၂ ကောရိန္သု ၉:၁-၁၅

 သန့်ရှင်းသူတို့ကို ထောက်ပံ့ခြင်းအမှုနှင့် ပတ်သက်၍ သင်တို့ထံ ငါစာရေးနေစရာမလို။ ၂  အကြောင်းမူကား သင်တို့၏ စေတနာစိတ်ကို ငါသိ၏။ အခါယပြည်သားတို့သည် ကူညီပေးရန် အသင့်ရှိသည်မှာ တစ်နှစ်ရှိပြီဖြစ်ကြောင်း မက်ဆီဒိုးနီးယားပြည်သား တို့အားငါပြော၍ ဂုဏ်ယူဝါကြွားလျက်ရှိ၏။ သင်တို့၏ စိတ်ထက်သန်မှုသည် သူတို့ထဲမှ အများစုကို နှိုးဆော်လေပြီ။ ၃  သို့သော်လည်း သင်တို့အကြောင်း ငါတို့ဝါကြွားခြင်းသည် ဤအမှု၌ အချည်းနှီးမဖြစ်ဘဲ သင်တို့အသင့်ရှိမည် ဟု ငါဆိုလေ့ရှိသည့်အတိုင်း အမှန်အသင့်ရှိနေကြရန် ညီအစ်ကိုတို့ကို ငါစေလွှတ်လိုက်ပါ၏။ ၄  သို့မဟုတ်လျှင် မက်ဆီဒိုးနီးယားပြည်သားတို့သည် ငါနှင့်အတူလာသော် သင်တို့ အသင့်မရှိသည်ကိုတွေ့လျှင် သင်တို့သာမက ယုံကြည်စိတ်ချခဲ့သော ငါတို့ပါ အရှက်ရကြလိမ့်မည်။ ၅  ထို့ကြောင့် ညီအစ်ကိုများကို သင်တို့ထံ ကြိုတင်သွားစေပြီးလျှင် ယခင်က သင်တို့ပေးလိုသည့် ရက်ရောသောအလှူကို ကောက်ခံကြရန် အားပေးဖို့ လိုမည်ဟု ငါယူမှတ်၏။ သို့ဖြစ်၍ မရမက တောင်းခံထားသော အလှူမဟုတ်၊ ရက်ရောသောအလှူ ဖြစ်မည်အကြောင်းတည်း။ ၆  သို့သော် ဤကိစ္စနှင့်ပတ်သက်၍ မျိုးစေ့ကို နည်းနည်းကြဲသောသူသည် နည်းနည်းရိတ်ရလိမ့်မည်။ များများကြဲသောသူသည် များများရိတ်ရလိမ့်မည်။ ၇  လူတိုင်းမိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏။ ၈  ထို့ပြင် ဘုရားသခင်သည်သင်တို့ကို မဟာကရုဏာတော်အမျိုးမျိုးနှင့် ကြွယ်ဝစေနိုင်တော်မူ၏။ သို့ဖြင့် သင်တို့သည် အရာရာတွင် အမြဲဖူလုံနေကြသဖြင့် ကောင်းသောအမှု အမျိုးမျိုးအတွက် ကြွယ်ဝနေကြမည်။ ၉  “သူသည် အနှံ့အပြားဝေမျှ၏။ ဆင်းရဲသားတို့ကို ပေးကမ်း၏။ ထိုသူ၏ဖြောင့်မတ်ခြင်းသည် ထာဝစဉ်တည်၏” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။ ၁၀  မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ စားသုံးသူများအား အစာကိုလည်းကောင်း အလျှံပယ်ပေးသနားတော်မူသော အရှင်သည် သင်တို့ ကြဲစရာ မျိုးစေ့ကို ပေးသနား၍ ပွားများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်း အသီးများကိုလည်း တိုးပွားစေတော်မူမည်။ ၁၁  သင်တို့သည် အမျိုးမျိုးသောအလှူကို ရက်ရောစွာ ပေးကမ်းစွန့်ကြဲနိုင်မည်အကြောင်း နည်းအမျိုးမျိုးဖြင့် ကြွယ်ဝပြည့်စုံကြ၏။ ထို့ကြောင့် ငါတို့အားဖြင့်ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။ ၁၂  အကြောင်းမူကား ထိုသို့ အများအကျိုးဆောင်သည့်အမှုသည် သန့်ရှင်းသူတို့၏ လိုအပ်ချက်ကို များစွာ ဖြည့်ဆည်းပေးသည်သာမက ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစကားများစွာနှင့် ပြည့်စုံစေ၏။ ၁၃  ဤထောက်ပံ့ခြင်း သက်သေကိုထောက်၍ သင်တို့သည် ကိုယ်တိုင်ဝန်ခံသည့်အတိုင်း ခရစ်တော်နှင့်ဆိုင်သော သတင်းကောင်းကို လက်အောက်ခံကြသောကြောင့်လည်းကောင်း၊ ထိုသူတို့မှစ၍ လူခပ်သိမ်းတို့အားရက်ရောစွာ ပေးလှူသောကြောင့်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြ၏။ ၁၄  သင်တို့ရရှိသော ဘုရားသခင်၏ သာလွန်သည့် မဟာကရုဏာတော်ကြောင့်သူတို့သည် သင်တို့ကို တမ်းတလျက် သင်တို့အတွက် တိုးလျှိုးအသနားခံ ဆုတောင်းပေးကြ၏။ ၁၅  ပြော၍မကုန်နိုင်သော ဆုကျေးဇူးတော်အတွက် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပါ၏။

အောက်ခြေမှတ်ချက်များ