၁ သက်သာလောနိတ် ၃:၁-၁၃
၃ ထို့ကြောင့် ငါတို့သည် ဆက်၍ သည်းမခံနိုင်တော့သည့်အခါ အေသင်မြို့၌ တစ်ဦးတည်း နေရစ်ခဲ့လျှင် ကောင်းမည်ဟု ဆုံးဖြတ်ကြ၏။
၂ ခရစ်တော် အကြောင်း သတင်းကောင်းကို ဟောပြောသော ဘုရားသခင်၏အမှုတော်ဆောင်ဖြစ်သူ ငါတို့၏ညီအစ်ကို တိမောသေကို စေလွှတ်လိုက်ပါ၏။ သို့ဖြင့် သူသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေ၍ သင်တို့ကို နှစ်သိမ့်ပေးခြင်းဖြင့်၊
၃ ဤဆင်းရဲဒုက္ခများကြောင့် မည်သူမျှ ယိမ်းယိုင်မသွားစေရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် ထိုအရာများကို မလွဲမသွေကြုံတွေ့ရမည်အကြောင်း သင်တို့ကိုယ်တိုင် သိကြ၏။
၄ ငါတို့သည် မလွဲမသွေ ဆင်းရဲဒုက္ခခံရမည်ဟု သင်တို့နှင့်အတူ ငါတို့ရှိစဉ်က ပြောထားနှင့်ပြီဖြစ်၏။ ထိုအတိုင်းလည်း ဖြစ်ပျက်လာသည်ကို သင်တို့သိကြ၏။
၅ ထို့ကြောင့် ငါသည် ဆက်၍ သည်းမခံနိုင်တော့သည့်အခါ သင်တို့၏သစ္စာရှိမှုကို သိနိုင်ရန် သူ့ကို စေလွှတ်လိုက်ပါ၏။ အကြောင်းမှာ ဖြားယောင်းသွေးဆောင်သူသည် သင်တို့ကို တစ်နည်းနည်းဖြင့် သွေးဆောင်၍ ငါတို့ အပင်ပန်းခံ လုပ်ဆောင်ထားသမျှသည် အချည်းနှီးဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
၆ ယခုမူကား တိမောသေသည် သင်တို့ထံမှ ပြန်လာ၍ သင်တို့၏သစ္စာရှိမှုနှင့် ချစ်ခြင်းမေတ္တာဆိုင်ရာ သတင်းကောင်းကိုလည်းကောင်း၊ ငါတို့သည် သင်တို့ကို သတိရ၍ တွေ့မြင်လိုသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို သတိရ၍ တွေ့ မြင်လိုလျက် ရှိကြောင်းကိုလည်းကောင်း ပြောကြား၏။
၇ ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ဆင်းရဲနွမ်းပါး၍ ဒုက္ခမျိုးစုံကို ခံနေကြရသော်လည်း သင်တို့သစ္စာရှိကြောင်း ကြားသိရသဖြင့် စိတ်သက်သာရာရပါ၏။
၈ အကြောင်းမူကား သင်တို့သည် သခင်၌ အခိုင်အမာရပ်တည်လျှင် ယခု ငါတို့သည် ရှင်သန်လန်းဆန်းကြ၏။
၉ သင်တို့အတွက်လည်းကောင်း၊ ဘုရားသခင့်ရှေ့တော်၌ သင်တို့ကြောင့် ငါတို့ခံစားရသော ဝမ်းမြောက်ခြင်း ရှိသမျှအတွက်လည်းကောင်း ဘုရားသခင်ကို မည်သို့ကျေးဇူးတုံ့ပြန်ရမည်နည်း။
၁၀ ငါတို့သည် သင်တို့၏ မျက်နှာကိုမြင်၍ သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်နေသည့်အရာများကို ဖြည့်ဆည်းပေးနိုင်မည်အကြောင်း နေ့ညမပြတ် စိတ်အားထက်သန်စွာ တိုးလျှိုးအသနားခံ ဆုတောင်းကြ၏။
၁၁ ငါတို့၏အဖ ဘုရားသခင်နှင့် ငါတို့၏သခင်ယေရှုတို့သည် သင်တို့ထံသို့ ငါတို့ ချောချောမောမော ရောက်ရှိရန် လမ်းညွှန်ပေးတော်မူပါစေ။
၁၂ ထို့ပြင် ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကိုလည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ချစ်သည့်မေတ္တာ တိုးပွားများပြားစေရန် သခင်ကူညီပေးတော်မူပါစေ။
၁၃ ဤသို့ဖြင့် ငါတို့သခင် ယေရှုသည် မိမိ၏သန့်ရှင်းသူအပေါင်းနှင့်တကွ ရောက်ရှိတော်မူသောအခါ သင်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေ၍ ငါတို့အဖ ဘုရားသခင့်ရှေ့တော်၌ အပြစ်တင်ဖွယ်မရှိ သန့်ရှင်းလျက်ရှိနေကြစေရန် ကူညီပေးတော်မူပါစေ။