၂ ကောရိန္သု ၄:၁-၁၈
၄ ထို့ကြောင့် ငါတို့ခံစားရသော သနားကြင်နာမှုနှင့်အညီ ဤအမှုတော်ကို ဆောင်ရွက်ရသောကြောင့် ငါတို့သည် အရှုံးမပေးကြ။
၂ ငါတို့သည် ရှက်ကြောက်ရမည့် လျှို့ဝှက်ထားရာများကို စွန့်ပယ်ကြပြီ။ စဉ်းလဲသောပရိယာယ်ကို မကျင့်သုံး၊ ဘုရားသခင်၏တရားစကားတော်ကို မှောက်လှန်ခြင်း မပြုကြ။ ငါတို့သည် အမှန်တရားကို ထင်ရှားစေခြင်းအားဖြင့် ဘုရားသခင့်ရှေ့တော်တွင် လူခပ်သိမ်း၏ ဩတ္တပ္ပစိတ်အတွက် ပုံသက်သေ ကောင်းသူများ ဖြစ်လာကြ၏။
၃ ငါတို့ ကြေညာသောသတင်းကောင်းသည် ဖုံးအုပ်လျက်ရှိနေလျှင် ပျက်စီးခြင်းသို့ ရောက်မည့်သူတို့တွင် ဖုံးအုပ်လျက်ရှိနေခြင်းဖြစ်၏။
၄ ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်နှင့်ဆိုင်သည့် သတင်းကောင်း၏ဘုန်းသည် ထိုသူတို့တွင် မထွန်းလင်းနိုင်ရန် ဤလောကစနစ်၏ဘုရားသည် မယုံကြည်သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။
၅ အကြောင်းမူကား ငါတို့သည် ကိုယ့်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ခရစ်တော်ယေရှုသည် သခင်ဖြစ်ကြောင်း၊ ငါတို့သည် ယေရှုအတွက် သင်တို့၏ကျွန်ဖြစ်ကြောင်းကို ဟောပြောကြ၏။
၆ အကြောင်းမူကား “မှောင်မိုက်ထဲမှ အလင်းထွန်းလင်းပါစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ခရစ်တော်၏ မျက်နှာတော်အားဖြင့် ဘုရားသခင်နှင့်ပတ်သက်သည့် ဘုန်းပြည့်ဝသောအသိပညာကို ငါတို့၏စိတ်နှလုံးတွင် ထွန်းလင်းစေတော်မူပြီ။
၇ သို့သော် မြေအိုးများတွင် ထည့်ထားသော ဤဘဏ္ဍာသည် ငါတို့၌ ရှိ၏။ သို့ဖြင့် သာမန်ထက် ထူးကဲသော တန်ခိုးတော်သည် ငါတို့ထံမှ မဟုတ်ဘဲ ဘုရားသခင်ထံတော်မှ ဖြစ်၏။
၈ ငါတို့သည် အဘက်ဘက်မှ ဖိနှိပ်ခံရသော်လည်း မလှုပ်ရှားနိုင်သည့်အထိ ကျဉ်းကျပ်မနေပါ။ ငါတို့သည် ကြံရာမရဖြစ်ကြသော်လည်း ထွက်ပေါက် လုံးဝမရှိဘဲ မနေပါ။
၉ ငါတို့သည် ညှဉ်းပန်းနှိပ်စက်ခံရသော်လည်း စွန့်ပစ်ခြင်းကို ခံရသည်မဟုတ်။ အလဲထိုးခံရသော်လည်း ဖျက်ဆီးခံရသည်မဟုတ်။
၁၀ ငါတို့သည်နေရာတိုင်းတွင် ယေရှုကြုံရသည့် သေဘေးမျိုးကို ငါတို့၏ခန္ဓာကိုယ်၌ မပြတ်ခံကြရ၏။ သို့ဖြင့် ယေရှု၏အသက်တော်သည် ငါတို့၏ခန္ဓာကိုယ်၌ ထင်ရှားမည်အကြောင်းတည်း။
၁၁ အကြောင်းမူကား ယေရှု၏အသက်တော်ကို ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေမည်အကြောင်း အသက်ရှင်သော ငါတို့သည် ယေရှုကြောင့် သေဘေးကို မပြတ်ကြုံကြ၏။
၁၂ သို့ဖြစ်၍ ငါတို့တွင် သေခြင်းတရားသည် ဖြစ်ပေါ်နေသော်လည်း သင်တို့တွင်မူ အသက်ရှင်ခြင်း ဖြစ်လာ၏။
၁၃ “ငါသည်ယုံကြည်သော ကြောင့် ဟောပြော၏” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်း ငါတို့တွင် ထိုယုံကြည်သည့် စိတ်မျိုးရှိ၏။ ငါတို့သည်လည်း ယုံကြည်သောကြောင့် ဟောပြောကြ၏။
၁၄ ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ယေရှုနှင့်အတူ ငါတို့ကိုလည်း ထမြောက်စေ၍ သင်တို့နှင့်အတူ အထံတော်၌သွင်းတော်မူမည်ဟု ငါတို့သိကြ၏။
၁၅ အကြောင်းမူကား အရာခပ်သိမ်းသည် သင်တို့အတွက်ဖြစ်၏။ လူအများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြခြင်းကြောင့် များပြားသော မဟာကရုဏာတော်သည် သာ၍ပွားများလျက် ဘုရားသခင်၏ ဘုန်းတော်ကို တိုး၍ထင်ရှားစေမည်အကြောင်းတည်း။
၁၆ ထို့ကြောင့် ငါတို့သည် အရှုံးမပေးကြ။ ငါတို့သည် အပြင်ပန်းအားဖြင့် ယိုယွင်းပျက်စီးလျက်နေသော်လည်း အတွင်းစိတ်မှာမူ နေ့စဉ် အသစ်ပြုပြင်ခံနေရ၏။
၁၇ အကြောင်းမူကား ဆင်းရဲဒုက္ခသည် တစ်ခဏသာဖြစ်၍ မပြင်းထန်သော်လည်း ထာဝစဉ်တည်တံ့မည့် ဘုန်းအသရေကို ငါတို့တွင် သာ၍တိုးပွားလျက် ဖြစ်ပေါ်စေ၏။
၁၈ ငါတို့သည် မြင်ရသောအရာများကို ကြည့်မှတ်မနေဘဲ မမြင်ရသောအရာများကို ကြည့်မှတ်နေကြ၏။ မြင်ရသောအရာများသည် တစ်ခဏသာတည်၍ မမြင်ရသော အရာများမူကား ထာဝစဉ်တည်၏။