၁ သက်သာလောနိတ် ၅:၁-၂၈

 ယခုမူကား ညီအစ်ကိုတို့၊ ချိန်းချက်တော်မူသော အချိန်ကာလများနှင့်ပတ်သက်၍ သင်တို့ထံ မည်သည့်အရာကိုမျှ ရေးစရာအကြောင်းမရှိ။ ၂  အကြောင်းမူကား ယေဟောဝါ ဘုရား၏နေ့ရက်သည် ညအချိန် သူခိုးလာသကဲ့သို့ ရောက်လာမည်ကို သင်တို့ကိုယ်တိုင် ကောင်းစွာ သိကြ၏။ ၃  “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟုလူတို့ဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာ ရောက်သကဲ့သို့ မမျှော်လင့်သော ပျက်စီးခြင်းဘေးသည် သူတို့အပေါ်သို့ ရုတ်ခြည်း ကျရောက်လိမ့်မည်။ သူတို့သည် လွတ်မြောက်ခွင့် အလျှင်းမရှိကြရ။ ၄  သို့သော် ညီအစ်ကိုတို့၊ သင်တို့သည် မှောင်မိုက်တွင် ရှိနေသူများ မဟုတ်ကြ။ သို့ဖြစ်၍ သူခိုးကို ဖမ်းမိသကဲ့သို့ ထိုနေ့ရက်သည် သင်တို့ကို အုပ်မိလိမ့်မည်မဟုတ်။ ၅  အကြောင်းမူကား သင်တို့ရှိသမျှသည် အလင်း၏သားများ၊ နေ့၏သားများ ဖြစ်ကြ၏။ ငါတို့သည် ညနှင့်လည်းကောင်း၊ မှောင်မိုက်နှင့်လည်းကောင်း မစပ်ဆိုင်ကြ။ ၆  ထို့ကြောင့် ငါတို့သည် အခြားသူများကဲ့သို့ အိပ်ပျော်လျက်မနေဘဲ နိုးကြား၍ သတိရှိနေကြစို့။ ၇  အကြောင်းမူကား အိပ်ပျော်သောသူတို့သည် ညအခါတွင် အိပ်ပျော်တတ်ကြ၏။ မူးယစ်သောသူတို့သည်လည်း ညအခါတွင် မူးယစ်တတ်ကြ၏။ ၈  နေ့နှင့်စပ်ဆိုင်သော ငါတို့မူကား သတိရှိနေကြစို့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက် ကယ်တင်ခြင်း မျှော်လင့်ချက်ကို သံခမောက်ကဲ့သို့ ဆောင်းထားကြစို့။ ၉  အကြောင်းမူကား ဘုရားသခင်သည် ငါတို့ကို အမျက်တော် ခံစေရန်မဟုတ်ဘဲ ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်တင်ရန် ရွေးကောက်တော်မူ၏။ ၁၀  ငါတို့သည် နိုးလျက်နေသည်ဖြစ်စေ၊ အိပ်ပျော်လျက်နေသည်ဖြစ်စေ ကိုယ်တော်နှင့်အတူ အသက်ရှင်နိုင်ရန် ကိုယ်တော်သည် ငါတို့အတွက် အသေခံတော်မူပြီ။ ၁၁  ထို့ကြောင့် ယခု သင်တို့ပြုလျက်ရှိသည့်အတိုင်း အချင်းချင်း နှစ်သိမ့်၍ တည်ဆောက်ပေးလျက်နေကြလော့။ ၁၂  ညီအစ်ကိုတို့၊ သင်တို့တွင် ကြိုးစားအားထုတ်သော သူတို့ကိုလည်းကောင်း၊ သခင်၏အမှုတော်တွင် သင်တို့အား ဦးစီးသောသူတို့ကိုလည်းကောင်း၊ သင်တို့အား သတိပေးဆုံးမသော သူတို့ကိုလည်းကောင်း လေးစားကြရန် ငါတို့ တောင်းပန်ပါ၏။ ၁၃  သူတို့၏အလုပ်ကို ထောက်ရှု၍ သူတို့ကို ချစ်ခြင်းမေတ္တာဖြင့် သာ၍ ရိုသေလေးစားရန်လည်း တောင်းပန်ပါ၏။ အချင်းချင်း သင့်မြတ်စွာ နေကြလော့။ ၁၄  ညီအစ်ကိုတို့၊ စည်းစနစ်မရှိသူတို့ကိုမူကား သတိပေးဆုံးမ၍ စိတ်အားငယ်သူ*တို့ကို နှစ်သိမ့်စကားဆိုလျက် အားနည်းသောသူတို့ကို ထောက်မပြီး ရှိသမျှသောသူတို့ကို စိတ်ရှည်ကြရန် သင်တို့အား ငါတို့ တိုက်တွန်းနှိုးဆော်ပါ၏။ ၁၅  သင်တို့တွင် မည်သူကမျှ အဆိုးကို အဆိုးနှင့် မတုံ့ပြန်မိစေရန် သတိပြုကြလော့။ အချင်းချင်းကိုလည်းကောင်း၊ လူခပ်သိမ်းကိုလည်းကောင်း ကောင်းမှုပြုရန် အစဉ်ကြိုးစားအားထုတ်*ကြလော့။ ၁၆  အစဉ်သဖြင့် ဝမ်းမြောက် နေကြလော့။ ၁၇  မခြားမလပ် ဆုတောင်း ကြလော့။ ၁၈  အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် သင်တို့အတွက် ဘုရားသခင့်အလိုတော်ဖြစ်၍ ခရစ်တော်ယေရှု၏အလိုနှင့်လည်း ညီညွတ်၏။ ၁၉  ဘုရားသခင့် စွမ်းအားတော်မီးကို မငြိမ်းစေကြနှင့်။ ၂၀  ပရောဖက်ပြုချက်များကို မထီမဲ့မြင် မပြုကြနှင့်။ ၂၁  အရာရာကို သေချာအောင် စစ်ဆေးကြလော့။ ကောင်းသောအရာကို စွဲကိုင်ထားကြလော့။ ၂၂  ဆိုးညစ်မှုအမျိုးမျိုးကို ရှောင်ကြလော့။ ၂၃  ငြိမ်သက်ခြင်း၏ ဘုရားသခင်သည် သင်တို့ကို အကြွင်းမဲ့ သန့်ရှင်းစေတော်မူပါစေ။ ငါတို့သခင် ယေရှုခရစ် ရောက်ရှိချိန်၌ အသင်ညီအစ်ကိုတို့၏ အသက်*ခန္ဓာနှင့် စိတ်ဓာတ်*တို့သည် အရာရာ၌ အပြစ်တင်ခွင့်ကင်းစေရန် စောင့်ထိန်းတော်မူပါစေ။ ၂၄  သင်တို့ကို ခေါ်တော်မူသောအရှင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ ထိုသို့ပင် ပြုတော်မူလိမ့်မည်။ ၂၅  ညီအစ်ကိုတို့၊ ငါတို့အတွက် အစဉ်မပြတ် ဆုတောင်းပေးနေကြလော့။ ၂၆  ညီအစ်ကိုအားလုံးကို သန့်ရှင်းသောနမ်းခြင်းဖြင့် နှုတ်ဆက်ကြလော့။ ၂၇  ညီအစ်ကိုအပေါင်းတို့အား ဤစာကိုဖတ်ပြရန် သခင်ကိုတိုင်တည်၍ သင်တို့ကို ငါတာဝန်ပေးပါ၏။ ၂၈  ငါတို့သခင် ယေရှုခရစ်၏ မဟာကရုဏာသည် သင်တို့နှင့်အတူ ရှိပါစေ။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
မူရင်း၊ “မီအောင်လိုက်။”
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။