသိရသော ဘုရားသခင်၏ တရားစကားတော်ကို ခံယူကြသောအခါ လူ၏စကားကဲ့သို့ မခံယူဘဲ၊ ဘုရားသခင်၏ တရားစကားတော်ဖြစ်သည်ဟု အဖြစ်မှန်အတိုင်း ခံယူကြ၏။ ထိုတရားစကားတော်သည် ယုံကြည်သူ သင်တို့၏အထဲတွင် အကျိုးသက်ရောက်သောကြောင့် ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။
၁၄ ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိသော ယုဒပြည်ရှိ အသင်းတော်များကို တုပသူများ ဖြစ်လာကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဂျူးလူမျိုး၏လက်တွင် ဆင်းရဲဒုက္ခ ခံရသကဲ့သို့ သင်တို့သည်လည်း မိမိအမျိုးသားချင်းတို့၏လက်တွင် ဆင်းရဲဒုက္ခ ခံကြရ၏။
၁၅ ဂျူးလူမျိုးသည် ပရောဖက်တို့ကို သတ်ကြ၏။ သခင်ယေရှုကိုပင် သတ်၍ ငါတို့ကိုလည်း ညှဉ်းဆဲကြ၏။ ထိုလူမျိုးသည် ဘုရားသခင် နှစ်သက်တော်မူရာကို မပြုသည့်အပြင် လူအပေါင်းတို့ကိုလည်း ဆန့်ကျင်ကြ၏။
၁၆ ထိုသူတို့သည် လူမျိုးခြားတို့ ကယ်တင်ခြင်းရမည်အကြောင်း ငါတို့ဟောပြောသည်ကို တားဆီးကြခြင်းဖြင့် မိမိတို့၏အပြစ်ပမာဏကို ပြည့်စေရန် အစဉ်သဖြင့် ဖြည့်ကြ၏။ အဆုံး၌ သူတို့အပေါ် အမျက်တော် သက်ရောက်လေ၏။
၁၇ ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့်မဟုတ်၊ ကိုယ်အားဖြင့် သင်တို့နှင့် ခေတ္တခဏ ခွဲခွာနေရသော်လည်း သင်တို့၏မျက်နှာကို မြင်လိုစိတ်ပြင်းပြလှသဖြင့် သာ၍ကြိုးစားအားထုတ်ကြ၏။
၁၈ ထို့ကြောင့် သင်တို့ထံ လာရန် နှစ်ကြိမ်တိုင်အောင် ငါတို့အလိုရှိသော်လည်း ငါတို့၏လမ်းကြောင်းကို စာတန်ပိတ်ဆို့ခဲ့၏။
၁၉ အကြောင်းမူကား ငါတို့သခင် ယေရှု ရောက်ရှိချိန်တွင် ရှေ့တော်မှောက်၌ ငါတို့၏မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဝါကြွားခြင်း၏သရဖူတို့ကား အဘယ်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်ပါလော။
၂၀ သင်တို့သည် ငါတို့ဂုဏ်ယူစရာ၊ ငါတို့ဝမ်းမြောက်စရာအကြောင်း အမှန် ဖြစ်ကြ၏။
အောက်ခြေမှတ်ချက်များ
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။