၂ ကောရိန္သု ၃:၁-၁၈
၃ ငါတို့သည် တစ်ဖန် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေကြသလော။ ငါတို့သည် အခြားသူတို့ကဲ့သို့ သင်တို့ထံ ထောက်ခံစာပေးရန်လည်းကောင်း၊ သင်တို့ထံမှ ထောက်ခံစာယူရန်လည်းကောင်း လိုအပ်ကြသလော။
၂ သင်တို့ ကိုယ်တိုင်ပင် ငါတို့စိတ်နှလုံးတွင် ရေးထားသောစာ၊ လူအပေါင်းတို့ သိ၍ဖတ်ရှုသော ငါတို့၏စာ ဖြစ်ကြ၏။
၃ သင်တို့သည် အမှုတော်ဆောင်များဖြစ်ကြသော ငါတို့ရေးသည့် ခရစ်တော်၏စာ ဖြစ်ကြောင်း ထင်ရှား၏။ ထိုစာကို မှင်နှင့်ရေးသည်မဟုတ်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ စွမ်းအားတော်ဖြင့် ရေးကြ၏။ ကျောက်ပြားပေါ်တွင် ရေးသည်မဟုတ်၊ နှလုံးသား ကျောက်ပြားပေါ်တွင် ရေးကြ၏။
၄ ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ထိုသို့ယုံကြည်စိတ်ချကြ၏။
၅ တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်၏ဟု ယူမှတ်ရလောက်အောင် ငါတို့ဘာသာ အရည်အချင်း ပြည့်မီကြသည်မဟုတ်။ ငါတို့သည် ဘုရားသခင်ကြောင့်သာ အရည်အချင်း ပြည့်မီကြခြင်းဖြစ်၏။
၆ ပဋိညာဉ်တရားသစ်နှင့်ဆိုင်သော အမှုဆောင်ဖြစ်ရန် ဘုရားသခင်သည် ငါတို့ကို အရည်အချင်း ပြည့်မီစေတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားနှင့်ဆိုင်သော အမှုတော်ဆောင်မဟုတ်။ ဘုရားသခင့် စွမ်းအားတော်နှင့်ဆိုင်သော အမှုတော်ဆောင်ဖြစ်၏။ ကျမ်းဟောင်းတရားသည် အသက်သေစေတတ်၏။ စွမ်းအားတော်မူကား အသက်ရှင်စေတတ်၏။
၇ ထို့ပြင် ကျောက်ပြားပေါ် ရေးထွင်းထားသည့် သေခြင်းကို ဖြစ်စေသောတရားသည် ဘုန်းအသရေနှင့် ပေါ်ထွက်ခဲ့၏။ သို့ဖြင့် မောရှေ၏မျက်နှာမှ တောက်ပသောဘုန်းအသရေ၊ ကွယ်ပျောက်မည့်ဘုန်းအသရေကို အစ္စရေးအမျိုးသားတို့သည် စေ့စေ့မကြည့်နိုင်ကြလျှင်၊
၈ ဘုရားသခင့် စွမ်းအားတော်၏ ဆောင်ရွက်မှုသည် ဘုန်းအသရေနှင့်သာ၍ ပြည့်စုံမည် မဟုတ်လော။
၉ အကြောင်းမူကား အပြစ်စီရင်ခြင်းကို ဖြစ်စေသောတရားသည် ဘုန်းအသရေနှင့် ပြည့်စုံလျှင် ဖြောင့်မတ်ခြင်းတရား၏ စီမံဆောင်ရွက်ပေးမှုသည် ဘုန်းအသရေနှင့် သာ၍ကြွယ်ဝ ပြည့်စုံလိမ့်မည်။
၁၀ ဤသို့ဆိုရာတွင် သာလွန်သော ဘုန်းအသရေကြောင့် ယခင်က တောက်ပခဲ့သော ဘုန်းအသရေသည် ကွယ်ပျောက်လေပြီ။
၁၁ ကွယ်ပျောက်မည့်တရားသည် ဘုန်းအသရေနှင့် ပေါ်လာခဲ့လျှင် တည်မြဲသည့်တရားသည်ဘုန်းအသရေနှင့် သာ၍ပြည့်စုံလိမ့်မည်။
၁၂ သို့ဖြစ်၍ ငါတို့သည် ထိုသို့ မျှော်လင့်သောကြောင့် အလွန်လွတ်လပ်စွာ ပြောဆိုနေကြ၏။
၁၃ မိမိ၏ မျက်နှာမှ တောက်ပသော ဘုန်းအသရေ ကွယ်ပျောက်မည့်အဖြစ်ကို အစ္စရေးအမျိုးသားတို့ စေ့စေ့မကြည့်ရှုစေရန် မျက်နှာကိုဖုံးအုပ်ထားသည့် မောရှေကဲ့သို့ ငါတို့မပြုကြ။
၁၄ သို့သော် သူတို့၏စိတ်သည် ထိုင်းမှိုင်းခဲ့၏။ ယနေ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်ရှုကြသောအခါ ထိုမျက်နှာဖုံးသည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား ခရစ်တော်အားဖြင့်သာ ထိုမျက်နှာဖုံးသည် ဖယ်ရှားခံရ၏။
၁၅ ယနေ့တိုင်အောင် မောရှေ၏ ကျမ်းများကို ဖတ်ရှုသည့်အခါတိုင်း သူတို့၏ စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ၏။
၁၆ သို့သော် ယေဟောဝါ*ဘုရားထံ လှည့်လာသောအခါ ထိုမျက်နှာဖုံးသည် ဖယ်ရှားခံရ၏။
၁၇ ယေဟောဝါဘုရားသည် နာမ်ဝိညာဉ် ဖြစ်တော်မူ၏။ ယေဟောဝါဘုရား၏စွမ်းအားတော် ရှိရာအရပ်တွင် လွတ်လပ်ခြင်းရှိတတ်၏။
၁၈ ငါတို့ရှိသမျှသည် မျက်နှာကို မဖုံးအုပ်ထားဘဲ ကြေးမုံကဲ့သို့ ယေဟောဝါဘုရား၏ဘုန်းတော်ကို ရောင်ပြန်ဟပ်ကြ၏။ သို့ဖြင့် ငါတို့သည် ပုံသဏ္ဌာန်တော်နှင့်အညီ ဘုန်းအသရေ တိုးပွားသည်ထက် တိုးပွားပြောင်းလဲပြီး နာမ်ဝိညာဉ် ဖြစ်တော်မူသော ယေဟောဝါဘုရား၏ အလိုတော်အတိုင်း ဖြစ်လာကြ၏။
အောက်ခြေမှတ်ချက်များ
^ ဤဘာသာပြန်ကျမ်းတွင် ‘ယေဟောဝါ’ ဟူသည့် ဘုရားသခင်၏နာမတော် ၂၃၇ ကြိမ်ပါရှိသည့်အနက်မှ တစ်ကြိမ်အပါအဝင်ဖြစ်သည်။ နောက်ဆက်တွဲ ၂ ရှု။