၂ ကောရိန္သု ၈:၁-၂၄

 ညီအစ်ကိုတို့၊ မက်ဆီးဒိုးနီးယားပြည်ရှိ အသင်းတော်တို့ ခံစားရသောဘုရားသခင်၏ မဟာကရုဏာတော်အကြောင်းကို သင်တို့အား ငါတို့သိစေလို၏။ ၂  သူတို့သည် ကြီးစွာသော စမ်းသပ်မှုကြောင့် ဒုက္ခရောက်နေလျက်ပင် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏။ အလွန်ဆင်းရဲနွမ်းပါးလျက်ပင် အလွန်ရက်ရောကြ၏။ ၃  အကြောင်းမူကား သူတို့သည် အမှန်တတ်နိုင်သမျှသာမဟုတ်၊ တတ်နိုင်သည်ထက် သာ၍ စွန့်ကြဲလိုစိတ် ရှိကြကြောင်း ငါသက်သေခံ၏။ ၄  ထိုညီအစ်ကိုများသည် သန့်ရှင်းသူတို့အား ပေးကမ်းစွန့်ကြဲနိုင်ခွင့်၊ ထောက်ပံ့နိုင်ခွင့်ကို သူတို့သဘောအတိုင်း ငါတို့ထံမှ အတန်တန် တောင်းဆိုကြ၏။ ၅  ထိုသူတို့သည် ငါတို့မျှော်လင့်သည်ထက်မက ပြု၍ ဦးစွာ သခင်အတွက်လည်းကောင်း၊ ထို့နောက် ငါတို့အတွက်လည်းကောင်း ဘုရားသခင်၏အလိုတော်အတိုင်း ကိုယ်ကိုပေးဆက်ကြ၏။ ၆  ထိုအကြောင်းကြောင့် သင်တို့ထံမှ အလှူကောက်ခံခြင်းကို အစပြုခဲ့သည့်အတိုင်း ထိုအမှုကို ပြီးစီးစေမည်အကြောင်း တိတုကို ငါတို့တိုက်တွန်းကြ၏။ ၇  သို့ရာတွင် သင်တို့သည် အရာရာတွင် ကြွယ်ဝပြည့်စုံသကဲ့သို့ ယုံကြည်ခြင်း၊ နှုတ်သတ္တိရှိခြင်း၊ အသိပညာရှိခြင်း၊ စိတ်အားကြီးခြင်း၊ သင်တို့အပေါ်ထားသည့် ငါတို့၏ချစ်ခြင်းအပြင် ပေးကမ်းစွန့်ကြဲခြင်း၌လည်း ကြွယ်ဝပြည့်စုံကြလော့။ ၈  ဤသို့ဆိုရာတွင် ငါသည် အမိန့်ပေးနေခြင်းမဟုတ်။ အခြားသူတို့၏ စိတ်အားထက်သန်မှုကို ထောက်၍ သင်တို့၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်ကြောင်း စမ်းသပ်လိုသဖြင့် ငါပြောဆိုခြင်းဖြစ်၏။ ၉  အကြောင်းမူကား ငါတို့သခင် ယေရှုခရစ်၏ မဟာကရုဏာကို သင်တို့သိပြီးဖြစ်၏။ ကိုယ်တော်သည် ကြွယ်ဝသူဖြစ်သော်လည်း သင်တို့အကျိုးအတွက် ဆင်းရဲချို့တဲ့သူ ဖြစ်လာတော်မူ၏။ သို့နှင့် ကိုယ်တော်၏ ဆင်းရဲနွမ်းပါးမှုအားဖြင့် သင်တို့လည်း ကြွယ်ဝလာမည်အကြောင်းတည်း။ ၁၀  ယခင်နှစ်က အစပြုခဲ့သည်သာမက၊ အမှန်ပင် ပြုလိုစိတ်ရှိသော ထိုအမှုကိုပြုကြလျှင် သင်တို့အတွက် အကျိုးရှိမည်ဟု ငါအကြံပြု၏။ ၁၁  သို့ဖြစ်၍ စေတနာစိတ်ရှိသည့်အတိုင်း ထိုအမှုကို အပြီးသတ်ကြလော့။ သင်တို့တွင် ရှိသမျှနှင့် အပြီးသတ်ကြလော့။ ၁၂  မိမိ၌ မရှိသည့်အရာကို မဟုတ်ဘဲ၊ ရှိသည့်အရာကို စေတနာစိတ်နှင့်ပေးမည်ဆိုလျှင် အထူးလက်ခံဖွယ်ဖြစ်မည်။ ၁၃  အခြားသူတို့ကို သက်သာစေ၍ သင်တို့အတွက် ခက်ခဲစေရန် ငါရည်ရွယ်သည်မဟုတ်။ ၁၄  သို့သော် သာတူညီမျှရှိစေရန် ယခု သင်တို့၏ကြွယ်ဝမှုသည် သူတို့၏ချို့တဲ့မှုကို ဖြည့်ဆည်းပေးရမည်။ ထို့အတူ သူတို့၏ ကြွယ်ဝမှုသည် သင်တို့၏ ချို့တဲ့မှုကို ဖြည့်ဆည်းပေးခြင်းအားဖြင့်သာ တူညီမျှရှိလာမည်။ ၁၅  “များများရှိသောသူ မများလွန်း၊ နည်းနည်းရှိသောသူ မနည်းလွန်း” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။ ၁၆  တိတု၏စိတ်နှလုံးတွင် သင်တို့အတွက် ထပ်တူစိတ်အားကြီးမှုကို ထည့်ပေးသောကြောင့် ဘုရားသခင့် ကျေးဇူးတော် ကြီးလှပါ၏။ ၁၇  သူသည် ငါတို့၏တိုက်တွန်းချက်ကို အမှန်လက်ခံသည်သာမက အလွန်စိတ်အားကြီးသဖြင့် သင်တို့ထံ မိမိဆန္ဒအလျောက် ထွက်သွား၏။ ၁၈  သတင်းကောင်းဟောပြောခြင်းအတွက် အသင်းတော်အပေါင်းတွင် ချီးမွမ်းခံရသော ညီအစ်ကိုကိုလည်း သူနှင့်အတူ ငါတို့စေလွှတ်လိုက်ပါ၏။ ၁၉  ထိုမျှမက ထိုသူသည် သခင်၏ဘုန်းတော်နှင့် ငါတို့၏စေတနာစိတ်ကို ထင်ရှားစေရန် ငါတို့ဆောင်ရွက်နေသည့် ပေးကမ်းစွန့်ကြဲခြင်းလုပ်ငန်းတွင် ငါတို့၏ခရီးသွားဖော်အဖြစ် အသင်းတော်တို့၏ ခန့်အပ်ခြင်းကို ခံရသူလည်းဖြစ်၏။ ၂၀  သို့ဖြစ်၍ ငါတို့ စီမံဆောင်ရွက်သော သင်တို့ရက်ရောစွာ ပေးကမ်းသည့် အလှူနှင့်ပတ်သက်၍ မည်သူမျှ အပြစ်မဆိုစေရန် ငါတို့သတိပြု၏။ ၂၁  အကြောင်းမူကား ငါတို့သည် “ယေဟောဝါဘုရား၏ မျက်မှောက်တော်တွင်သာမက လူတို့၏မျက်မှောက်တွင်လည်း အရာရာကို ရိုးသားစွာ ဆောင်ရွက်ကြ၏။” ၂၂  ထို့ပြင် ထိုသူတို့နှင့်အတူ ညီအစ်ကိုတစ်ဦးကိုလည်း ငါတို့ စေလွှတ်လိုက်ပါ၏။ ထိုသူသည် အရာရာတွင် စိတ်အားကြီးသူဖြစ်ကြောင်း ငါတို့ စုံစမ်းသိရှိထား၏။ သင်တို့ကို အလွန်ယုံကြည်စိတ်ချသောကြောင့် ယခု သူသည် သာ၍ပင် စိတ်အားကြီးလာ၏။ ၂၃  တိတုနှင့် ပတ်သက်၍ မေးမြန်းစရာရှိလျှင် သူသည် ငါ၏အပေါင်းအဖော်၊ သင်တို့၏ အကျိုးအတွက် ငါ၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ အခြား ညီအစ်ကိုတို့မူကား အသင်းတော်တို့၏တမန်များ၊ ခရစ်တော်၏ဘုန်းအသရေ ဖြစ်ကြ၏။ ၂၄  ထို့ကြောင့် သင်တို့၏ချစ်ခြင်းမေတ္တာ စစ်မှန်ကြောင်း၊ သင်တို့နှင့်ပတ်သက်၍ ငါတို့၏ ဝါကြွားခြင်းသည် အချည်းနှီး မဖြစ်ကြောင်းကို အသင်းတော်များရှေ့တွင် သက်သေထူကြလော့။

အောက်ခြေမှတ်ချက်များ