၂ တိမောသေ ၄:၁-၂၂
၄ ဘုရားသခင့်ရှေ့တော်တွင်လည်းကောင်း၊ မိမိ၏ထင်ရှားခြင်းနှင့် မိမိ၏နိုင်ငံတော်အားဖြင့် အသက်ရှင်သူ၊ သေလွန်သူတို့ကို တရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်တွင်လည်းကောင်း သင့်ကို ငါမိန့်မှာသည်ကား၊
၂ တရားစကားတော်ကို ဟောပြောလော့။ အခြေအနေကောင်းသည့်အခါ၌ဖြစ်စေ၊ မကောင်းသည့်အခါ၌ဖြစ်စေ ထိုအမှုကို အရေးတကြီးသဘောထားဖြင့် ဆောင်ရွက်လော့။ အစွမ်းကုန် စိတ်ရှည်ခြင်းဖြင့်လည်းကောင်း၊ သွန်သင်ခြင်းနည်းပညာဖြင့်လည်းကောင်း ပဲ့ပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကို ပြုလော့။
၃ အကြောင်းမူကား လူတို့သည် အကျိုးဖြစ်ထွန်းသောသွန်သင်ချက်ကို နားမထောင်လိုတော့ဘဲ မိမိတို့ကြားလိုရာများ ပြောပေးမည့်ဆရာတို့ကို ရှာဖွေကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။
၄ သူတို့သည် အမှန်တရားကို နားမထောင်ဘဲ ဒဏ္ဍာရီပုံပြင်များကိုကား နားထောင်ကြမည်။
၅ သင်မူကား အရာရာ၌ သတိရှိနေလော့။ ဆင်းရဲဒုက္ခခံလော့။ ဧဝံဂေလိတရားဟောပြောသူ၏အမှုကို ဆောင်ရွက်လော့။ အမှုတော်ကို အကုန်အစင် ပြီးမြောက်စေလော့။
၆ အကြောင်းမူကား ငါသည် သွန်းလောင်းရာယဇ်သဖွယ် ကိုယ်ကိုပေးဆက်ပြီ။ ငါလွတ်မြောက်ရမည့်အချိန်လည်း ရောက်လုနီးပြီ။
၇ ငါသည် တိုက်ပွဲကို ကောင်းစွာတိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ပြီ။
၈ ယခုမှစ၍ ငါ့အတွက် ဖြောင့်မတ်ခြင်းသရဖူကို သိမ်းထားလျက်ရှိ၏။ ထိုနေ့ရက်တွင် ဖြောင့်မတ်သည့် တရားသူကြီးတည်းဟူသော သခင်သည် ထိုသရဖူကို ဆုလာဘ်အဖြစ် ငါ့အား ပေးတော်မူမည်။ ငါ့အားသာမက ကိုယ်တော်၏ထင်ရှားခြင်းကို စောင့်မျှော်နေသူ ရှိသမျှအားလည်း ပေးတော်မူမည်။
၉ သင်သည် ငါထံသို့ အမြန်ဆုံးလာရန် ကြိုးစားလော့။
၁၀ အကြောင်းမူကား ဒေမသည် လက်ရှိလောကစနစ်ကို ချစ်သောကြောင့် ငါ့ကိုစွန့်ခွာ၍ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
၁၁ လုကာတစ်ဦးတည်းသာ ငါနှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူ ခေါ်ခဲ့လော့။ အကြောင်းမူကား အမှုတော်ဆောင်ရာတွင် သူသည် ငါ့အတွက် အသုံးဝင်သောသူဖြစ်၏။
၁၂ တုခိတ်ကိုမူ ဧဖက်မြို့သို့ ငါစေလွှတ်လိုက်ပြီ။
၁၃ သင်လာသောအခါ တရောမြို့မှ ကာပုထံ၌ ငါထားခဲ့သော အပေါ်ဝတ်ရုံနှင့် ကျမ်းစာလိပ်များ၊ အထူးသဖြင့် သားရေစာလိပ်များကို ယူခဲ့လော့။
၁၄ ပန်းတဉ်းဆရာ အာလေဇန္ဒြုသည် ငါ့ကို ကြိမ်ဖန်များစွာ ထိခိုက်နစ်နာစေခဲ့ပြီ။ ယေဟောဝါဘုရားသည် သူ၏အကျင့်အလျောက် ဆပ်ပေးတော်မူလိမ့်မည်။
၁၅ သင်လည်း သူ့ကို သတိထားလော့။ အကြောင်းမူကား သူသည် ငါတို့၏သတင်းစကားများကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့၏။
၁၆ ငါသည် ပထမအကြိမ် ထုချေပြောဆိုချိန်၌ မည်သူမျှ ငါ့ဘက်တွင်မရှိ။ ငါ့ကို အားလုံးစွန့်ခွာသွားကြ၏။ သူတို့သည် မှတ်သားခြင်းမခံရပါစေနှင့်။
၁၇ သို့သော် ငါ့အားဖြင့် ဟောပြောခြင်းလုပ်ငန်း အကုန်အစင် ပြီးမြောက်စေရန်နှင့် လူမျိုးခြားအပေါင်းကြားသိစေရန် သခင်သည် ငါ့ဘက်၌နေ၍ ငါ့ကိုခွန်အားပေးတော်မူ၏။ ခြင်္သေ့၏ခံတွင်းမှလည်း ငါကယ်နုတ်ခံရ၏။
၁၈ သခင်သည် ငါ့ကို ဆိုးညစ်မှုမှန်သမျှမှ ကယ်နုတ်၍ မိမိ၏ကောင်းကင်နိုင်ငံတော်အတွက် စောင့်ရှောက်တော်မူလိမ့်မည်။ ကိုယ်တော်၏ဘုန်းတော် ကာလအစဉ်အဆက် ထင်ရှားပါစေ။ အာမင်။
၁၉ ပြစ်က*နှင့် အာကုလမှစ၍ ဩနေသိဖော်၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးလော့။
၂၀ ဧရတ္တုသည် ကောရိန္သုမြို့တွင် နေရစ်၏။ တရောဖိမ်မူကား ဖျားနာသဖြင့် သူ့ကို မိလက်မြို့တွင် ငါထားခဲ့၏။
၂၁ သင်သည် ဆောင်းမဝင်မီ အရောက်လာရန် အတတ်နိုင်ဆုံး ကြိုးစားလော့။
ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိနှင့် ညီအစ်ကိုအပေါင်းတို့သည် သင့်ကို နှုတ်ဆက်လိုက်ပါ၏။
၂၂ သခင်သည် သင်တို့၏စိတ်နှလုံး၌ရှိပါစေ။ ကိုယ်တော်၏ မဟာကရုဏာသည် သင်တို့နှင့်အတူ ရှိပါစေ။
အောက်ခြေမှတ်ချက်များ
^ “ပြစ်ကိလ” ဟုလည်းခေါ်သည်။