၂ တိမောသေ ၂:၁-၂၆
၂ သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်း ရှိခြင်းကြောင့်ရသော မဟာကရုဏာအားဖြင့် အစွမ်းခွန်အား တိုးပွားလျက်နေလော့။
၂ သက်သေအများရှေ့ ငါ့ထံမှ ကြားနာရသောအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့။ သို့ဖြင့် သူတို့သည် အခြားသူများကို အရည်အချင်းပြည့်မီစွာ သွန်သင်ပေး နိုင်လိမ့်မည်။
၃ သင်သည် ခရစ်တော်ယေရှု၏ စစ်သားကောင်းတစ်ဦးအဖြစ် ဆင်းရဲဒုက္ခကို ဝေမျှခံစားလော့။
၄ စစ်သားအဖြစ် အမှုထမ်းနေသူတစ်ဦးသည် မိမိကို စစ်သည်စာရင်းသွင်းပေးသူ နှစ်သက်စေရန် စီးပွားရေးတွင် ပါဝင်ပတ်သက်မည်မဟုတ်။
၅ ထို့ပြင် ပြိုင်ပွဲ၌ယှဉ်ပြိုင်သောသူသည် စည်းမျဉ်းအတိုင်း မယှဉ်ပြိုင်လျှင် သရဖူဆောင်းရမည်မဟုတ်။
၆ ဝီရိယရှိသော လယ်သမားသည် မိမိလယ်ထွက် အသီးအနှံများကို ဦးဆုံး စားသုံးခွင့်ရှိ၏။
၇ ငါ့စကားကို အစဉ်မပြတ် စဉ်းစားဆင်ခြင်လော့။ သခင်သည် အရာခပ်သိမ်း ပိုင်းခြားသိမြင်နိုင်စွမ်းကို သင့်အား ပေးသနားတော်မူလိမ့်မည်။
၈ ငါဟောပြောသော သတင်းကောင်းအရ ယေရှုခရစ်သည် သေခြင်းမှ ထမြောက်ကြောင်း၊ ဒါဝိဒ်၏အမျိုးအနွယ်ဖြစ်ကြောင်း သတိရလော့။
၉ ထိုသတင်းကောင်းကြောင့် ငါသည် လူဆိုးကဲ့သို့ ချုပ်နှောင်ခံရသည်တိုင်အောင် ဆင်းရဲဒုက္ခကို ခံရ၏။ ဘုရားသခင်၏တရားစကားတော်မူကား ချုပ်နှောင်ခံရခြင်းမရှိ။
၁၀ ထို့ကြောင့် ရွေးချယ်ခံရသောသူတို့သည်လည်း ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်း ရှိခြင်းကြောင့်ရသော ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်တကွ ခံစားရမည်အကြောင်း အရာခပ်သိမ်းကို ငါခံရပ်လျက်ရှိ၏။
၁၁ သစ္စာစကားဟူမူကား ငါတို့သည် ကိုယ်တော်နှင့်အတူ သေရလျှင် ကိုယ်တော်နှင့်အတူ ရှင်ကြမည်မှာ သေချာ၏။
၁၂ ငါတို့သည် ဆက်၍ခံရပ်လျှင် ကိုယ်တော်နှင့်အတူ ဘုရင်များအဖြစ် အုပ်ချုပ်ရလိမ့်မည်။ ကိုယ်တော်ကို ငြင်းပယ်လျှင် ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။
၁၃ ငါတို့ သစ္စာမရှိလျှင်ပင် ကိုယ်တော်သည် သစ္စာရှိတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို မငြင်းပယ်နိုင်သောကြောင့်ဖြစ်၏။
၁၄ ဤအကြောင်းအရာများကို သူတို့အား သတိပေးလျက်နေလော့။ စကားလုံးများနှင့်ပတ်သက်၍ ငြင်းခုံခြင်းသည် လုံးဝအကျိုးမရှိ၊ ကြားနာသူတို့ကို မှောက်မှားစေသောကြောင့် ထိုသို့မပြုကြရန် ဘုရားသခင်ရှေ့ သက်သေအနေနှင့် မှာကြားလျက်နေလော့။
၁၅ သင်သည် အမှန်တရားကို မှန်ကန်စွာကိုင်တွယ်တတ်သောသူဖြစ်လျက် နှစ်သက်တော်မူဖွယ်ကောင်းသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိသော လုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်သနိုင်ရန် အစွမ်းကုန် ကြိုးစားအားထုတ်လော့။
၁၆ သန့်ရှင်းသောအရာကို မထီမဲ့မြင်ပြုသည့် အချည်းနှီးသောစကားကို ရှောင်လော့။ အကြောင်းမူကား ထိုစကားကိုပြောဆိုသူတို့သည် ဘုရားတရားမဲ့သည်ထက် မဲ့လာကြလိမ့်မည်။
၁၇ သူတို့၏စကားသည်လည်း အသားပုပ်ဆွေးနာကဲ့သို့ ပြန့်ပွားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့် ဖိလက်တို့ ပါဝင်၏။
၁၈ ဤသူတို့သည် အမှန်တရားလမ်းမှ သွေဖည်သွား၍ လူသေတို့ ရှင်ပြန်ထမြောက်ပြီဟုဆိုကာ လူအချို့၏ ယုံကြည်ခြင်းကို မှောက်လှန်လျက်ရှိ၏။
၁၉ သို့ဖြစ်လျက်ပင် “ယေဟောဝါဘုရားသည် မိမိ၏လူတို့ကို သိကျွမ်းတော်မူ၏” ဟူ၍လည်းကောင်း၊ “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်သောသူတိုင်း မတရားသောအမှုကို ရှောင်ကြစေ” ဟူ၍လည်းကောင်း တံဆိပ်ခတ်ထားသော ဘုရားသခင်၏ ခိုင်ခံ့သောတိုက်မြစ်သည် တည်မြဲတည်လျက်ရှိ၏။
၂၀ ကြီးမားသောအိမ်၌ ရွှေအိုး၊ ငွေအိုးများသာမက သစ်သားအိုး၊ မြေအိုးများလည်းရှိ၏။ ထိုအိုးအချို့ကို အသရေရှိသောနေရာတွင်၊ အချို့ကိုမူ အသရေမရှိသောနေရာတွင် အသုံးပြုကြ၏။
၂၁ သို့ဖြစ်၍ အသရေမရှိသောအိုးများနှင့် ကင်းရှင်းစွာနေသောသူသည် အသရေရှိသောအိုး၊ သန့်ရှင်းသောအိုး၊ ပိုင်ရှင်အတွက် အသုံးဝင်သောအိုး၊ ကောင်းသောအမှုရှိသမျှအတွက် အသင့်ရှိသောအိုး ဖြစ်လိမ့်မည်။
၂၂ ထို့ကြောင့် လူငယ်များတွင် ဖြစ်ပေါ်တတ်သည့် အလိုဆန္ဒများကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်းတို့ရှိရန် စင်ကြယ်သောနှလုံးဖြင့် သခင်ကို ခေါ်သောသူတို့နှင့်အတူ အစဉ်ကြိုးစားအားထုတ်*လော့။
၂၃ ထို့ပြင် မိုက်မဲ၍ အဓိပ္ပာယ်မဲ့သော မေးခွန်းများမေးခြင်းသည် ခိုက်ရန်ဖြစ်ပွားစေသည်ကို သိမှတ်၍ ထိုသို့ပြုခြင်းကို ငြင်းပယ်လော့။
၂၄ သခင်၏ကျွန်သည် ခိုက်ရန်မဖြစ်ဘဲ လူခပ်သိမ်းနှင့်ဆက်ဆံရာတွင် သိမ်မွေ့သောသူ၊ သွန်သင်နိုင်သော အရည်အချင်းနှင့်ပြည့်စုံသောသူ၊ အဆိုးကို သည်းခံနိုင်သောသူ ဖြစ်ရမည်။
၂၅ ဆန့်ကျင်သူတို့ကို နူးညံ့သိမ်မွေ့သောသဘောဖြင့် သွန်သင်ပေးသူ ဖြစ်ရမည်။ သို့မှသာ အမှန်တရားနှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာကို ရရှိစေရန် နောင်တရခွင့်ကို သူတို့အား ဘုရားသခင် ပေးကောင်းပေးတော်မူမည်။
၂၆ သို့ဖြင့် မာရ်နတ်၏အလိုကို လိုက်စေရန် ဖမ်းချုပ်ခံရသော ထိုသူတို့သည် အမြင်မှန်ရလာ၍ သူ၏ထောင်ချောက်ထဲမှ လွတ်ကောင်းလွတ်လိမ့်မည်။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “မီအောင်လိုက်။”