၂ ကောရိန္သု ၁:၁-၂၄
၁ ဘုရားသခင်၏ အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါတို့၏ ညီအစ်ကိုတိမောသေတို့သည် ကောရိန္သုမြို့ရှိ ဘုရားသခင့် အသင်းတော်နှင့်တကွ အခါယပြည်မှ သန့်ရှင်းသူရှိသမျှတို့ထံ စာရေးလိုက်ပါ၏။
၂ ငါတို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တို့ထံတော်မှ မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေ။
၃ ငါတို့၏သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်၊သနားကြင်နာတတ်သည့်အဖ၊ နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။
၄ ငါတို့သည် ဘုရားသခင်၏ နှစ်သိမ့်ပေးခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတို့အား နှစ်သိမ့်ပေးနိုင်မည်အကြောင်း ဘုရားသခင်သည် ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။
၅ အကြောင်းမူကား ငါတို့သည် ခရစ်တော်အတွက် ဆင်းရဲဒုက္ခများစွာ ခံကြရသည့်နည်းတူ ခရစ်တော်အားဖြင့် နှစ်သိမ့်မှုများစွာလည်း ရရှိကြ၏။
၆ သို့ဖြစ်၍ ငါတို့သည် ဆင်းရဲဒုက္ခကိုခံရလျှင် သင်တို့အတွက် နှစ်သိမ့်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်၏။ ငါတို့သည် နှစ်သိမ့်ပေးခြင်း ခံရလျှင် ငါတို့ခံရသော ဆင်းရဲဒုက္ခမျိုးကို သင်တို့လည်း ခံနိုင်ရည်ရှိရန် သင်တို့အတွက် နှစ်သိမ့်ခြင်းဖြစ်၏။
၇ သင်တို့အပေါ်ထားရှိသည့် ငါတို့၏မျှော်လင့်ချက်သည် မယိမ်းယိုင်ပါ။ သင်တို့သည် ငါတို့နှင့်အတူ ဆင်းရဲဒုက္ခကို မျှဝေခံစားရသည့်နည်းတူ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ဟု ငါတို့သိကြ၏။
၈ ညီအစ်ကိုတို့၊ အာရှနယ်*တွင် ငါတို့ကြုံရသော ဆင်းရဲဒုက္ခအကြောင်း သင်တို့မသိဘဲ မနေစေလိုပါ။ ထိုအချိန်က ငါတို့သည် မခံရပ်နိုင်လောက်အောင် ဖိစီးမှုကြုံခဲ့ရသဖြင့် အသက်ရှင်ရန်ပင် မသေချာဘဲ ဖြစ်ခဲ့ရ၏။
၉ ငါတို့သည် သေဒဏ်စီရင်ခြင်းခံရပြီဟု ထင်မှတ်ကြ၏။ ထိုသို့ဖြစ်ရခြင်းမှာ ငါတို့သည် ကိုယ့်ကိုယ်ကိုယ်အားမကိုးဘဲ လူသေတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို အားကိုးကြမည် အကြောင်းဖြစ်၏။
၁၀ ဘုရားသခင်သည် ငါတို့ကို အလွန် ကြောက်မက်ဖွယ်ကောင်းသော သေဘေးမှ ကယ်လွှတ်တော်မူခဲ့သည်သာမက ကယ်လွှတ်တော်မူဦးမည်။ နောက်ထပ်လည်း ကယ်လွှတ်တော်မူမည်ဟု ငါတို့ယုံကြည်စိတ်ချကြ၏။
၁၁ သင်တို့သည်လည်း ငါတို့အတွက် တိုးလျှိုးအသနားခံ ဆုတောင်းပေးခြင်းဖြင့် ကူညီပေးနိုင်ကြ၏။ ဤသို့ဖြင့် အများသောသူတို့ ဆုတောင်းပေးခြင်းကြောင့် ငါတို့အား သနားကြင်နာတော်မူသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြမည်အကြောင်းဖြစ်၏။
၁၂ ငါတို့ ဂုဏ်ယူဝါကြွားသည့်အရာကို ငါတို့၏ ဩတ္တပ္ပစိတ်သည် သက်သေခံ၏။ ငါတို့သည် ဤလောကတွင် အသက်ရှင်စဉ်၊ အထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင် လူ့ဉာဏ်ပညာကို အမှီမပြုဘဲ၊ ဘုရားသခင်၏ မဟာကရုဏာတော်ကို အမှီပြု၍ သန့်ရှင်းခြင်း၊ ဘုရားတရားဆိုင်ရာ စိတ်ရင်းမှန်ခြင်းတို့ဖြင့် ကျင့်ကြံပြုမူခဲ့ကြ၏။
၁၃ အကြောင်းမူကားငါတို့သည် သင်တို့ ကောင်းစွာ နားလည်၍ သိမှတ်ဝန်ခံသည့် အကြောင်းကိုသာ စာရေးနေခြင်းဖြစ်၏။ ထိုအကြောင်းအရာများကို သင်တို့ အဆုံးတိုင်အောင် သိမှတ်ဝန်ခံသွားမည်ဟု ငါမျှော်လင့်ပါ၏။
၁၄ ငါတို့သည် သင်တို့အတွက် ဂုဏ်ယူဝါကြွားစရာဖြစ်သည်ဟု အထိုက်အလျောက် သင်တို့သိမှတ်ဝန်ခံခဲ့ကြပြီ။ ထိုနည်းတူ ငါတို့သခင် ယေရှု၏နေ့တော်၌ သင်တို့သည်လည်း ငါတို့အတွက် ဂုဏ်ယူဝါကြွားစရာ ဖြစ်လိမ့်မည်။
၁၅ ထိုသို့ ယုံကြည်စိတ်ချသည့်အတိုင်း သင်တို့သည် ဒုတိယအကြိမ် ဝမ်းမြောက်ရမည်အကြောင်း သင်တို့ထံ ငါလာမည်ဟု ရည်ရွယ်ထား၏။
၁၆ မက်ဆီဒိုးနီးယား ပြည်သို့ အသွားတွင်လည်းကောင်း၊ မက်ဆီဒိုးနီးယားပြည်မှ အပြန်တွင်လည်းကောင်း သင်တို့ထံ ဝင်၍ သင်တို့သည် ယုဒပြည်သို့ ငါ့ကိုပို့ဆောင်ပေးကြမည်ဟု မျှော်လင့်ပါ၏။
၁၇ ထိုသို့ ငါကြံရွယ်သော် ပေါ့ပေါ့တန်တန် သဘောထားခဲ့သလော။ ငါရည်ရွယ်ထားရာများသည် လူ့ဇာတိအလိုအတိုင်း ရည်ရွယ်ခြင်းလော။ ငါသည် “အဟုတ်ကို အဟုတ်၊” “မဟုတ်ကို မဟုတ်” ဖြစ်စေသင့်သည် မဟုတ်လော။
၁၈ သို့သော် ဘုရားသခင်ကို ယုံကြည်အားထားနိုင်သကဲ့သို့ သင်တို့ကို ငါတို့ပြောသောစကားသည် ဟုတ်သည်၊ တစ်ချိန်တည်းတွင် မဟုတ်ဟူသော စကားမျိုးမဟုတ်။
၁၉ အကြောင်းမူကား သိလွာနု၊ တိမောသေနှင့် ငါတို့ဟောပြောသော ဘုရားသခင်၏သား ခရစ်တော်ယေရှုနှင့်ပတ်သက်၍ ဟုတ်သည်၊ တစ်ချိန်တည်းတွင် မဟုတ်ဟူ၍ မဖြစ်ခဲ့ဘဲ ဟုတ်သည်ကား ဟုတ်သည်ဟူ၍သာ ဖြစ်၏။
၂၀ ဘုရားသခင်၏ကတိတော်သည် မည်မျှပင်များပါစေ ခရစ်တော်အားဖြင့် ဟုတ်မှန်ရာ ဖြစ်လာကြ၏။ ထို့ကြောင့် ကိုယ်တော်အားဖြင့်လည်း ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် “အာမင်” ဟူ၍ ငါတို့ဆိုကြ၏။
၂၁ သို့သော် သင်တို့နှင့် ငါတို့ကို ခရစ်တော်ပိုင်ကြောင်း အာမခံ၍ ငါတို့ကို ဘိသိက်ပေးသောအရှင်ကား ဘုရားသခင် ဖြစ်တော်မူ၏။
၂၂ ဘုရားသခင်သည် ငါတို့ကို တံဆိပ်ခတ်၍ နောင်ရမည့်အရာအတွက် အာမခံတည်းဟူသော ဘုရားသခင့် စွမ်းအားတော်*ကို ငါတို့၏စိတ်နှလုံး၌ ထည့်သွင်းပေးတော်မူ၏။
၂၃ ငါသည် သင်တို့ကို ငဲ့ညှာသောကြောင့် ကောရိန္သုမြို့သို့ မလာသေးဟု ငါ့အသက်ကိုရင်း၍ ဘုရားသခင်ကို တိုင်တည်ပါ၏။
၂၄ ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို အစိုးတရပြုလို၍ ထိုသို့ဆိုခြင်းမဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များသာ ဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏ယုံကြည်ခြင်းဖြင့် ရပ်တည်နေကြ၏။