၁ သက်သာလောနိတ် ၄:၁-၁၈

 နောက်ဆုံး မှာကြားလိုသည်မှာ ညီအစ်ကိုတို့၊ သင်တို့သည် မည်သို့လျှောက်လှမ်း၍ ဘုရားသခင့် စိတ်တော်နှင့် တွေ့စေသင့်ကြောင်း ငါတို့ထံမှ သွန်သင်ချက်ရရှိပြီး လျှောက်လှမ်းနေသည့်အတိုင်း သာ၍အပြည့်အဝ လျှောက်လှမ်းနေကြရန် ငါတို့သည် သခင်ယေရှုအားဖြင့် သင်တို့ကို တောင်းပန်၍ တိုက်တွန်းနှိုးဆော်ပါ၏။ ၂  သခင်ယေရှု၏အခွင့်တော်ဖြင့် သင်တို့အား ငါတို့ပေးခဲ့သော မိန့်မှာချက်များကို သင်တို့သိကြ၏။ ၃  ဘုရားသခင်၏ အလိုတော်မှာ သင်တို့သည် မတရားမေထုန်ပြုခြင်း*ကို ကြဉ်ရှောင်၍ သန့်ရှင်းစေရန်လည်းကောင်း၊ ၄  သင်တို့အသီးသီးသည် သန့်ရှင်း၍ ဂုဏ်အသရေရှိသူများ ဖြစ်စေရန် မိမိ၏ခန္ဓာကိုယ်ကို မည်သို့ထိန်းချုပ်ရမည်ကို သင်တို့ သိရှိစေရန်လည်းကောင်း၊ ၅  ဘုရားသခင်ကို မသိသော လူမျိုးခြားတို့ကဲ့သို့ သွေးသားဆန္ဒပြင်းပြခြင်း မရှိစေရန်လည်းကောင်း၊ ၆  ဤအမှုအရာ၌ မိမိညီအစ်ကို၏ အခွင့်အရေးကို မည်သူမျှ ထိခိုက်ကျူးကျော်ခြင်း မပြုစေရန်လည်းကောင်း ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို ကြိုတင်ပြောပြပြီး ကောင်းစွာ ရှင်းပြခဲ့သည့်အတိုင်း ယေဟောဝါဘုရားသည် ထိုသို့သောအမှုရှိသမျှကို ပြစ်ဒဏ်စီရင်တော်မူသောအရှင်ဖြစ်၏။ ၇  ဘုရားသခင်သည် ငါတို့ကို ညစ်ညူးစေရန်မဟုတ်ဘဲ သန့်ရှင်းစေရန် ခေါ်တော်မူ၏။ ၈  ထို့ကြောင့် လျစ်လျူရှုသောသူသည် လူကိုလျစ်လျူရှုခြင်း မဟုတ်ဘဲ သင်တို့အား သန့်ရှင်းသောစွမ်းအားတော်ကို ပေးတော်မူသော ဘုရားသခင်အား လျစ်လျူရှုခြင်းဖြစ်၏။ ၉  သို့ရာတွင် ညီရင်းအစ်ကိုကဲ့သို့ ချစ်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို စာရေးစရာအကြောင်း မရှိ။ အကြောင်းမူကား အချင်းချင်းချစ်ကြရန် ဘုရားသခင့်ထံတော်မှ သင်တို့ကိုယ်တိုင် သွန်သင်ခံကြရ၏။ ၁၀  အမှန်စင်စစ် သင်တို့သည် မက်ဆီဒိုးနီးယားပြည်တစ်ဝန်းလုံးရှိ ညီအစ်ကိုအပေါင်းကို ထိုသို့ပြုလျက်ရှိကြ၏။ သို့သော်လည်း ညီအစ်ကိုတို့၊ ထို့ထက်ပို၍ပြုကြရန် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။ ၁၁  သင်တို့ကို ငါတို့မှာကြားခဲ့သည့်အတိုင်း ငြိမ်ဝပ်စွာ နေထိုင်ရန်လည်းကောင်း၊ ကိုယ့်အမှုကိစ္စကို အာရုံစိုက်ပြီး ကိုယ့်လက်နှင့် လုပ်ဆောင်ရန်လည်းကောင်း ကြိုးစားအားထုတ်ကြလော့။ ၁၂  သို့မှသာ သင်တို့သည် ပြင်ပလူတို့*ရှေ့တွင် တင့်တယ်လျောက်ပတ်စွာ ကျင့်ကြံပြုမူ၍ မည်သည့်အရာကိုမျှ လိုအပ်လိမ့်မည်မဟုတ်။ ၁၃  ထို့ပြင် ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူများနည်းတူ ဝမ်းနည်းကြေကွဲခြင်းမရှိစေရန် သေခြင်း၌ အိပ်ပျော်သူတို့အကြောင်းကို သင်တို့မသိဘဲ မနေစေလိုပါ။ ၁၄  အကြောင်းမူကား ယေရှုသည် သေပြီးမှ တစ်ဖန်ထမြောက်တော်မူကြောင်းကို ငါတို့ယုံသည်မှန်လျှင် ယေရှုအားဖြင့် သေခြင်း၌ အိပ်ပျော်လျက်ရှိသူတို့ကိုလည်း ဘုရားသခင်သည် ထမြောက်စေ၍ ထိုသခင်နှင့်အတူ ခေါ်ဆောင်တော်မူလိမ့်မည်။ ၁၅  ယေဟောဝါဘုရား၏ တရားစကားတော်အားဖြင့် သင်တို့အား ငါတို့ပြောသည်ကား၊ သခင်ရောက်ရှိတော်မူချိန်တိုင်အောင် အသက်ရှင်ကျန်ရစ်သော ငါတို့သည် သေခြင်း၌ အိပ်ပျော်ပြီးသောသူတို့ထက် အလျင်နေရာကျကြရမည်မဟုတ်။ ၁၆  အကြောင်းမူကား သခင်ကိုယ်တော်တိုင်သည် အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း၏အသံ၊ ဘုရားသခင်၏တံပိုးမှုတ်သံတို့နှင့် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူသောအခါ ခရစ်တော်၏ သေလွန်သောတပည့်များသည် ဦးစွာ ထမြောက်ကြလိမ့်မည်။ ၁၇  ထို့နောက် အသက်ရှင်ကျန်ရစ်သော ငါတို့သည် ထိုသူတို့နှင့်အတူ အာကာသတွင် သခင်ကိုတွေ့ဆုံရန် မိုးတိမ်အားဖြင့် ခေါ်ဆောင်ခံကြရလိမ့်မည်။ ဤသို့ဖြင့် ငါတို့သည် သခင်နှင့်အတူ အမြဲရှိနေကြလိမ့်မည်။ ၁၈  ထို့ကြောင့် ဤစကားများဖြင့် အချင်းချင်း နှစ်သိမ့်လျက်နေကြလော့။

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၄ ရှု။
သို့မဟုတ်၊ “ခရစ်ယာန်အသင်းတော်ဝင် မဟုတ်သူများ။”