၂ ကောရိန္သု ၅:၁-၂၁
၅ အကြောင်းမူကား ငါတို့၏ မြေကြီးနေအိမ်တည်းဟူသော တဲအိမ်ကဲ့သို့သော ခန္ဓာကိုယ်သည် ပျက်စီးသွားရမည် ဖြစ်၍ ကောင်းကင်တွင် ထာဝစဉ်တည်မည့် လူ့လက်ဖြင့် မလုပ်သော နေအိမ်တစ်လုံးကို ဘုရားသခင်ထံတော်မှ ငါတို့ရရှိမည်ဟု သိကြ၏။
၂ ငါတို့သည် လက်ရှိနေအိမ်တွင် နေထိုင်စဉ် ကောင်းကင်နေအိမ်ကို အဝတ်ကဲ့သို့ ဝတ်ဆင်ရန် အလွန်တောင့်တလျက် ညည်းတွားနေကြ၏။
၃ ထိုသို့ အမှန်ဝတ်ဆင်ရလျှင် ငါတို့သည် အဝတ်အချည်းစည်း နေရမည်မဟုတ်။
၄ ဤတဲအိမ်၌နေသော ငါတို့သည် ဝန်လေး၍ ညည်းတွားကြ၏။ ငါတို့သည် ဤတဲအိမ်ကို အဝတ်ကဲ့သို့ ချွတ်ပယ်လိုသောကြောင့် မဟုတ်ဘဲ ကောင်းကင်နေအိမ်ကို ဝတ်ဆင်လိုသောကြောင့် ညည်းတွားကြ၏။ သို့ဖြင့် သေတတ်သောအရာကို အသက်ရှင်ခြင်း၌ နစ်မွန်းစေမည်အကြောင်းတည်း။
၅ ထိုသို့ဖြစ်စေရန် ငါတို့ကို ပြုပြင်တော်မူသောအရှင်ကား ဘုရားသခင် ဖြစ်၏။ ကိုယ်တော်သည် နောင်ရမည့်အရာအတွက် အာမခံတည်းဟူသော စွမ်းအားတော်ကို ငါတို့အား ပေးတော်မူ၏။
၆ သို့ဖြစ်၍ ငါတို့သည် ရဲစွမ်းသတ္တိနှင့် အစဉ်ပြည့်ဝလျက်ရှိ၏။ ငါတို့၏ ခန္ဓာကိုယ်နေအိမ်၌ ရှိနေသရွေ့သခင်နှင့် ဝေးကွာလျက်ရှိကြောင်း သိကြ၏။
၇ အကြောင်းမူကား ငါတို့သည် အမြင်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းနေ၍ဖြစ်၏။
၈ သို့သော် ငါတို့သည် ရဲစွမ်းသတ္တိ ပြည့်ဝကြပြီး ခန္ဓာကိုယ်နှင့် ဝေးကွာ၍ သခင်ထံပါးတွင် နေထိုင်ရန် သာ၍အလိုရှိကြ၏။
၉ ထို့ကြောင့် ငါတို့သည် ကိုယ်တော်နှင့်အတူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်တော် နှစ်သက်လက်ခံနိုင်သူများ အမြဲဖြစ်ရန် ရည်ရွယ်ပါ၏။
၁၀ အကြောင်းမူကား ငါတို့ရှိသမျှသည် ခန္ဓာကိုယ်၌ ရှိနေစဉ် ပြုကျင့်လေ့ရှိသော ကောင်းသောအကျင့်၊ မကောင်းသော အကျင့်အတိုင်း ငါတို့အသီးသီးအကျိုးအပြစ် ခံစားရန် ခရစ်တော်၏တရားပလ္လင်ရှေ့တွင် ထင်ရှားကြရမည်။
၁၁ ထို့ကြောင့် ငါတို့သည် သခင်အား ကြောက်ရွံ့သင့်ကြောင်း သိမှတ်ကြ၏။ လူတို့အား သွေးဆောင်လျက်နေသော ငါတို့ကို ဘုရားသခင် ကောင်းစွာ သိတော်မူ၏။ သို့ရာတွင် ငါတို့သည် မည်ကဲ့သို့သော သူများဖြစ်ကြောင်း သင်တို့*လည်း သိကြလိမ့်မည်ဟု ငါမျှော်လင့်၏။
၁၂ ငါတို့သည် သင်တို့ရှေ့၌ တစ်ဖန် ကိုယ်ကိုချီးမွမ်းကြသည်မဟုတ်။ စိတ်နှလုံးသဘောကို မထောက်၊ အပြင်ပန်းသဏ္ဌာန်ကို ထောက်၍ ဝါကြွားသောသူတို့၏ စကားကို သင်တို့သည် ချေပနိုင်မည်အကြောင်း ငါတို့နှင့် ပတ်သက်၍သာ ဝါကြွားစေလိုပါ၏။
၁၃ အကြောင်းမူကား ငါတို့သည် စိတ်မမှန်သူများ ဖြစ်ကြလျှင် ဘုရားသခင်အတွက် ဖြစ်၏။ စိတ်မှန်သူများ ဖြစ်ကြလျှင် သင်တို့အတွက် ဖြစ်၏။
၁၄ ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက် နှိုးဆော်၏။ အကြောင်းမူကား တစ်ယောက်သောသူသည် လူခပ်သိမ်းအတွက် အသေခံသည်ဟု ငါတို့ယူမှတ်ကြ၏။ ထို့ကြောင့် လူခပ်သိမ်းသည် သေခဲ့ကြပြီ။
၁၅ ထိုသူသည် လူအပေါင်းတို့အတွက် အသေခံတော်မူသဖြင့် အသက်ရှင်သူတို့သည် ကိုယ့်အတွက် အသက်မရှင်တော့ဘဲ မိမိတို့အတွက် အသေခံတော်မူ၍ ထမြောက်တော်မူသော သခင်အတွက် အသက်ရှင်ကြမည်အကြောင်းဖြစ်၏။
၁၆ ထို့ကြောင့် ယခုမှစ၍ ငါတို့သည် လူ့ဇာတိသဘောဖြင့် မည်သူကိုမျှ မသိ။ လူ့ဇာတိသဘောဖြင့် ခရစ်တော်ကို သိမှတ်ခဲ့သည့်တိုင် ယခုမူကား လူ့ဇာတိသဘောဖြင့် သိမှတ်ခြင်းမရှိတော့။
၁၇ သို့ဖြစ်၍ မည်သူမဆို ခရစ်တော်နှင့် တစည်းတလုံးတည်း ရှိမည်ဆိုလျှင် ထိုသူသည်အသစ်သော ဖန်ဆင်းရာဖြစ်၏။ ဟောင်းသောအရာများ ကွယ်ပျောက်၍ အသစ်သောအရာများ တည်ရှိလာ၏။
၁၈ သို့သော် အရာခပ်သိမ်းသည် ဘုရားသခင်ထံမှ ဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၍ ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်းကို ငါတို့အား ပေးအပ်တော်မူ၏။
၁၉ ထိုလုပ်ငန်းမှာ ဘုရားသခင်သည် ခရစ်တော်အားဖြင့် လောကကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၍ သူတို့၏အပြစ်များကို မှတ်တော်မမူခြင်းဖြစ်၏။ ပြန်လည်သင့်မြတ်ခြင်းတရားကိုလည်း ငါတို့၌ လွှဲအပ်တော်မူ၏။
၂၀ ထို့ကြောင့် ငါတို့အားဖြင့် ဘုရားသခင် တောင်းပန်သည့်အလား ငါတို့သည် ခရစ်တော်၏ကိုယ်စား သံအမတ်များ ဖြစ်ကြ၏။ “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင် ပြုကြလော့” ဟုခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။
၂၁ ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်စေတော်မူခဲ့၏။ သို့ဖြင့် ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်ရှေ့တော်တွင် ဖြောင့်မတ်ရာသို့ ရောက်ကြမည်အကြောင်းတည်း။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “သင်တို့၏သြတ္တပ္ပစိတ်။”